Tuesday, May 6, 2008

မပဋာ ဆာရှာလွန်းလို့


အကြင်နာကင်းမဲ့မှုများအနိုင်ကျင့်ရက်စက်မှုများနှင့်ယဉ်ပါးသည်းခံခဲ့ရသောရိုးသားအေးချမ်းသည့် လူမျိုးစုများ ဆင်းရဲနွမ်းပါးစွာ စုပေါင်းနေထိုင်သော ကမ္ဘာမြေကြီးမျက်နှာပြင်ပေါ်မှ နိုင်ငံငယ်လေးတစ်ခုအား မြန်မာနိုင်ငံဟု ကမ္ဘာကသိရှိကြပါသည်။

မြန်မာပြည်သူလူထုသည် အင်္ဂလိပ်လက်အောက်မှ လွတ်လပ်ရေး ရရှိခဲ့ပြီး နှစ်အနည်းငယ်သာ ဒီမိုကရေစီစနစ်အောက်တွင် ရှင်သန်ခဲ့ရပြီး စစ်အာဏာရှင် ဦးနေ၀င်း ခေတ် မှသည် ယခုလက်ရှိ စစ်အာဏာရှင် ဦးသန်းရွှေ လက်အောက်ထိ ဆထက်တန်ပိုး ဆိုးရွား နုံချာ မွဲတေ
ညှိုးငယ်ပျက်စီးရသော ဘ၀များဖြင့် ထမင်းတလုတ်နပ်မှန်ရေးကိုသာ မျက်ပြူးဆံပြာ ရှာဖွေစားသောက်ရင်း အရာရာကိုကြောက်ရွံ့ ညှိုးငယ်စွာ လူဖြစ်ရှုံးနေခဲ့ရသည်မှာ ဆိုဖွယ်မရှိတော့။

ယခုတဖန်လည်း နူရာဝဲစွဲ လဲရာသူခိုးထောင်း ၊ ဝေသာလီပြည် ဘီလူး ၀င်သကဲ့သို့ ကြမ်းတမ်းခက်ထန်သော ရာသီဆိုးသည် အပြစ်မဲ့နွမ်းပါးသူတို့၏ နုံချာသော ဘ၀လေးများအား စိတ်တိုင်းကျ စိမ်ပြေနပြေ ဖြိုခွဲရက်စက်သွားခဲ့ပြန်သည်။


သားပျောက်မိခင်၊ လင်ပျောက်မယား၊ မယားဆုံးခင်ပွန်း၊ မိဘမဲ့ရင်သွေး၊ ငတ်နေရသည့်ကြားထဲ သောက်စရာရေအေးလေးတခွက်ပင် ချို့တဲ့သွားရသော အမိအို အဖအိုတို့၏ မျက်မှောက် အခြေအနေ၊ မနက်ဖြန်အနေအထား … အရာရာတို့သည် ဝေဝါးမှေးမှိန်စွာ…။

လူသားတိုင်းသည် လူပီပီ အတ္တရှိကြသည်။ မာနရှိကြသည်။ အမုန်းတရားရှိကြသည်။ အကြင်နာတရားရှိကြသည်။ ဂရုဏာတရားရှိကြသည်။ မေတ္တာတရားရှိကြသည်။ အကြောက်တရားရှိကြသည်.. စသဖြင့်…။

များပြားလှသော စိတ်ခံစားမှု မနောဖြစ်စဉ်များ အားလုံးလိုလို ဆုံးပါး မတတ်ဖြစ်ကာ ညှိုးငယ်ခြင်း အကြောက်တရားဖြင့် ရွံရှာခြင်းအမုန်းတရားများကိုသာ နှလုံးအိမ် အပြည့် အဘယ်ကြောင့်ခံစားရှင်သန်အသက်နေရပါသနည်း။

ရိုးစင်းသော အဖြေကတော့ ဘ၀ကို ခုံမင်ခြင်း ဖြစ်တည်ခွင့်ကလေးကို မက်မောခြင်းသာဖြစ်ပေတော့၏။

ရိုးသား နွမ်းပါးညှိုးငယ်ရသော အဖြစ်များဖြင့် ရန်သူမျိုးငါးပါး ဘေးကို စက္ကန့် မလပ် ကျရောက် နေကြရသည့် ပြည်သူလူထု သည် ယခုအခါ စားရမဲ့ ၊ သောက်ရမဲ့၊ နေစရာမဲ့ ၊ တွယ်ရာမဲ့ဘ၀များဖြင့် ဖြစ်နေချိန်တွင် တာဝန်မဲ့ အဆင်ခြင်မဲ့သူတို့ ၏ အကျိုးလိုညောင်ရေလောင်း ဟန်ပြ တီဗီဖန်သားပြင် လမ်းလျှောက် အားပေးပြုံးပြ ကူညီမှုဟူသည် သားသတ်ရုံပိုင်ရှင်၏ တွက်ချက်မှု ဟန်ပန် အထင်းသားဖြင့်။

