Tuesday, October 2, 2012

" မိဘ မဲ့ နေတဲ့ မြန်မာပြည် "




ခုတစ်လော FB နဲ့ အင်တာနက် စာမျက်နှာတွေပေါ်မှာ မြန်မာအများစုက သမ္မတကြီး ဦးသိန်းစိန် နဲ့ ဒေါ်အောင်ဆန်းစုကြည် တို့ရဲ့ အပေါ် သိသိသာသာ ပြောင်းလဲလာတဲ့ ရပ်တည်မှုတွေကို သုံးသပ်မိရင်း မြင်လာတဲ့ အချက်တွေကို ထောက်ပြချင်ပါတယ်။

လောလောဆယ် မြင်နေတဲ့ထဲက အဓိက အားကောင်းနေတဲ့ ငြင်းဆိုမှု တစ်ခုကတော့ ...

ဒေါ် အောင်ဆန်းစုကြည် ကို ထောက်ခံရင် သမ္မတကြီး ကို မထောက်ခံရဘူး ..
သမ္မတကြီး ကို ထောက်ခံရင် ဒေါ်အောင်ဆန်းစုကြည် ကို မထောက်ခံရဘူး .. လို့ အခြေခံထားတဲ့ ..

" ဖက်ရွေးချယ်ရပ်တည်မှု " လို့ လွယ်လွယ်ပြောလို့ရတဲ့ စိတ်သဘောထားတွေကိုဆိုလိုပါတယ်။

အဲ့ဒိလို တစ်ဖက်ထဲက အမြဲရပ်ဖို့ ခံယူတာက မှ ပြတ်သားပြီး သစ္စာရှိတဲ့ ခံယူချက် ဖြစ်တယ် လို့ ယုံကြည်နေခြင်းဟာ ဗုဒ္ဓဘုရားရှင်သာမက ဘုရားရှင် အားလုံးရဲ့ အဆုံးအမတွေနဲ့ လုံးဝ လွဲချော်နေတယ်ဆိုတာ မသိတဲ့ သူတွေကလဲ ခုချိန်ထိတောင် အရမ်းများနေပါသေးတယ်။

ပိုဆိုးတာက အဲ့လို လွဲမှားမှု ကို အထူးတွန်းအားပေးနေတဲ့ ရန်/ငါ စည်းပြတ်ရမယ် ဆိုတဲ့ မှန်သယောင်နဲ့ အစွန်းရောက်နေတဲ့ အစွဲတစ်ခုဟာလဲ နိုင်ငံရေး/တော်လှန်ရေး သမားလို့ ကိုယ့်ဘာသာခံယူထားသူတွေ ရဲ့ ခေါင်းတွေထဲမှာ ခိုင်မာစွာ ရှိနေသေးတာပါဘဲ။

ဒီလို လူတွေကို မေးခွန်းတစ်ခုမေးချင်မိပါတယ် ...

တရားရုံးတစ်ခုမှာ ပေါ့ ...
အားနည်းတဲ့ ဖက်ကဘဲ အမြဲ ရပ်ပေးတဲ့ တရားသူကြီး နဲ့ ..
အားသာတဲ့ ဖက်ကဘဲ အမြဲ ရပ်ပေးတဲ့ တရားသူကြီး .. နှစ်ဦး မှာ
ဘယ်တရားသူကြီးက ပိုပြီး သီလ သစ္စာ သမာဓိ ရှိတယ် ၊ တရား မျှတ မှန်ကန်တယ် ထင်ပါသလဲ။

.....

:)

.....

အဖြေမှန်က အဲ့ဒိ တရားသူကြီး နှစ်ယောက်လုံး တရား မျှတ မှန်ကန်မှုရော သီလ သစ္စာ သမာဓိ ပါ ဘာမှ မရှိပါဘူး။

တရားသူကြီးဟာ ဘယ်တော့မှ ဘာအကြောင်းနဲ့ မှ တရားလို ရော တရားခံ ဖက်ကပါ ပုံသေ အမြဲ ရပ်ပေးခွင့်မရှိပါဘူး။
သူ့တာဝန်ဟာ တရားဥပဒေ ရဲ့ စည်းမျဉ်းဘောင်အတွင်းကနေ အမှန်တရားဖက်ကဘဲ ရပ်ပေးရမှာသာဖြစ်တယ်။
ဒီတော့ သူဘယ်ဖက်ကရပ်ပေးရမယ်ဆိုတာ အမြဲတမ်း ပုံသေ မရှိသလို ရှိလို့လဲ မရပါဘူး။

အဲ့ဒိလိုပါဘဲ ..

တိုင်းပြည်ရေး နိုင်ငံရေး နဲ့ ပါတ်သက်လာရင် ထောက်ခံဖို့ ပါတီ သို့မဟုတ် ခေါင်းဆောင် ပုဂ္ဂိုလ် ရွေးချယ်တဲ့အခါမှာလဲ လူတိုင်းဟာ တရားသူကြီး တစ်ဦးရဲ့ စိတ် ထားနိုင်ရမယ်။

ပါတီ ခေါင်းဆောင် သို့မဟုတ် ကိုယ်စားလှယ် တဦးချင်းစီ ရဲ့ ..
လုပ်ဆောင်မှု စွမ်းရည် ..
အပြော နဲ့ အလုပ် ညီမျှမှု ..
သီလ သမာဓိ စေတနာ မှန်ကန်မှု .. ဆိုတဲ့ အချက်တွေ အားလုံး ပေါ်မှာ မူတည်ပြီးမှသာ တကယ်မှန်ကန်တဲ့ဖက်ကအမြဲ ပြောင်းလဲ ရပ်တည်ပေးနိုင်ရမှာဖြစ်ပါတယ်။
အဲ့လို ရပ်လိုက်တိုင်းမှာလဲ မိမိ စိတ်ထဲမှာ မိမိ ရပ်တည်မည့်ဖက်သည် အကြွင်းမဲ့ မှန်ကန်ကြောင်းကို ရိုးသားစွာ ယုံကြည်နေရပါမယ်။

ဒီမှာ မေးစရာ တစ်ခုရှိလာပါတယ်နှစ်ဖက်လုံးက (မှန်နေရင် / မှားနေရင်) ရော ဆိုတာပေါ့အဖြေက ခက် မယောင်နဲ့ လွယ် ၊ ရှုပ် မယောင်နဲ့ ရှင်းပါတယ်

မှားနေရင် ..

