Wednesday, June 11, 2008

မျိုးချစ်၏မွေးဖွားခြင်း (အမေနှစ်ယောက်ရဲ့မွေးနေ့ အမှတ်တရ)



လေးစားရပါသောမိတ်ဆွေတို့

ဒီနေ့ June 10th 2008 ကတော့ ကျွန်တော်ချစ်တဲ့ မွေးမိခင် အမေအရင်းရဲ့ ၅၄ နှစ်မြောက် မွေးနေ့ဖြစ်ပါတယ်
ကျွန်တော်အမေရင်းလိုချစ်တဲ့ အမေစုဟာလဲ June 19th 2008 မှာ ၆၃ နှစ်ပြည့်တော့မှာဖြစ်ပါတယ်
ဒါကြောင့်ကျွန်တော်လဲ အမှတ်တရတခုခုရေးလိုက်ဦးမယ်ဆိုပြီး တွေးနေရင်းနဲ့ အတိတ်ကိုသတိရသွားခဲ့ပါတယ်

ကျွန်တော် Aug 2007 မတိုင်ခင်အထိ Blog ဆိုတာ ကြားလဲမကြားခဲ့ဖူး၊ ဖတ်လဲမဖတ်ဖူး ခဲ့ပါဘူး
တနေ့ကျတော့ သူငယ်ချင်းတယောက်ကတဆင့် ကိုမင်းကိုနိုင်တို့ လမ်းစလျောက်နေပြီဆိုတာကို email လုပ်လာပါတယ်
သူတို့ပုံတွေကြည့်ပြီး စိတ်ထဲမှာအရမ်းသနားပြီးလေးစားသွားတယ်
နေလောင်ထားတဲ့ မျက်နှာတွေပေါ်မှာ နှစ်ပေါင်းများစွာတည်ဆောက်ထားတဲ့
၁၉ နှစ် လုံးလုံးအကြိမ်ကြိမ်ရိုက်ချိုးဖို့ကြိုးစားခဲ့ပေမယ့် ကျောက်ဆောင်လို ယုံကြည်မှုတွေ အခိုင်အမာရှိနေသေးတယ်

ဒါပြီးနောက်နေ့ကျတော့ မစုစုနွေးတို့ နဲ့ တခြားအမျိုးသမီးတွေ ငြိမ်းချမ်းစွာလမ်းလျောက်နေတာကို တားမရတော့
အရပ်ဝတ်နဲ့ ကြံ့ဖွံ့တွေကထမိန်ဆွဲချွတ်ပြီးတော့ကားပေါ်ဆွဲတင်တယ်ဆိုတဲ့သတင်းကြားတော့ကျွန်တော်ဒေါသအရမ်းထွက်သွားတယ်
ရင်ထဲမှာပြောချင်တဲ့စကားတွေနဲ့တစ်ဆို့မွန်းကျပ်လာတာဘယ်လိုမှမထိန်းထားနိုင်တော့ဘူး
ကျွန်တော့်ရှေ့ကပြက္ကဒိန်ဟာ ၁၉ နှစ်နောက်ပြန်ဆုတ်သွားတယ်
ကျွန်တော် ၈ တန်းကျောင်းသားလေးပြန်ဖြစ်သွားတယ်
၈၈ က ဝိဥာဉ်တွေ ကျွန်တော့်ကိုပြန်ဝင်ပူးကပ်ခဲ့တယ်

ဒါနဲ့ကျွန်တော် စာရွက်ပေါ်မှာ စာတစောင်စရေးဖြစ်တယ်
ကျွန်တော့်လိုဘဲ အမေစု ကိုအရမ်းလေးစားပြီး အမေရင်းလိုဘဲ ချစ်တဲ့ ကိုမင်းကိုနိုင်ရဲ့စကားတွေကို သူ့မျက်ဝန်းထဲကနေကြားလိုက်တယ်
ဒါနဲ့ ကျွန်တော် အမေစု သို့ အိပ်ဖွင့်ပေးစာဆိုပြီး စာလေးတစ်စောင်ရေးဖြစ်ခဲ့တယ်
ရေးနေရင်း ဒေါသတွေထွက်လာလို့ ခနခနရပ်ရသေးတယ်
စာရေးပြီးသွားတော့ ရေးတဲ့သူနာမည်ကို ဘယ်လိုပေးရမလဲဆိုပြီးစဉ်းစားတယ်
ကျွန်တော်ခံစားနေရတာဟာ အဓိက ကမြန်မာတွေကိုချစ်လို့၊ အမျိုးကိုချစ်တဲ့စိတ် ကြောင့်မို့လို့ မျိုးချစ်လို့ပေးလိုက်တယ်


နောက် ခနနေတော့ သူငယ်ချင်း မင်းငြိမ်းနိုင် တို့လင်မယားကိုခေါ်ပြီးဖတ်ပြတယ်
နောက် အကိုလိုခင်တဲ့ ကိုမိုးကြီး နဲ့ မမိုတို့ လင်မယားကိုလဲဖတ်ပြတယ်
သူတို့အားလုံးက သဘောကျတော့ လူတွေကိုဖြန့်ပါလားလို့ပြောတယ်
ကိုမိုးကြီးကလဲ Burma Today က ကိုမြင့်လှိုင် ကို ပို့ပေးလိုက်ပေါ့လို့ အကြံပေးတယ်

ခက်တာက အဲဒိတုန်းက ကျွန်တော်က မြန်မာလို လုံးဝမရိုက်တတ်သေးဘူး
ဒီတော့ မင်းငြိမ်းနိုင် နဲ့ သူ့အမျိုးသမီး စုမြတ် ကိုချော့မော့ရိုက်ခိုင်းရတာပေါ့ သူတို့ကလဲ လုပ်ပေးရှာပါတယ်
ဒါနဲ့ပြီးသွားတော့ ကိုမြင့်လှိုင်ဆီ ကိုရော တခြားသိသမျှလူတွေကိုပါ email ကနေတဆင့်ပို့ပေးလိုက်တယ်

ဒါနဲ့ ခနနေတော့ ကိုမြင့်လှိုင်ဆီက email ပြန်ရောက်လာတယ် သုံးတော့သုံးချင်ပါတယ် အသုံးအနှုံးလေးတွေ နဲနဲရိုင်းတာပြင်ကြည့်ပါတဲ့
ဒါနဲ့ ကျွန်တော်လဲ အောင့်သက်သက်နဲ့ တချို့နေရာလေတွေ ပြန်ပြင်ပေးပြီးပို့လိုက်ပါတယ်
စာက ယဉ်ကျေးသွားသလိုဖြစ်သွားတော့ နဂို mood ကတော်တော်လေးဖြော့သွားတော့ ထေ့လုံးတွေ အရသာသိပ်မရှိတော့ဘူးဗျ
စိတ်ထဲမှာတော့ ကိုယ်ပေးချင်တဲ့ ရသ နဲနဲပျောက်သွားတော့ အားတော့သိပ်မရတော့ဘူးပေါ့နော်

အဲဒါနဲ့ နောက်နေ့ကျတော့ Burma Today မှာပါလာရောဆိုပါတော့
ဖတ်လဲကြည့်ရော ကျွန်တော်နဂိုက ပို့ထားတဲ့ စာအတိုင်းဘဲဖြစ်နေတယ် ဒီတော့ကျွန်တော်တွေးလိုက်မိတယ်
အင်း ကိုမြင့်လှိုင်လဲ ပြင်ထားတာဖတ်မိတော့မှ ငါ့လိုဘဲ တွေးမိတာဖြစ်ရမယ်ဆိုပြီး Editor တယောက်ရဲ့သတ္တိကို ချီးကျူးမိပါတယ်

အဲဒိမှာတင် ကျွန်တော့်ရဲ့ ရောဂါအစပျိုးတော့တာဘဲ
ကျွန်တော့်ရင်ထဲမှာ အမြဲတမ်းရှိနေခဲ့တဲ့ ပေါက်ကွဲမှုတွေရဲ့ အသံတွေအများကြီးရှိနေသေးတယ်လေ
ဒါတွေကိုကျွန်တော် လူတွေကို နားထောင်စေချင်တယ်
ဒါပေမယ့် ကျွန်တော် သူများကိုချည်း အားကိုးမနေချင်ဘူး
နောက် ကိုယ့်ခံစားမှုကို အရှိအတိုင်း လွတ်လွတ်လပ်လပ် အန်ထုတ်ချင်တယ်
ကျွန်တော့် အသံတွေ စကားလုံးစည်းမျဉ်းတွေရဲ့ဘောင်တွေထဲမှာ ထောင်ကျနေမှာကို မကြိုက်ဘူး

ဒီတော့ ကျွန်တော် အလကားရတဲ့ Microsoft Website လေးတခုကို myochit.com ဆိုတဲ့နာမည်နဲ့စ လုပ်ဖြစ်သွားတယ်
ဘာမှမလုပ်တတ်တော့ ခေါင်းစည်းလေး ကအစ မင်းငြိမ်းနိုင် တို့ လုပ်ပေးရတယ်
ဒါပေမယ့် Microsoft က ဘာမှသေချာ Customize လုပ်ခွင့်မရှိဘူး
ဒီကြားထဲသူငယ်ချင်း တယာက်က (ကိုမိုးကြီးဘဲထင်တယ်) မြန်မာဘလော့တွေ ဖတ်ဖူးလားလို့မေးလာတယ်
မဖတ်ဖူးဘူးဆိုတော့ သူက မမေငြိမ်း မခင်မင်းဇော် တို့ရဲ့ဘလော့တွေရဲ့ လင့်တွေပေးလာခဲ့တယ်
ကျွန်တော်ခနဖတ်ကြည့်ပြီး ကျွန်တော်လဲ အဲလိုမျိုးရေးချင်စိတ်ပေါက်လာရော
ဒါနဲ့ Blogger မှာ Account ဖွင့်ပြီး စစမ်းကြည့်တာပေါ့နော်
နာမည်ရွေးတော့ မျိုးချစ် ဆိုတာက မရှိတော့ဘူး ဒါနဲ့ မျိုးချစ်မြန်မာ ဆိုပြီးရွေးလိုက်တယ်