မုန်တိုင်းဆိုးဒဏ်မှ ပြန်လည်ထူထောင်ရေးကဏ္ဍ မဆိုထားနှင့် ကယ်ဆယ်ရှင်းလင်းရေးကိုပင် အလျဉ်မှီအောင် မပြုလုပ်နိုင်သေးသည့်ရက်ပိုင်းအတွင်း တစ်ပြည်လုံး အား စစ်ကျွန်ဘ၀ ထာဝရ ရောက်ရှိရေးကိုသာ သေနတ်ထောက် ကြိုးပမ်းသည့် သွေးစွန်းသော အခြေခံဥပဒေ ဆန္ဒခံယူပွဲ မဲပေးရေးကိစ္စအား ပြည်သူလူထု၏ ဆိုးရွားလှသော ကံကြမ္မာနှင့် ဘ၀အပေါ်အခွင့်ကောင်းယူကာ ဒဏ်ရာပြင်းထန်စွာ ရရှိထားသော နာတာရှည်ရောဂါသည် အဘွားအိုအား လည်မြိုညှစ်ကာ ပွဲသိမ်းအပြီးသတ် အမြတ်ထုတ်လုပ်လိုသည့် လူတစ်စုအတွက် မုန်တိုင်းဆိုးသည် မိတ်ဆွေကောင်းပင်ဖြစ်နေသေးတော့၏။

ယင်တလောင်းလောင်း ၊ ဗိုက်ဟောင်းလောင်း ၊ မျက်လုံးဟောက်ပက်ဖြင့် ဆာလောင်နေရှာသော အပြစ်မဲ့၊ မိဘမဲ့၊ အနာဂတ်မဲ့ ကလေးငယ်တို့၏ မနက်ဖြန်သည်ကား တွေးဝံ့ဖွယ်မရှိ…။

မုန်တိုင်းကတော့ ယုတ်ရိုင်း မောက်မာစွာ သူမဟုတ်သလို နင်းခြေ ထွက်ခွာသွားခဲ့ပြီ….။

အပျက်အစီးပုံတွေကြားက မပဋာကတော့…. သူ့ မျက်ရည်သူသောက်လို့ ငြိမ်သက်စ…. ။
အမှောင်ကာလပေါင်းများစွာအားမြင်နိုင်ပါဦး…ငိုနိုင်ပါဦးတော့မည် လားဆိုသည်ကိုတော့………
လရောင်ကင်းသော ကောင်းကင်မဲမဲပုတ်ပုတ်ကြီးအား မော့ကြည့် အပြစ်တင်နေမည့်…
အမြင်မဲ့ မျက်ဝန်းများထဲတွင်သာ အဖြေရှိပေတော့မည်…။

ကိုမွှေး

(မုန်တိုင်း ဒဏ် ခံရသော ပြည်သူများ ကယ်ဆယ်ရေး အလှူငွေ အတွက်ရေးသားပါသည်။)