နှစ်ဖက်လုံး ကို အပြစ်ဒါဏ် ပေးရမှာပေါ့ ..
ပြီးမှ မှားနေတာကို နှစ်ဖက်လုံး တကယ်လက်ခံပြီး ကျေလည်တဲ့အထိ ဆွေးနွေး ညှိနှိုင်းပြီး ပြေလည်တဲ့ထိ ပူးပေါင်း ဆောင်ရွက်ခိုင်းရမှာပေါ့။

မှန်နေရင် ..

နှစ်ဖက်လုံးကို မှန်ကန်တဲ့အကြောင်း ချီးကျူးထောပနာအရင်ပြုရမှာပေါ့ ..
ပြီးမှ နှစ်ဖက်လုံး ကို ဘယ်နေရာလေးမှာ သူတို့ စပြီး ကွဲလွဲသွားတယ်ဆိုတာကို ပြန်သိအောင် အသေးစိတ် နောက်ပြန် ပြန်စဉ်းစားဆန်းစစ်ခိုင်းပြီး အဲ့ဒိလို အမှားမျိုးလေးကို နောက်တစ်ခါ ရှောင်ကြဉ်တတ်အောင် သင်္ခန်းစာ ယူခိုင်းရမှာပေါ့။

အဲ့ဒိလိုပါဘဲ

နိုင်ငံရေးမှာလဲ မိမိ ဟာ အတိုက်အခံ အဖွဲ့အစည်း နှစ်ဖက် ကြားထဲမှာ ရောက်နေရင် ကြားညပ်နေပြီ ဆိုတဲ့ စိတ်မျိုး မဝင်ပါစေနဲ့။
မိမိရပ်တည်ချင်တာ အဲ့ဒိ အဖွဲ့အစည်းတွေ ကိုယ်စားလှယ်တွေ ရဲ့ ဖက်ကမဟုတ်ဘူးဆိုတာ အရင်ဆုံးသတိရပါ။

မိမိရပ်တည်ရမှာ တိုင်းပြည်နဲ့ ပြည်သူတွေ ရဲ့ ဖက်က တစ်ခုထဲ ဆိုတာကို သေချာ မြင်အောင် ကြည့်နိုင်သွားတဲ့အခါ ..
အရင်ကရှိနေတဲ့ မီးခိုးရောင်နယ်မြေ တွေ အားလုံး အတွေးမြင်ကွင်း ထဲမှာ ပျောက်ကွယ်သွားပြီး ကိစ္စ ပြသနာတစ်ခုချင်းဆီ ပေါ်မှာ မူတည်ပြီး မှန်ကန်တဲ့ဖက် က ဘယ်ဖက်လဲဆိုတာ သူ့ဘာသာ အဖြူ နဲ့ အမဲ ထင်းကနဲ ပေါ်လွင်လာမှာပါ။

လောကမှာ ဘာတွေဖြစ်နေနေ တစ်ဖက်ထည်းက အမြဲရပ်မယ်ဆိုတဲ့ စိတ်ဟာ မှန်ကန်တဲ့ သစ္စာတရား နဲ့ ရပ်တည်ခြင်း မဟုတ်ပါဘူး။

မိမိ နှစ်သက်ပြီးသားဖက်ကလိုက်ပြီး အတ္တ နဲ့ တစ်ဖက်သတ် ကာဆီးဖုံးကွယ်ခြင်း သာဖြစ်ပါတယ်။

ဦးသိန်းစိန် ဘာတွေဘဲ ကောင်းတာလုပ်လုပ် သူက စစ်ဖက်ကလာတာမို့ သူတည်တဲ့ ဘုရားတောင် ဦးမချဘူး ..
ဦးသိန်းစိန် ဘာတွေ ကောင်းတာလုပ်လုပ် ငါတို့ကတော့ ဒေါ်အောင်ဆန်းစုကြည် လူဖြစ်တဲ့အတွက် ဦးသိန်းစိန် ကို လုံးဝ အသိအမှတ်မပြုဘဲ ရှုံ့ချ ပျက်ရယ်ပြုရမယ် ..
ဆန့်ကျင်ရမယ် .. ဆိုတဲ့ အတွေးအခေါ်ကို လက်ကိုင်ထားမယ်ဆိုရင် သင်ဟာ အင်မတန် မိုက်မဲပြီး အတွေးအခေါ်နိမ့်ကျသူသာ ဖြစ်နေပါလိမ့်မယ်။

(ဒီနေရာမှာ စကားဥပမာ အနေနဲ့ ပြောခြင်းသာဖြစ်ကြောင်း သတိချပ်စေလိုပါတယ်)

ဒီကနေ ဆင့်ပွားပြီး ဆက်တွေးမယ်ဆိုရင်

ဒေါ်အောင်ဆန်းစုကြည် က လွဲပြီး လောကမှာ တစ်ခြား သူ့လို မှန်ကန်စွာ တွေးခေါ်တတ်သူမရှိနိုင်ဘူး။
ဒေါ်အောင်ဆန်းစုကြည် တစ်ဦးတည်းကိုသာ မျက်စေ့စုံမှိတ်ပြီး အသက်ပေး ကိုးကွယ်သွားမယ်ဆိုတဲ့ စိတ်ဟာလဲ ထိုနည်းတူစွာ အစွန်းရောက် မိုက်မဲခြင်းသာဖြစ်ပါတယ်။

ရင့်ကျက်ပြီး စစ်မှန်ပြည့်ဝတဲ့ နိုင်ငံရေးအတွေးအခေါ်မှာ ခုလို ပုံသေမူဝါဒတွေ မရှိရပါဘူး။

ဒါကို အမေစု ကိုယ်တိုင်လဲ အာပေါက်မတတ်ပြောနေတာ နှစ်ပေါင်းလဲ မနည်းတော့ပေမယ့် မြန်မာ လူမျိုးများ ဟာ ပုဂ္ဂလိက ခံစားချက်နဲ့ ပုဂ္ဂိုလ်စွဲ အဖွဲ့စွဲတွေ က နေ မကျွတ်နိုင်ကြသေးတာဟာ အမိနိုင်ငံတော်ရဲ့ အနာဂါတ်လမ်းမမှာ ကြိမ်ဖန်များစွာ အနှာက်အယှက် ပေးလာမယ့် ဆူးညှောင့်ခုလုပ်တွေ ဖြစ်လာတော့မယ်ဆိုတာကို လေးနက်စွာ သတိပေးလိုပါတယ်။


ခုဆိုရင်လဲ သမ္မတ ကြီး နိုင်ငံခြားက ပြန်လာတဲ့အခါ သွားကြိုကြတဲ့ ..
ပြည်သူတွေ ကို ..
ဝန်ထမ်းတွေကို ..
အနုပညာသမားတွေကို .
နိုင်ငံရေးသမား ဆိုသူတွေက ..
ထုံးစံအတိုင်း မျက်နှာလဲ မပြ အမည်ရင်းလဲ မသုံးဘဲနဲ့ အမျိုးမျိုး အဖုံဖုံ ဆဲဆိုနေကြတာတွေ စဉ်ဆက်မပြတ် ကြားနေရတာ အားလုံးလဲ သိပြီး တွေ့ပြီး ကြားပြီး ဖြစ်ပါလိမ့်မယ်။

ပထမ ဆုံး တစ်ချက် သိထားရမှာက ..
ဒေါ်အောင်ဆန်းစုကြည် ကို ဘာကြောင့်မဆို ချစ်လို့ လေးစားလို့ သွားရောက်တွေ့ဆုံခဲ့ ဂါရဝ ပြုခဲ့မိဖူးရင် သမ္မတကြီး ဦးသိန်းစိန် သို့မဟုတ် အစိုးရပိုင်းက လူကြီးသူမ တစ်ဦးဦးကို လေးချစ်ခင်နှစ်သက်ခြင်းဆိုတာ မထုတ်ဖေါ် မပြသ ရတော့ဘူးလို့ ဘယ်လိုမှ ဆက်စပ်တွေးခေါ်စရာ အကြောင်းမရှိပါဘူး။

နိုင်ငံရေးဟာ ဘာသာတရား ထက်တောင် ပိုလွတ်လပ်ပါသေးတယ်။
ဘာသာတရားမှာတောင် ဘာသာမတူတဲ့ အိမ်ထောင်တစ်ခုမှာ မိရိုးဖလာ နှစ်ဘာသာလုံး ကိုးကွယ်ပိုင်ခွင့် ရှိသေးတာဘဲလေ။

ဒါမျိုး မရင့်ကျက်တဲ့ ကလေးကလား အတွေးအခေါ်ကို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်လဲ ဘယ်တော့မှ လက်ခံအားပေးမှာ မဟုတ်ပါဘူး။

နိုင်ငံရေး အမျိုးသားရေး နဲ့ ပါတ်သက်တဲ့ ခံစားမှုကို တလင်တမယား စနစ်နဲ့ ရောပြစ်လို့ မရပါဘူး။
တစ်ဦးတစ်ယောက်ကို လေးစားယုံကြည်မိပြီးရင် ကျန်တဲ့သူတွေကို အကုန် ဆန့်ကျင် တိုက်ခိုက် ဖိနှိပ် ရမယ်ဆိုတာ ဘာသာမဲ့ ဒိဌိတွေရဲ့ စရိုက်ပါ။

ဒီနေရာမှာ ပြည်တွင်းပြည်ပ က အစိုးရ ဆန့်ကျင်သူများ ပြန်နားစွင့်လေ့လာထားရမယ့် တစ်ချက်က ..
Popularity Vote လို့ခေါ်တဲ့ ပြည်သူတွေရဲ့ နှစ်သက်အားပေးခြင်း မဲ အရေအတွက်မှာ ဦးသိန်းစိန် ဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ရင်ဘောင်တန်းနိုင်နေတဲ့ အနေအထားကို ၂၀၁၂ နှစ် နှစ်ဦးပိုင်းအတွင်းမှာထဲက ခိုင်မာစွာ ရောက်ရှိရပ်တည်နေခဲ့ပြီးပြီဆိုတာပါဘဲ။

ဒါကို Internet မှာ Google မှာ Research လုပ်လို့မရပါဘူး။
ဘယ် တက္ကသိုလ်က ပါမောက္ခ ကိုမှလဲ မေးလို့မရပါဘူး။
အမှန်ဆုံး နဲ့ အမြန်ဆုံး အဖြေကိုလိုချင်ရင် မြန်မာပြည် လမ်းမတွေပေါ်က ပြည်သူတွေ ဆင်းရဲသားတွေ ကို ခုချက်ချင်း သွားမေးကြည့်လိုက်ပါ။
သူတို့ အားလုံးနီးပါး တညီတညွတ်ထဲ သမ္မတကြီး ကို ခု သူတို့ဘယ်လောက် ချစ်နေကြပြီဆိုတာ ပြောပြပါလိမ့်မယ်။
တစ်ချိန်ထည်းမှာဘဲ ဒေါ်အောင်ဆန်းစုကြည်ကိုလဲ သူတို့ ဘယ်လောက်ချစ်ကြောင်း ပြောပြပါလိမ့်မယ်။
ဒီလူတွေဟာ ဘာနဲ့မှ လာဘ်ထိုးခံထားရတဲ့သူတွေ မဟုတ်ပါဘူး။
ဘာမှိုင်းမှ မိနေတဲ့သူတွေလဲ မဟုတ်ပါဘူး။
သာမန်တွေးတောစဉ်းစားဥာဏ်အဆင့်ထက် မနိမ့်တဲ့ သာမန်ပြည်သူတွေပါဘဲ။

ဒါဟာ ဘာလို့ ဆိုတာကလဲ သမ္မတကြီး သိပ်တော်လို့ သိပ်ကောင်းလို့ ဆိုတာတွေကြောင့် မဟုတ်ပါဘူး။

ဒါကို ကျွန်တော် လေ့လာထားသလိုဘဲ ရိုးသားစွာ ရှင်းပြပါရစေနော် ။
အချိန်တော့ နည်းနည်းပေးပါလို့ မေတ္တာရပ်ခံပါတယ်။

သနားစရာကောင်းလွန်းလှတဲ့ မြန်မာပြည်သူတွေဟာ
လွန်ခဲ့တဲ့ နှစ် ပေါင်း ၆၀ ကျော်လုံးလုံး ..
မသာယာတဲ့ အိမ်ထောင်စုတစ်ခုမှာ အမြဲတမ်း အနှိပ်စက် အကန်ကျောက် ခံနေခဲ့ရတဲ့ ..
ဘယ်တုန်းက မှ မျက်နှာကောင်းမရ အချစ်မခံရ အကြင်နာနဲ့ နွေးထွေးငြင်သာစွာ ဆက်ဆံခြင်းကို မခံခဲ့ရ တဲ့ ..
မိဘမဲ့ မွေးစားကလေးတွေလို ဖြစ်နေခဲ့ပါတယ်။

သူတို့ဟာ မိဘ နဲ့ တူတဲ့ အစိုးရ ဆိုတာကို ဘယ်တုန်းကမှ မပိုင်ဆိုင်ခဲ့ဖူးကြရှာတာပါ။

သူတို့ဟာ တခြား ကလေးတွေ (တခြားနိုင်ငံတွေက ပြည်သူတွေ) လို ..
သူတို့ရဲ့ မိဘရင်း ဖြစ်တဲ့ အစိုးရ ကို အားရပါးရ ချစ်ခင် အားကိုးချင် နေခဲ့ကြရှာတာပါ။
သူတို့ မှာ အဲ့ဒိလို ချစ်ပြခွင့် ဘယ်တုန်းကမှ မရခဲ့ဖူးကြရှာပါဘူး။
ရခွင့်လဲ အရင် အစိုးရတွေက ဘယ်တုန်းကမှ မပေးခဲ့ဘူးလေ။
ခလေးတွေ ဘာလိုချင်လဲ ဆိုတာ သိနေရက်နဲ့ ..
ညှာတာမှု နဲ့ အလိုလိုက်ပြီးဖြစ်ဖြစ် ..
ခဏလေးဘဲ ဟန်ဆောင်ပြီး ဖြစ်ဖြစ် ..
တစ်ခါလေးတောင် မကြင်နာပြခဲ့ကြပါဘူး။
သူတို့ရဲ့ ခံစားချက်တွေကို ရက်စက် ပြောင်တင်းစွာဘဲ ဥပေက္ခာပြုခဲ့ကြပါတယ်။

ဒါပေမယ့် မေတ္တာတရားကြီးမားလွန်းတဲ့ မြန်မာ လူမျိုးတွေဟာ တွေဟာ အစိုးရ (ခေါင်းဆောင်) ရဲ့ မေတ္တာကို အင်မတန် ငတ်မွတ်နေလွန်းတော့ သူတို့ကို ဘယ်လောက်ဘဲ ဆိုးရွား နှိပ်စက်ကလူပြုခဲ့ပါစေ ..
ဘယ်လောက် နာကျင် မောပန်း ငိုကြွေး ခဲ့ရပါစေ ..
ခါးသီးလွန်းတဲ့ ကြားထဲကလဲ ဘယ်တုန်းကမှ မရခဲ့တဲ့ အစိုးရရဲ့ မေတ္တာကို တိတ်ဆိတ်စွာ ခိုးပြီး မျှော်လင့်မိနေကြဆဲပါ ဆိုတာကို တစ်ချက်တစ်ချက် လှစ်ကနဲပေါ်လာတဲ့ အချိန်လေးတွေ မှာ ထင်ရှားစွာ ပြသခဲ့ကြရှာတာ ရင်နာစရာအရမ်းကောင်းတဲ့ မြန်မာပြည်သူတွေ ရဲ့ ဘဝတွေပါဘဲ။

သူတို့ တစ်သက်မှာ တစ်ခါမှ သက်ရှိထင်ရှား မမြင်ဖူးလိုက်တဲ့ ..
တိုင်းပြည်ကို လွတ်လပ်ရေးရအောင် ယူသွားပေးတဲ့ ဗိုလ်ချုပ်အောင်ဆန်းဆိုတဲ့ ပုဂ္ဂိုလ်ကြီးကိုတောင် ..
စုတ်ပြတ်နေတဲ့ ငွေစက္ကူလေးတွေက တဆင့် ..
ဟောင်းနွမ်းနေတဲ့ ရုံးခန်းတွေရဲ့ ဓါတ်ပုံလေးတွေကနေတဆင့် ..
ခြစားသွားတဲ့ စာမျက်နှာလေးတွေကနေတဆင့် ..
စိတ်ထင်နဲ့ ဝိုးတဝါး ခန့်မှန်းပြီး ချစ်ခင်ကြည်ညိုနေခဲ့ကြရရှာတာပါ။

