Monday, April 7, 2008

အဖွား ဒေါ်အမာ အမှတ်တရ (မျက်ရည်တွေ ရဲ့ အကြောင်း)


ကျွန်တော် ဒီနေ့ အဖွား လူထုဒေါ်အမာ ဆုံးသွားတယ်လို့ ကြားလိုက်ရတယ်

ကြားကြားခြင်း မကြာခင်က ဆုံးသွားတဲ့ ကျွန်တော့် အဖိုးကို မျက်စေ့ထဲပြေးမြင်တယ်
ပြီးတော့ ကျွန်တော့်အဖွားကို...
နောက် အဖွားဒေါ်အမာကို မြင်တယ် ပြီးတော့ အဖွားမြေးလေး ---- -- ကို မြင်လိုက်တယ်
စိတ်ထဲမှာ မကောင်းဘူးဗျာ

သင်္ခါရတရား ဆိုတာ ဘယ်သူမှပြေးမလွတ်ဘူး ဆိုတာ သိနေပေမယ့် တကယ်ကြုံလာတဲ့အခါ တည်ငြိမ်စွာ လက်ခံနှိုင်ဖို့မလွယ်ဘူးလေ

ပြီးခဲ့တဲ့ နှစ် က ကျွန်တော် သိပ်ချစ်တဲ့ အဖိုး ဆုံးသွားတုန်းက ညလေးကိုပြန်သတိရတယ်
အဲဒိညက ကျွန်တော်ဆေးရုံမှာ.. အဖိုးဘေးမှာ.. သူ့နောက်ဆုံး စက္ကန့်လေးတွေမှာ ကျွန်တော်ရှိနေခဲ့တယ်..
အဖိုး အသက် ငင်နေတဲ့ အချိန်မှာ ကျွန်တော်လဲ အသဲကွဲနေပြီ...

ကျွန်တော်ဘာပြောရမှန်း ဘာလုပ်ရမှန်းမသိတော့ဘူး

အဲဒိအချိန်မှာ အဖိုးက ကျွန်တော့်ကို တစ်ခုခုလှမ်းပြောချင်တဲ့မျက်နှာနဲ့ ကြည့်လာတယ်
အဲဒါ သူ့ရဲ့ နောက်ဆုံးသတိလည်ခြင်းဘဲ
ကျွန်တော် သူ့ရဲ့သွေးစလေးတွေစွန်းပြီးခြောက်ကပ်နေတဲ့ နှုတ်ခမ်း တစ်စုံကို နားနဲ့ကပ်ပြီး နားထောင်ခဲ့ပါသေးတယ်...
ဒါပေမယ့် အဖိုးရဲ့ နောက်ဆုံးစကားတစ်ခွန်းက ဘာဆိုတာမသဲကွဲခဲ့ဘူး
သူကြိုးစားပြောပေမယ့် ဝေဒနာကြောင့် အသက်လုနေရတဲ့အချိန်မှာ လေသံတောင်မထွက်တော့ဘူးလေ...

အဖိုးအသေဖြောင့်ပါစေဆိုတဲ့စိတ်နဲ့ ကျွန်တော်ကြိတ်မှိတ်ပြီး နားလည်ချင်ဟန်ဆောင်ပေးလိုက်တယ်...
ပြီးတော့ ကျွန်တော့်လက်ကို ဖျစ်ညှစ်ထားတဲ့ အဖိုးရဲ့ လက်ကလေးတွေ ပျော့ကြသွားတယ်...

အဲဒိမှာဘဲ ကျွန်တော့် ဦးလေး ကကျွန်တော့်ကို လာဆွဲတယ်
ကျွန်တော်အရင်ဆုံး အဖိုးရဲ့ အသက်ဝိဥာဉ် လုံးဝခွဲမထွက်သွားခင်မှာ ကန်တော့ရမယ်လို့ သိလိုက်တယ်...
ကျွန်တော် အဲဒိကုတင်လေးဘေးက ကြမ်းပြင်မှာဘဲ ထိုင်ချပြီးကန်တော့လိုက်တယ်...

ကျွန်တော့်ဘေးက... နောက်က.. ရောက်နေသူတွေလဲ လိုက်ကန်တော့ကြတယ်...
အမေ့ရဲ့ ငိုသံသဲ့သဲ့ စကြားလာရတယ်...
နောက်ပြီး...ကျွန်တော်သိပ်ချစ်တဲ့ ညီမလေး ငိုနေပြီဆိုတာလဲ ကျွန်တော်ကြားလိုက်တယ်..

ဒီတော့ ကျွန်တော်လဲ အရမ်းကြေကွဲနေပြီပေါ့ဗျာ ...