မုန်တိုင်းသတင်း


၁။ မြန်မာ အစိုးရ အာဏာပိုင်များက မေ၅ ရက်နေ့က ရန်ကုန်မြို့တွင် နိုင်ငံခြား သံတမန်များ၊ ကုလသမဂ္ဂအဖွဲ့
အစည်းများမှ ပုဂ္ဂိုလ်များကို မုန်တိုင်းဒဏ်ခံရမှု အခြေအနေနှင့် အကူအညီပေးရေး အခြေအနေများကို ရှင်းလင်း ပြော ကြားသည်။
၂။ အစိုးရက ပြည်တွင်း၊ ပြည်ပမှ အကူအညီများကို လက်ခံလျှက်ရှိကြောင်းနှင့် ဆေးဝါး၊ အ၀တ်အထည်၊ မိုးကာ တဲ၊ အသင့် စားသောက်နိုင်သော အစားအစာများ၊ ဆောက်လုပ်ရေးပစ္စည်များ လက်ခံရရှိနေကြောင်း မေ၅ ရက်နေ့ ညသတင်းတွင် ကြေညာသွားခဲ့သည်။
၃။ အစိုးရမီဒီယာများက သတင်းစာ၊ ရုပ်မြင်သံကြားနှင့် ရေဒီယို မှ တရားဝင် ထုတ်ပြန်ချက်များကိုသာ ယုံကြည်ကြရန် နှင့် ကောလာဟလ သတင်းများကို ယုံကြည်ခြင်း မပြုရန် ကြေညာလျှက်ရှိသည်။ ရန်ကုန်တွင် နောက်ထပ်မုန်တိုင်း တိုက်ဦးမည်။ ငလျင်လှုပ်မည် ဆိုသည့် သတင်းများ ပြန့်နှံ့ နေသောကြောင့် ထိုကဲ့သို့ သတိ ပေးခြင်းဖြစ်သည်။
၎။ ရွှေတိဂုံဘုရားသို့ ရောက်ရှိခဲ့သူများက ရွှေတိဂုံ ထီးတော်ပျက်စီးမှုမရှိကြောင်း၊ ဆည်းလည်းများ ပြုတ်ကျမှု ရှိကြောင်းနှင့် ဇရပ်အချို့ အမိုးများ ပျက်စီးသွားကြောင်း ပြောပြကြသည်။
၅။ မေ ၅ ရက်နေ့တွင် ထိုင်း၊ စင်္ကာပူနိုင်ငံများမှ လေကြောင်းလိုင်းများ ရန်ကုန်နိုင်ငံတကာ လေဆိပ်တွင် ပြန်လည်ဆင်းသက်ခဲ့သည်။
၆။ ရန်ကုန်မြို့တွင်းလမ်းများ ပြန်ပွင့်သွားပြီး ဘတ်စ်ကားလိုင်းအချို့ ပြေးဆွဲနေပြီဖြစ်သော်လည်း ဓာတ်ဆီ၊ ဒီဇယ်ဈေးများတစ်ဂါလံ တစ်သောင်းကျော်ဖြစ်နေသဖြင့် ကားခများ ဈေးကြီးနေသည်။
၇။ ရန်ကုန်သို့ ကြက်၊ ဘဲ၊ ကြက်ဥ၊ ဘဲဥများ အဓိကပေးပို့သည့် ရန်ကုန်တိုင်း တောင်ပိုင်း၊ ဧရာဝတီတိုင်းတို့တွင်
ကြက်ခြံ၊ ဘဲခြံများပျက်စီးကုန်သဖြင့် ဘဲဥတစ်လုံး ၃၀၀ ကျပ်အထိ ဈေးတက် သွားသည်။
၈။ ရန်ကုန်မြို့တွင် လေဘေး ကယ်ဆယ်ရေး ဆောင်ရွက်နေသည့် စစ်တပ်များမှာ တပ်မ ၁၁ ၊ တပ်မ ၇၇ တို့ ဖြစ်ပြီး ရဲတပ်ရင်းများလည်း ပါဝင်ဆောင်ရွက်နေသည်။
၉။ မြို့နယ်အချို့တွင် ရေများ စတင်ပေးနေပြီ ဖြစ်သော်လည်း လျှပ်စစ်ဓာတ်အား မရသေးသဖြင့် မီးစက်များဖြင့်
ရေတင်နေရသည်။
၁၀။ စည်ပင်သာယာနှင့် လူမှုရေး အသင်းအဖွဲ့များ၊ ပုဂ္ဂလိက အလှုရှင်များက ရေကားများဖြင့်လည်းကောင်း၊ အ၀ီစိတွင်းများမှ လည်းကောင်း ရေများဖြန့်ဖြူးပေးနေသည်။
၁၁။ ရန်ကုန်မြို့တွင်းသို့ ၀င်ရောက်သည့် လမ်းများပွင့်သွားပြီဖြစ်သောကြောင့် ဘုရင့်နောင်နှင့် သီရိမင်္ဂလာဈေး တို့သို့ ကုန်များ စတင် ဝင်ရောက်နေပြီဖြစ်ကြောင်း ကုန်သည်များမှ ပြောကြားခဲသည်။
၁၂။ မြန်မာ့ရုပ်မြင်သံကြားမှ ဟိုင်းကြီးကျွန်း၊ ဘိုကလေးမြို့တွင် ရဟတ်ယာဉ်များဖြင့် ကယ်ဆယ်ရေး ပစ္စည်းများ
ပို့ဆောင်မှုများကို ပြသသွားသည်။ ရုပ်သံပြကွက်များအရ ဟိုင်းကြီးကျွန်းနှင့် ဘိုကလေးမြို့များ ပျက်စီးမှုပမာဏ
အလွန်များပြားသည်ကို တွေ့ရသည်။

Twitter Delicious Facebook Digg Stumbleupon Favorites More