ဘာလို့လဲ ဆိုတော့ ဗိုလ်ချုပ်ဟာ မြန်မာပြည်သမိုင်းမှာ တစ်ဦးတည်းသော ..
ပြည်သူတွေကို တစ်ကယ် ချစ်ပြခဲ့တဲ့ ..
ပြည်သူတွေရဲ့ မေတ္တာကို တကယ် ရရှိခဲ့တဲ့ ..
ပြည်သူတွေကလဲ တကယ် ယုံကြည် ချစ်ခင်လေးစားခဲ့တဲ့ ..
ပထမဆုံးနဲ့ နောက်ဆုံးသော ..
ပြည်သူတွေရဲ့ ခေါင်းဆောင် ဖခင် တစ်ဦး ဖြစ်နေခဲ့လို့ပါဘဲ။

မြန်မာတွေဟာ တိုင်းပြည်ရဲ့ အနစ်မွန်းဆုံး အချိန်တွေ တိုင်းမှာ ဗိုလ်ချုပ်အောင်ဆန်းလိုမျိုး ဘွားကနဲ အိပ်မက်ဆန်စွာ ပေါ်လာမယ့် သူရဲကောင်းတစ်ဦး ကို နှစ်ပေါင်းများစွာ ကျိတ်မှိတ်မျှော်လင့်နေခဲ့ရရှာတာပါ။
အဲ့ဒိလိုဘဲ ၈၈ မှာ သူတို့ အကြီးအကျယ် မျှော်လင့်ခဲ့ကြတာက ဗိုလ်ချုပ်ရဲ့ သားအကြီး အောင်ဆန်းဦး ..
တကယ် မထင်မှတ်ဘဲ ရောက်လာတာက သမီးငယ် ဒေါ်အောင်ဆန်းစုကြည် ..
ဒါပေမယ့် မြန်မာတွေမှာ ချေးများပြီး ရွေးချယ်နိုင်ချိန်တောင်မရတော့ဘဲ ပူပူနွေးနွေး ရောက်လာတဲ့ တစ်ခုတည်းသော သက်ရှိ ကောက်ရိုးမျှင်လေးကို တစ်တိုင်းပြည်လုံးက ဘဝရော အသက်တွေရော ပုံပြီး ကို ယုံပစ်လိုက်ကြတာ (၂) နှစ်အတွင်း ဖြစ်လာတဲ့ ၉၀ ခုနှစ် ရွေးကောက်ပွဲရလာဒ်တွေက သက်သေခံနေပါတယ်။

ဒီနေရာမှာ စကားစပ်မိလို့ ကျွန်တော် မြန်မာတွေ ကို အရမ်းသနားသွားမိတဲ့ .. တစ်သက်လုံး ဘယ်တော့မှ မေ့လို့မရတော့တဲ့ မိနစ်ပိုင်း အချိန်လေး တစ်ခုကို ထည့်ပြောပါရစေ။ ..

၂၀၀၇ ခုနှစ် စက်တင်ဘာလ နှောင်းပိုင်း သံဃာ့ အရေးအခင်းတွေ စ အဖြိုခွဲခံရတဲ့ ညပိုင်းတွေပေါ့ ..

ကျွန်တော် က Blog စရေးကာစ နိုင်ငံ့သတင်းကို နာရီတိုင်း မိနစ်တိုင်း စိတ်တက်ကြွစွာ မအိပ်မနေ နားစွင့်နေ တင်ပြနေဆဲ အချိန်တွေ ..
အဲ့ဒိမှာ သတင်းတွေက ညဖက်မှာ အင်တာနက်ကို ဝင်လာတုန်းက နေ့လည်က မြို့ထဲမှာ ဘယ်နှစ်ယောက်သေသွားတယ် ..
ညနေဖက် ဘယ်ဘုန်းကြီးကျောင်းတွေ ကို စစ်သားတွေ လာဝင်ဖျက်သွားတယ် လာရိုက်သွားတယ် လာဖမ်းသွားတယ် ..
ခု ဘယ်မှာ လာဖမ်းနေပြီ .. ဘာညာ .. ဆိုတော့ On Line ပေါ်က ကြားရသူ ဖတ်ရသူ မြန်မာတွေမှာ ငိုကြီး ချက်မ နဲ့ပေါ့ ..၊

အဲ့ဒိထဲ ကျွန်တော်လဲ ရှေ့ဆုံးက ပါပါတယ်။
ကိုယ်တွေက နဂိုထဲက မှ မျက်ရေ က လွယ်ပါဘိသနဲ့ .. အဲ့လိုမျိုး တွေ ကြားလိုက်ရင် လူက ဖျတ်ဖျတ်မလူးယုံတမယ် ကျန်တော့တာလေ။

ဒီမှာတင် မြန်မာတွေဟာ ထုံးစံအတိုင်း စစ်သားတွေ ရဲတွေ လုံထိန်းတွေ ကို ဆွေစဉ်မျိုးဆက် ၇ ဆက် လုံးလုံး မအေ နှမ ဘိုးဘွားက အစ မြေးမြစ်တီတွတ် အဆုံး သူတို့ ပိုင်သမျှ အင်္ဂါပစ္စည်း ရှိသမျှ အကုန် တတ်ပြီး ဆဲနည်းကျမ်းကြီး ပြုစုလို့ရအောင် ကို ဆဲကြတော့တာဘဲဗျို့ ...
မြန်မာစကား မှာ အဲ့ဒိလောက် ပက်ပက်စက်စက်ဆဲလို့ရတဲ့ စကားလုံးတွေ နည်းပညာတွေရှိမှန်းကို တောင် အဲ့ဒိတော့မှ တကယ် သိခွင့်ရခဲ့တာပါ။