ဒီအချိန်မှာ ကျွန်တော် စိတ်တွေအရမ်းကိုတင်းကြပ်နေတယ်.. အသက်လဲရှုလို့မရတော့ဘူး...
ငိုချင်နေတယ် ဒါပေမယ့် ငိုလို့ လုံးဝမရဘူး
တစ်ချိန်ထဲမှာဘဲ တစ်ခုကိုတွေးမိသွားတယ်
အခု အဖိုးရဲ့ဝိဥာဉ်သာ ကျွန်တော်တို့ဘေးမှာရှိနေပြီဆိုရင် ကျွန်တော်တို့ ငိုကြွေးနေတာကို သူမြင်ရမှာဘဲလို့....
ဒါဆို သူဘယ်လိုမှ စိတ်ကောင်းမှာမဟုတ်ဘူးလေ... အဖိုးက ပျော်ပျော်နေတတ်တယ်...
ဒီလိုတွေးပြီး ကျွန်တော့်စိတ်ကိုထိန်းလို့ရသွားတယ်...
အဲဒိညက ကျွန်တော်လုံးဝ ဟန်မပျက်နေနှိုင်ခဲ့တယ်

ဒါပေမယ့် အဲဒါအိမ်ပြန်မရောက်ခင်အထိဘဲ...

အိမ်လဲရောက်ရော အဖိုးအတွက် ကျွန်တော်ဝယ်ပေးထားတဲ့ ကုတင်အသစ်လေး ကိုသွားကြည့်မိတယ်
နောက် ကျွန်တော် အဖိုးအသံတွေနားထဲကြားလာတယ်...
အဖိုး ကျွန်တော့်ကိုလှမ်းခေါ်နေတယ်လို့ ထင်မိနေတယ်
ကျွန်တော် မခံနှိုင်ဘူး... ကျွန်တော်ထပ်မတင်းထားနှိုင်တော့ဘူး...
ကျွန်တော် ဘယ်သူမှမသိအောင် အကျယ်ကြီး စိတ်လွတ်လက်လွတ် အော်ငိုပစ်လိုက်တယ်
ပြီးတော့ ကျွန်တော် မူးပြီးအိပ်သွားတယ်

နောက်နေ့ကစပြီး ကျွန်တော် ဒီကိစ္စ ကို လုံးဝခံစားလို့မရတော့ဘူး
ကျွန်တော်ဘာဖြစ်သွားတာလဲ ကျွန်တော်လဲ မပြောပြတတ်တော့ဘူး
ကျွန်တော့် နှလုံးသားကို ထုံဆေးထိုးလိုက်သလို ဖြစ်သွားတယ်


နောက်တစ်ပါတ် ကြာတော့ အဖိုး ရက်လည် ဆွမ်းကျွေးပေါ့နော်
ရေစက်ချတဲ့ အခါကြတော့ တချို့လဲ ငိုနေကြတယ်...
ရှိုက်သံတွေလဲကြားနေရတယ်...

ကျွန်တော် လုံးဝ မျက်ရေမကျအောင်ထိန်းထားတယ်...
အိမ်ပြန်တော့လဲ မငိုချင်တော့ဘူး...

အဖိုးရဲ့ အသုဘနေ့ တုန်းကလဲ ကျွန်တော် ငိုလို့မရခဲ့ဘူးဆိုတော့ တစ်ခုခု မှားနေပြီဆိုတာသိလိုက်တယ်
အဲဒါ စိတ်ကို သိတ်တင်းထားရင်း ခံစားမှုကို မသိစိတ်က ပိတ်ဆို့လိုက်တာလို့ ဖတ်ဖူးသလို ကျွန်တော့ ဆရာဝန်ကလဲ ပြောဖူးပါတယ်

တကယ်ပါဗျာ အဲဒိနေ့ထဲက စပြီး ကျွန်တော် မငိုလဲမငိုချင် မငိုလဲမငိုတတ်တော့ဘူး...

ဒါပေမယ့်ပေါ့လေ ....

ကျွန်တော် အဖွားဒေါ်အမာသတင်း စကြားထဲကပေါ့နော်...
ကျွန်တော် အဖွားရဲ့ပုံတွေကို လိုက်ရှာနေမိတယ် အဖွားအကြောင်းတွေ လိုက်ဖတ်နေမိတယ်
ဒီ post လေး ကိုရေးမိတဲ့ အဓိက အကြောင်းရင်းကလဲ အဲဒါပါဘဲ...

ဘာဖြစ်လို့လဲသိလား...

ကျွန်တော် ပြန်ငိုလို့ ရသွားလို့ပေါ့

မျိုးချစ်

0 comments: