Wednesday, December 19, 2007

ငွေကြာယံရဲ့ အိပ်မက်ဆိုး

စက်တင်ဘာ ၂၆ ရက် ၂၀၀၇ ခုနှစ်
တောင်ဥက္ကလာပ မြို့နယ်
ငွေကြာယံကျောင်းတိုက်

ည ၁၀နာရီ…..

(ဦးသုဒ္ဒရ)

ပြီးခဲ့တဲ့ ၂ ရက်လုံးလုံး ကောင်းကောင်းမကျိန်းစက်ရသေးတာရယ် ဆွမ်းလှုနေကျတကာကြီးတွေထဲက ကိုသူရက အဖမ်းခံရ ကိုကျော်သူလဲ ရှောင်တိမ်းနေရတာကြောင့် တစ်နေ့လုံး ဆွမ်းမဘုန်းပေးလိုက်ရတာရယ် တောက်လျှောက်မိုးမိထားတဲ့ဒါဏ်တွေရယ်ပေါင်းပြီး
ကျုပ်နဲ့တခြားကိုယ်တော်တွေတော်တော်များများတော့အဖျားတက်နေကြပြီလေ

ဒါကြောင့်မနက်ကဆရာတော်ကြီးကတော့ ဖျားနာနေတဲ့ကိုယ်တော်တွေမလိုက်ကြဖို့ပြောသား
ကျုပ်ကလဲမကျေနပ်လွန်းလို့ နယ်ကနေဒီထိ ရောက်အောင်လာခဲ့ပြီးမှ ဖျားတာလေးကြောင့်နဲ့တော့ နားရမှာက ကျုပ်တို့ကိုလက်ခံထားတဲ့ ဆရာတော်ကိုအားနာပါ့ဗျာ
ဒီနေ့တော့ကျုပ်တို့ ပင်ပန်းဆင်းရဲခံရကျိုးနပ်တယ်လို့ပြောရမှာဘဲ လူထုကြီးလဲ တစတစနဲ့ပါလာတယ်လေ ကျုပ်တို့ကိုလဲမျက်ရေလည်ရွဲနဲ့ ထိုင်ထိုင်ပြီးရှိခိုးကြတာဆိုတာ
ငယ်ဖြူဘုန်းကြီးကျုပ်တောင်မျက်ရေမထိန်းနှိုင်တဲ့အထိ
ကျောင်းသားတကာလေးတွေကလဲ ကျုပ်တို့ကိုလက်ချင်းဆက်လို့ စောင့်ရှောက်ပေးကြရှာပါရဲ့
ဘုန်းကြီးကတိပေးပါတယ်တကာ တကာမတို့ရယ်
ဒီ မသမာတဲ့အစိုးရ သံဃာကိုနှိပ်စက်ရဲတဲ့အစိုးရကို ဘုန်းကြီးတို့တစ်သက်ခွင့်မလွှတ်ဘူး
ဆွမ်းရှင်တွေရဲ့စားဝတ်နေရေး ပြဿနာတွေကိုလဲ ဘုန်းကြီးတို့ကြည့်မနေရက်ဘူး
ဒီတော့ဒီလူယုတ်မာတွေကသတ်မယ်ဆိုလဲ ဘုန်းကြီးတို့ဘဲအရင်အသက်ပေးသွားမယ်
အရိုးတွေတောင်လိုပုံမှ ဒီအရေးတော်ပုံ အောင်မယ်ဆိုရင်
ဘုန်းကြီးတို့အရိုးတွေဟာ အောက်ဆုံးမှာဘဲရှိနေစေရမယ်

ဒီလိုနဲ့ ညဥ့်နက်လာတာနဲ့အမျှ အဖျားကလဲပိုပြင်းလာတာနဲ့ အစောပိုင်းက မကွေးကကိုယ်တော်တစ်ပါးလာပေးသွားတဲ့ ကော်ဖီနဲ့ငန်းဆေးကိုအမြန်သောက်ပြီး လဲစရာအပိုလဲမရှိတော့လို့ မခြောက်တခြောက်သင်္ဃန်းနဲ့ဘဲ ကြိုးစားပြီးကျိန်းလိုက်ရတယ်။

ည ၂ နာရီခန့် အချိန်…..

တစ်မှေးလေးရရုံရှိသေး ၀ုန်းကနဲ အပြင်ကကြားလိုက်ရတဲ့အသံကြောင့်
ရုတ်တရက်လန့်နိုးသွားတယ် ကမန်းကတန်းမီးထဖွင့်တော့လဲ မီးကမလာတော့ဘူးလေ
ဘေးကကိုယ်တော်တွေလဲ ဘာဖြစ်နေမှန်းမသိတော့ အမှောင်ကြီးထဲ အထိတ်တလန့်နဲ့ပေါ့ဗျာ
ပထမဆုံးတော့ မှန်ကွဲသံတွေတခွမ်းခွမ်း စကြားရတယ် နောက်တော့ကျုပ်တို့ဘက်က ပြူတင်းမှန်တွေကိုပါခဲတွေလာထိတယ် တုတ်တွေနဲ့လိုက်ရိုက်ခွဲနေတဲ့ အသံတွေလဲကြားနေရတယ် ဒီမှာတင် ဘေးကကျောင်းဆောင်က ကိုယ်တော်တွေရဲ့ ကြောက်လန့်တကြားအော်ဟစ်သံတွေကို ကြားရတော့တာဘဲ

“ ကယ်ကြပါဦးကိုယ်တော်တို့ ဒီမှာဘုန်းကြီးတွေကိုဝိုင်းရိုက်နေကြပါတယ် “
“ အား အောင်မယ်လေး မလုပ်ကြပါနဲ့ မလုပ်ကြပါနဲ့ “
“ ရပ်ကွက်ထဲကတကာတွေကို ပြောပေးကြပါဦး “
“ မင်းတို့ မမိုက်ရိုင်းကြနဲ့နော် “

အဲဒိလိုအသံတွေချက်ချင်းပွက်လောရိုက်သွားတဲ့အချိန်မှာဘဲ ကျုပ်တို့အဆောင်ထဲမှာလဲ နောက်ဘေးပေါက်ပြေးတဲ့ကိုယ်တော်ကပြေး ခုတင်အောက်ဝင်ပုန်းတဲ့ကိုယ်တော်ကပုန်းနဲ့ပေါ့
ဒီအချိန်မှာဘဲ အရှေ့တံခါးမကြီး လဲဝုန်းကနဲပွင့်သွားပြီးတော့
“ နောက်ဘက်ကိုလိုက်ကြ နောက်ကပြေးနေကြတယ် အပြင်မထွက်စေနဲ့ တကောင်မှမလွတ်စေနဲ့ “ လို့အော်ပြီး လူတအုပ်ကြီးဝင်ရောက်လာတယ်

ပြီးတော့ဗျာ ဘာပြောကောင်းမလဲ လက်နှိပ်ဓါတ်မီးတွေထိုးပြီး မြင်မြင်ရာကို ရိုက်တော့တာဘဲ
ကိုရင်ငယ်လေးတွေ ၀ါတော် ရင့်နေတဲ့ သက်ကြီးရွယ်အိုဘုန်းကြီးတွေလဲ မရှောင်ဘူးဗျာ
သူတို့ကိုင်ထားတာတွေက သစ်ကိုင်းတုတ်တွေရော ၀ါးရင်းတုတ်တွေ သံတုတ်တွေရော စုံလို့
ဘုန်းကြီးတွေမလဲ အမှောင်ကြီးထဲ ရုတ်တရက်ဆိုတော့ အလဲလဲအပြိုပြိုပေါ့
သွေးပျက်မတတ်အော်သံတွေကြားထဲ တခွပ်ခွပ်နဲ့ ရိုက်သံတွေကလဲ နားနဲ့တောင်မဆန့်အောင်ဘဲဗျာ တချို့ကိုရင်ငယ်လေးတွေကလဲ
“ မလုပ်ပါနဲ့ဗျာ ကြောက်ပါပြီဗျာ “ လို့ငိုယိုအော်ဟစ်ရင်း အသံတွေရပ်ရပ်သွားတာကြားရတယ်
တခွပ်ခွပ်ရိုက်သံတွေကတော့မရပ်သွားတဲ့အပြင်ပိုတောင်များလာသေးတယ်

ကျုပ်လဲနောက်ဖေးကနေရအောင်ပြေးမယ်ဆိုပြီး ခြုံထားတဲ့စောင်တစ်ထည်ကိုဆွဲ ခေါင်းကိုလုံအောင်ကာ ကိုယ်ပေါ်ကို တဘုန်းဘုန်းနဲ့ကျလာတဲ့ ဒုတ်ချက်တွေအောင့်ခံပြီး အတင်းကိုရုန်းပြေးပါသေးတယ် ဒါပေမယ့်ဆွမ်းမ၀တာနဲ့ ဖျားနေတာနဲ့ ဘယ်ပြေးနှိုင်မလဲဗျာ
ကျောင်းဘေးအကွေ့ ရောက်တယ်ဆိုရင်ဘဲ ကျုပ်မျက်နှာမှာဖျောင်းကနဲဖြစ်ပြီး ပစ်လဲသွားတယ် လဲရာကမော့အကြည့်မှာတော့ ကျုပ်ရဲ့ဘယ်ဘက်မျက်လုံးတည့်တည့်ကို တုတ်တစ်ချောင်းလိုအရာတစ်ခုခု အရှိန်ပြင်းပြင်းနဲ့ ၀င်လာတာကိုနောက်ဆုံးတွေ့လိုက်ရပြီး အားလုံးမှောင်အတိကျသွားတော့တာဘဲ။

(နာရီအနည်းငယ်ခန့်အကြာ…..)

ကျုပ်လန့်နိုးလာတယ် အာခေါင်တွေလဲခြောက်ကပ်နေတယ် တံတွေးတောင်မျိုချလို့မရဘူး ခေါင်းထဲမှာလဲ တစစ်စစ်နဲ့ ထုံကျင်ကိုက်ခဲနေတယ် မျက်လုံးလဲဖွင့်လို့မရဘူး
အဆိုးဆုံးက ဘယ်ဘက်မျက်နှာတစ်ခြမ်းလုံး ထူပိန်းနေအောင်နာကျင်နေတယ်
တကိုယ်လုံးကအကြောတွေလဲသေနေသလိုဘဲ ဘာမှလှုပ်လို့မရတော့ဘူး ဒါနဲ့ အတင်းကြိုးစားပြီးမျက်လုံးဖွင့်ကြည့်တော့မှ တစ်ခုသတိထားမိတယ်
ကျုပ်ရဲ့ဘယ်ဘက်မျက်လုံး ပေါက်ထွက်သွားပြီ မျက်တောင်ခတ်ရင်မျက်လုံးရဲ့ ပိန်ရှုံ့ကျန်နေတဲ့ မျက်အိမ်ကိုသွားထိမိတယ် ရက်စက်လိုက်ကြတာဗျာ

ကျုပ်ကိုယ်ပေါ်မှာလဲ လူတွေအများကြီးပိနေတယ် ဒီအထဲကတိုးတိုးညည်းညူသံတွေလဲကြားနေရတယ်
နောက်ပြီးလူတွေကိုဆွဲဆွဲချသွားတာကိုသိနေတယ် တဖြည်းဖြည်းပေါ့လာတယ်လေ
ဘေးကအသံတွေလဲနားထဲစကြားလာရတယ်

“ ဗိုလ်ကြီး ဒီဘက်မှာအရှင်တွေ များတယ် “
“ ရှင်နေသေးရင်လဲ ရှင်းပစ်လိုက်ကွာ “
“ ဘာမှမကျန်စေနဲ့ “

ဘုရားဘုရား ဒါတကယ်မဟုတ်ပါစေနဲ့ အိပ်မက်ဆိုးဘဲဖြစ်ပါစေလို့ ဆုတောင်းနေမိတယ်
ဆုတောင်းမပြည့်ပါဘူး ဘာလို့လဲဆိုတော့ ကျုပ်ရဲ့ကိုယ်ပေါ်တည့်တည့်ကနေ

“ မလုပ်ပါနဲ့ အကိုတို့ရယ် ကျွန်မအသက်ကိုချမ်းသာပေးကြပါ “
“ ကျွန်မမှာ ကိုယ်ဝန်ကြီးနဲ့ပါ မရက်စက်ကြပါနဲ့ ရှင် “ လို့ကြားလိုက်တယ် တဆက်ထဲဘဲ

“ ဒီကောင်မကိုအရင်ရှင်းပစ်ဟေ့ “ ဆိုတဲ့အသံရဲ့နောက်မှာ

“ အား အား “ ဆိုပြီး နာနာကျင်ကျင် ညည်းညူသံနဲ့အတူ ကျုပ်ကိုယ်ပေါ်မှာလဲ လှုပ်ခတ်သွားတာကိုခံစားလိုက်ရပါတယ် နောက်ထပ်လဲဘာအသံမှမကြားရတော့ဘူး
ပြီးတော့ စူးရှပြင်းထန်တဲ့ ညှော်နံ့တွေကိုလဲသတိထားမိလာတယ်
ဟာ ဒါဆိုရင်…..
မဖြစ်နှိုင်ပါဘူး ….. လုံးဝမဖြစ်နှိုင်ဘူး….. ဒီလောက်တော့လုပ်ရက်ကြမယ်မထင်ပါဘူး…..
မြန်မာတွေဘဲဗျာ….. ဗုဒ္ဓဘာသာတွေဘဲလေ…..

တွေးလို့တောင်မဆုံးသေးဘူး ကျုပ်အလှည့်ရောက်လာပါရောဗျာ

“ ဒီကတုံးကလဲ မသေနှိုင်သေးပါလား “ လို့တစ်ယောက်ကပြောသံကြားတယ်

“ ဆွဲသာထည့်လိုက်ကွာ “ လို့လဲပြောတယ်

ပြီးတော့ကျုပ်ကို ခြေနှစ်ဘက် လက်နှစ်ဘက်ဆီ ကနေဆောင့်ဆွဲလိုက်ကြတယ်
တကိုယ်လုံးစူးကနဲဖြစ်အောင် နာကျင်သွားတယ်ဗျာ
ပြီးတော့ဘုန်းကနဲပစ်တင်လိုက်တဲ့အခါ မီးဖိုပေါ်က ဒယ်အိုးပေါ်ကို ရောက်သွားသလိုဘဲ
လက်တွေခြေတွေကအသားတွေ ရှဲကနဲမြည်သွားတယ်
ကျုပ်လဲနာကျင်လွန်းလို့ အားကနဲ တချက်အသံထွက်လာတယ် ရယ်သံတစ်ချို့သဲ့သဲ့ကြားတယ်

ကျုပ်ကိုတွန်းထဲ့လိုက်ပြီးဂျိန်းကနဲ တံခါးမပိတ်လိုက်ခင်မှာ နောက်ဆုံးတစ်ခုတော့သေချာမြင်လိုက်တာရှိတယ်
ကျုပ်ယုံကြည်ကိုးကွယ်တဲ့ ဗုဒ္ဓဘုရားရှင်ရဲ့ မျက်နှာတော်ကို
မီးတောက်ကြီးတွေကြားထဲမှာ သေချာကိုတွေ့လိုက်ရပါတယ်

( ဖြစ်ရပ်မှန်များအပေါ် အခြေခံ၍ စိတ်ကူးပုံဖေါ်ထားပါသည်
အကြောင်းအချက်မကိုက်ညီပါက ခွှင့်လွှတ်ပေးကြပါရန် တောင်းပန်ပါသည်)

မျိုးချစ်

Twitter Delicious Facebook Digg Stumbleupon Favorites More