ဆဲမှာပေါ့ဗျာ ကိုယ် ကိုးကွယ်တဲ့ ဘုန်းကြီးတွေ ကို ရိုက်သတ် တာ ခံနေရပြီ ဆိုတော့ လူဘဲဗျာ ဝမ်းမနည်းဘဲနေမလား။
အစကတော့ အံတွေကြိတ် တောက်တွေ ခေါက် နဲ့ ပေါ့ ..
နောက်တော့ ဘယ်လိုမှ ထိန်းမရတော့ဘဲ တပေါက်ပေါက် နဲ့ ကျလာတဲ့ မျက်ရေတွေ ဆိုတာ မပြောနဲ့တော့။
အဲ့ဒိရက်ပိုင်းက တစ်ကမ္ဘာလုံးမှာ မြန်မာတွေကြောင့် Tissue Paper တွေတောင် ပြတ်မသွားတာကံကောင်းတယ်မှတ်။

ဒါ တွေက မသိလိုက်တဲ့သူတွေ သိအောင် မြင်သာအောင် ပြောပြတာပါဗျာ။
ဒါတွေက ထူးဆန်းတာတော့ မဟုတ်ပါဘူး။
ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုး ဘဲ လူတိုင်း ချစ်တတ် နာတတ် ဝမ်းနည်းတတ်ကြတာပေါ့ မဟုတ်ဘူးလား။

အဲ .. ထူးဆန်းတာက နောက် တစ်နာရီလောက်မှာ စတာဗျ ..။

ရုပ်တရက် ကြားဖြတ်သတင်းဆိုပြီး ဝင်လာတယ်။

" မန္တလေးတိုင်း လေတပ်နဲ့ ကြည်းတပ်က တပ်မ တစ်ချို့က အာဏာ ဖီဆန်တယ်ဆိုပြီး ရန်ကုန်နဲ့ ပျဉ်းမနား ဖက်ကို တိုက်လေယဉ်တွေ စလွှတ်လိုက်ပြီ " .. တဲ့။

" ရန်ကုန်ကိုလဲ တပ်မ (**) က စစ်ကားတွေ အများကြီး လာနေပါပြီ " ဆိုပြီး ခုနောက်ပိုင်း ကောလဟာလတွေ အင်ထုများတယ်လို့ နာမည်ကြီးတဲ့ သတင်းဌာန တစ်ခုက အချိန်နှင့် တပြေးညီ ဆိုပြီး ဖွလိုက်ပါကရောဗျ ..

လားလား ..
အဲ့ဒိ မိနစ်ပိုင်းကလေးမှာ ကျွန်တော် တို့ မြန်မာတွေရဲ့ အင်မတန် ချစ်စရာ သနားစရာကောင်းတဲ့ ရိုးသားမှု အားကိုး ယုံကြည်လွယ် မှု တွေ အပြင် သူတို့ ရင်ထဲမှာ နှစ်ပေါင်းများစွာ ကိန်းဝပ်နေခဲ့တဲ့ စစ်တပ်ကို အားကိုးချင်နေတဲ့ စိတ်တွေ ဆိုတာ ရေမွှာပေါက်သလို ဘွမ်းကနဲ ကို ပွင့်ထွက်လာတော့တာပ။

ခုဏလေးတင်ဘဲ မအေ **  နှမ **  စစ်သားတွေ လို့ စစ်တပ်ကိုရော အချင်းချင်းရော အော်ဟစ်ဆဲဆိုနေတဲ့သူတွေ အားလုံး ချက်ချင်းကြီး ဆေးကြိမ်လုံးနဲ့ ဇော်ဂျီတောင်ဝှေးနဲ့ တို့လိုက်သလို ညီညွတ်စွာ ပြောင်းလဲ သွားပါတော့တယ်။

ဟာ တစ်ခါထဲ .. မအေ ** စစ်သားတွေ ပြောနေတဲ့သူတွေကဘဲ ချက်ချင်း ဒါမှ ငါတို့ တပ်မတော်သားတွေကွ ဆိုပြီး ဖြစ်ကုန်ပါရော။

(ဒို့ဗမာ တွေရဲစွမ်းပြမည် အာဇာနည်ပြီပြီ) ဆိုပြီး အော်သူကအော် ..
(ပြည်သူချစ်တဲ့ မန္တလေးလေတပ် နဲ့ တပ်မ (**) က တပ်မတော်သားတွေ ကျမ္မာပါစေ ချမ်းသာပါစေ) ဆုတောင်းတဲ့သူတွေကတောင်း .
နိုင်ငံတော် သီချင်း (ကမ္ဘာမကြေ) ကို စာသားတွေချည်း ထရေးတဲ့သူကရေး ...
သီချင်း လင့်တွေ ရှာတင်တဲ့သူကတင်နဲ့ ..
စိတ်ထဲ ဒုတိယအကြိမ် လွတ်လပ်ရေးတောင်ရသွားပြီလား အောက်မေ့ခဲ့ရတယ်ဗျာ .. တကယ်ပါ။

၈၈ တုန်းက စစ်သားတွေ ပထမ ဆုံး ဆန္ဒစပြတဲ့ နေ့လိုပါဘဲ။
ပြန်တွေးတိုင်း ကြက်သီးတွေတောင် ထမိပါသေးရဲ့။
အနီးအနားမှာသာဆိုရင် ငယ်ငယ်တုန်းက တပ်မတော်နေ့ TV မှာ လာတဲ့ထဲကအတိုင်း မကြီးမငယ်နဲ့ သပြေပန်းတွေတောင် သွားကမ်းချင်စိတ် တဖွားဖွားပေါက်မိပါရဲ့ဗျာ တကယ်ပြောတာပါ။

ဒါတွေ အားလုံးဟာ ဒီ လူတွေ အားလုံးရဲ့ စိတ်တွေထဲမှာ ကျွန်တော့်ရဲ့ စိတ်တွေထဲမှာ နာရီ ပိုင်းအတွင်းမှာ ချက်ချင်းကြီး ပြောင်းလဲသွားတာတွေနော်။
အပိုတွေ တစ်ခုမှ မပါပါဘူး။

ကျွန်တော်တောင် မိုးလင်းခါနီးကြီး မိန်းမ နဲ့ အိမ်က Roomate တွေ အိပ်မအိပ် ထကြည့်ပြီး အားလုံးအိပ်နေတာ သေချာတော့မှ ဧည့်ခန်းထဲ ငုတ်တုတ်ကြီး ထိုင်ပြီး တဟီးဟီး နဲ့ အားရအောင် ငိုပစ်လိုက်သေးသဗျာ ...

အဲ့ဒိတုန်းကတော့ ဒါကို ရီစရာလို့ ဟာသလုပ် ပြောလာရင်တောင် ထထိုးပစ်မိမှာ ဘုရားစူးပါ။
တကယ်ကို ကြည်နူးကြေကွဲစွာ ခံစားရတာပါ။

ကဲပါလေ ဒီကိစ္စ မှာ အဓိက ထောက်ပြချင်တဲ့အချက်က ကျွန်တော်တို့ ရဲ့ မသိစိတ်ထဲက ပုံးလျှိုးနေတဲ့ ခံစားချက်တွေအကြောင်းပါ။

တစ်ကယ်က ကျွန်တော်တို့ အားလုံးဟာ စစ်သားတွေ ကိုရော အစိုးရကိုပါ မုန်းနေတာ မဟုတ်ပါဘူး။
ကြောက်နေခဲ့ကြတာပါ။
ကိုယ့် အပေါ်မှာ မကောင်းတာတွေချည်း များလာခဲ့လွန်းတော့ အကြောက်တရားက ဖန်တီးပေးထားခဲ့တဲ့ အမုန်းစိတ်ရဲ့ ကာကွယ်မှုအောက်မှာ အလိုအလျောက် ရောက်နေခဲ့ကြတာပါ။

အားလုံးရဲ့ ရင်ထဲမှာတော့ စစ်တပ်ကို ယုံကြည်အားကိုးချင်တဲ့စိတ်တွေဟာ အမြဲ ရှိနေခဲ့ပြီးသားပါ။
အားကိုးလို့ လုံးဝ မရတော့ပါလားဆိုတဲ့ အားငယ် နာကျည်းမှု ကို ဝန်လဲမခံချင်တော့ အမုန်း ဆိုတာနဲ့ အစားထိုးပြီး ဖြေဖျောက်နေခဲ့ရရှာတာပါ။

ဒါဟာလဲ ခုမှ ဖြစ်လာတဲ့ စိတ်သဘာဝ မဟုတ်ပါဘူးခေတ်အဆက်ဆက် စိတ်ပညာ သုသေတီတွေ ပြုစုခဲ့တဲ့ ကျမ်းဂန်တွေမှာ လဲ

" အမုန်းတရားရဲ့ အခြေခံဟာ အကြောက်တရား ပါ "  လို့ အတိအလင်း ဆိုထားပါတယ်။

အမေစု ကိုယ်တိုင်လဲဒီရက်ပိုင်းမှာ မကြာခဏ ပြောခဲ့တဲ့ စိတ်ပညာရဲ့ အင်မတန်ရိုးရှင်းတဲ့ အခြေခံ သီအိုရီ တစ်ခုပါဘဲ။

" လူဆိုတာ ကိုယ့်ကို နိုင်ကွက် ရှိထားတဲ့/ကိုယ့်ထက်သာတဲ့ သူကို မုန်းလေ့ရှိပါတယ် "

" ဘာလို့လဲဆိုတော့ သူ ကိုယ့်ကို အနိုင်ယူမှာကို ကြောက်လို့ပါ " တဲ့။

အလွယ်ကောက်ချက်ချရရင်တော့ လူ ဟာ " ကြောက်လေ မုန်းလေ ၊ ရှုံးလေ မုန်းလေ " ပေါ့ဗျာ

ဒီတော့ မြန်မာ အတော်များများ ဟာလဲ ဒီအတိုင်းဘဲ ဖြစ်နေကြရှာတာပါ

ခုဆို သူတို့ မမြင်ခဲ့ဖူးတဲ့ အပြောင်းအလဲလေးတွေ စတွေ့လာရတဲ့အချိန်မှာ ...

အစထဲက မူပိုင်သတ္တိ နဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိခဲ့တဲ့သူတွေ ...
ဒါမှမဟုတ်လို့ အစိုးရ ဒါဏ်ကို မခံခဲ့ရဖူးလို့ သိပ်မကြောက်ခဲ့ရဖူးတဲ့ သူတွေ .. က
မူလ ခံစားချက်တွေကို ရိုးသားစွာ မေ့ဖျောက် ပြောင်းလဲ လိုက်ဖို့ အလွယ်တကူ လက်ခံလိုက်နိုင်ပေမယ့် ..

အစထဲကလဲ ကြောက်တတ်သလို ..
ခဲ လဲ မှန်ဖူးခဲ့တဲ့ .. စာသူငယ် တွေမှာတော့ ..
အတိတ်ရဲ့ အရိပ်ဝေဒနာ ကြီးကို စုတ်တစ်သပ်သပ် နဲ့ နာကျည်းမဆုံး ဖြစ်နေတော့တဲ့သဘောပါ ..

ဒါဟာ သူတို့ ရဲ့ ရင်ထဲက အကြောက်တရား ကြောင့် ဖြစ်လာတဲ့ အမုန်းတရားရဲ့ လှည့်စားမှုတစ်ခုပါဘဲ။

သေချာ လိုက်ကြည့်ကြည့်ပါ

နိုင်ငံရေးအတွက် တိုင်းပြည်အတွက် တစ်ကယ် ပေးဆပ်ခဲ့ဖူးတဲ့ သူရဲကောင်းစိတ်ဓါတ်တစ်ကယ်ရှိတဲ့သူတွေ ဆီက ခုချိန်ထိ အစိုးရကို ဖြစ်စေ မည်သည့် သဘောထားကွဲလွဲသူကိုဖြစ်စေ အမုန်းတရားကြီး နဲ့ ဆက်ဆံနေတာကို မတွေ့ရပါဘူး။
အမေစု တို့ ကိုမင်းကိုနိုင်တို့လို လူတွေ ခုချိန်ထိ အစိုးရကို နာနာကျည်ကျည်း အငြိုးတကြီး မုန်းတီးတဲ့ အပြုအမူတွေ မပြောပြ မလုပ်ပြကြပါဘူး။
ဒါဟာ သူတို့ရဲ့ သဘောထားကြီးမှု တစ်ခုထည်းကြောင့် လို့ မထင်ပါနဲ့

အစောကပြောခဲ့တဲ့အတိုင်း " မကြောက် လို့ မမုန်း " တာပါ။

ဒီတော့ အစိုးရကို အသားလွတ်ကြီး လိုက်မုန်းတီးနေတဲ့သူတွေဟာ အစိုးရကို သာမန်လူတွေထက် ပိုကြောက်လို့ သို့မဟုတ် သူတို့ထက် အစိုးရက သာနေပြီဆိုတာကို လက်မခံချင်လို့ ဆိုတဲ့ အဖြေဘဲထင်ရှားနေတာကို တွေ့ရပါတယ်။

ကဲ စာဖတ်သူ မိတ်ဆွေတို့လဲ ပြန်စဉ်းစားကြည့်ပါဦးနော် ...။

နိဂုံးချုပ် အနေနဲ့ အထူးမေတ္တာရပ်ခံလိုတာကတော့လေ ..
အများစုဖြစ်တဲ့ အားလုံးနီးပါး ကတော့ ကြောက်တတ်လို့ မြန်မာပြည်ဟာ ခုချိန်ထိ မတိုးတက်နိုင်သေးတာပါဘဲ။

ဒါကို ရှင်းရှင်း နဲ့ တည့်တည့် မြင်အောင် မကြည့်ဘဲ နဲ့ ထစ်ကနဲရှိ

" အနုပညာသမားတွေကတော့ သာယာစားတွေ "

" ဟိုမှာလဲ ဖားပြန်ပြီ ဒီမှာလဲ ဖားပြန်ပြီ "  ဆိုတာမျိုးတွေကို ကျေးဇူးပြုပြီး အရမ်းတော့ စွတ်မပြောပါနဲ့ဗျာ။

ဟုတ်ပါတယ် သာယာစား ကပ်ပေါင်း အကြံသမား ဆိုတဲ့ လူတန်းစားဆိုတာ အနုပညာလောကမှာသာ မဟုတ်ပါဘူး။
အလွှာတိုင်းမှာ ရှိနေတာပါဘဲ။

ဒါပေမယ့် အနုပညာလောက က လူတွေ ကိုဘဲ လူတွေက ပိုသတိထားမိတာ ဘာလို့လဲဆိုတော့ အနုပညာသမားတွေရဲ့ ဘဝက High Profile လို့ခေါ်တဲ့ လူသိများတဲ့ မလွတ်လပ်တဲ့ ဘဝတွေလေ။

သာမန်လူ အယောက်တစ်ထောင် ဓါးပြတိုက် တဲ့နေ့မှာ နာမည်ကြီး မင်းသား လဖ္ဘက်ရေဖိုး မပေးမှုနဲ့ ရဲဖမ်းတာက သတင်းစာတိုင်းပါလာပြီး ဓါးပြတစ်ထောင်လုံးကို ဘယ်သူမှ မသိလိုက်တာ သဘာဝကျတဲ့ဖြစ်ရပ်ပါဘဲ။

ဒါပေမယ့် ကျွန်တော် လုံးဝ မကျေနပ်တာ တစ်ခုတော့ ပြောမယ်နော်။

ကဗျာဘွဲ့မှုး နဲ့ ဇော်ပိုင် တို့ လို သမ္မတကြီးကို လာကြိုတာမျိုးကြတော့ သာကူးလို့ခေါ်မယ်ဆိုရင် ..

မိုးသီးဇွန်တို့အဖွဲ့တွေ Mr. Creator ခေါ် လူရွှင်တော် ကိုစုတ်ဖွား တို့တွေ
သမ္မတကြီး ဦးသိန်းစိန် နဲ့ ဦးဥာဏ်ဝင်းတို့ ကိုရော ..
အစိုးရအဖွဲ့ဝင် အားလုံးကိုပါ အရင် အမေရိကားလာကြတုန်းက ..
လူကြားသူကြား ပက်ပက်စက်စက် ဆဲဆို ..
ကော်ဖီနဲ့ပက် ဖိနပ်နဲ့ပေါက်တာတွေ ကိုယ်ထိလက်ရောက် လုပ်ခဲ့ကြပြီး
ခုမှ  မြန်မာပြည်ပြန်ဝင်လာရင်း ရူးချင်ယောင်ဆောင်ပြီး သမ္မတကြီး ဟီးဟီး " လုပ်နေတာတွေကို ကြတော့ရော ..
ဘာကိစ္စ ဘာမှ ထည့်မပြောကြတာလဲ ...

တစ်ကယ်တမ်း အဲဒိလူတွေကမှ သာကူးအစစ်တွေ မဟုတ်ဘူးလား ...

အဲ့ဒါတွေ အရင် ရှင်းပြီးမှ ကျွန်တော်တို့ အနုပညာလောကသားတွေကို ဝေဖန်သင့်ပါတယ်နော် ..

မရှင်းနိုင်သေးဘဲ လူပြိန်းကြိုက် အလွယ်တကူ မရမ်းပါနဲ့ဗျာ ..

သမိုင်းဆိုတာ Internet ထဲမှာ Click တစ်ချက်နှိပ်စာ အကွာအဝေးလေးဘဲ ရှိတော့တာမဟုတ်လား .....

ဒါပါဘဲဗျာ။

ကျေးဇူးတင်ပါတယ်။ 


ထာဝရမေတ္တာဖြင့်


မျိုးချစ်မြန်မာ

1 comments:

Unknown said...

We were scared, we won't again by cleansing our virtue :)