ဒါနဲ့ AUG 28th 2007 မှာ email ထဲကရတဲ့ သတင်းတခုနဲ့ ပထမဆုံး post လေးတခု English လို စ တင်ဖြစ်ခဲ့ပါတယ်
မြန်မာလို ပေါ်အောင်မလုပ်တတ်သေးလို့ပါ နောက်နေ့ကျတော့ မြန်မာလိုပြောင်းနည်းစာတွေလိုက်ဖတ်ရတော့တာပေါ့
မြန်မာလိုကလဲ ဇော်ဂျီ နဲ့ မရိုက်တတ်သေးတော့ တလုံးချင်းစပြီးစမ်းရိုက်ရတာပေါ့နော်
အရမ်းကြာပြီး လက်တွေအရမ်းညောင်းမှ တကြောင်းလောက်ရိုက်နိုင်ပါတယ်
ကျွန်တော်ကိုယ်တိုင်မြန်မာလိုရေးတဲ့ ပထမဆုံး post ကိုတော့ SEP 5th 2007 မှာ

မြန်မာ့တော်လှန်ရေးသမိုင်း၏သစ္စာဖေါက်သူများစာရင်း ဆိုပြီး စ တင် ဖြစ်ခဲ့ပါတယ်

အဲဒိနောက်ပိုင်း မမေငြိမ်းနဲ့ gtalk မှာခင်မင်လာရာကအစပြုပြီး မခင်မင်းဇော် ကိုနစ် မသဒ္ဓါ တို့နဲ့လဲ ခင်မင်ခဲ့ရပါတယ်
မမေငြိမ်းကမြန်မာစာဆရာမဆိုတော့ စာစရေးရေးချင်းတုန်းက စာလုံးပေါင်းတွေစစ်ပေးပါတယ်
ကိုနစ် ခရီးထွက်နေတော့ သူ့ဆီဘောက်မှာ သွားထိန်းပေးနေရင်းနဲ့ မသဒ္ဓါ နဲ့ရော တခြားမိတ်ဆွေတွေလဲတိုးလာခဲ့ပါတယ်
နောက် မသဒ္ဓါရဲ့ အကူအညီနဲ့ ကျွန်တော့် Blog လေးတော်တော်လေး Function တွေ ပြည့်စုံ လာခဲ့ပါတယ်

အဲဒိကနေပြီး စာဖတ်သူတွေ များလာတဲ့အလျောက် ကျွန်တော်လဲနေ့မအိပ်ညမအိပ် ကြိုးစားလာခဲ့ရတာ ဒီနေ့အထိပါဘဲ
စစခြင်းတုန်းကတော့ ကျွန်တော့်ဘလော့လေးကို သိတဲ့သူတွေသိပ်မရှိပါဘူး
Cbox လေးမှာဆို ၃ ရက်လောက်နေမှ စာ တကြောင်းလောက် တယောက်က လာရေးသွားရင်ပျော်လိုက်တာဆိုတာ
ဒါပေမယ့် ကျွန်တော် စိတ်ဓါတ်မကျခဲ့ပါဘူး
လက်လျော့ချင်စိတ်ဝင်လာတိုင်း ကျွန်တော် အမေစု မျက်နှာကို ပြေးမြင်တယ်
အမေစုတောင် ခုထိလက်မလျော့ခဲ့တာ ငါလဲ အရှုံးမပေးဘူးဆိုတဲ့စိတ်ကိုမွေးခဲ့ပါတယ်

ဒီလိုနဲ့ ဆက်ရပ်တည်ဖြစ်ခဲ့တဲ့ ကျွန်တော့်ခံစားချက်တွေကို ပြည်တွင်းပြည်ပက ပဲ့တင်သံတွေ တနေ့တခြားပိုကြားလာခဲ့ရပါတယ်
သူတို့ အသံတွေက ကျွန်တော့်ခွန်အားပါ၊ ဒါကြောင့် ကျွန်တော် Cbox မှာ အမြဲလိုနေဖြစ်ခဲ့တာ အလုပ်ပါပြုတ်သွားတဲ့အထိပါဘဲ
ခုတော့ ကျွန်တော်ကြိုးစားထားသမျှ အရာထင်သင့်သလောက်တော့ထင်လာခဲ့ပါပြီ
အဲလိုလုပ်ဖြစ်အောင် စိတ်ဓါတ် ကိုမြှင့်တင်ထားတတ်အောင် စံနမူနာပြခဲ့တဲ့ အမေစု ကိုအရမ်းလေးစားပါတယ်

ဒီနေ့ဟာ ကျွန်တော့်ကိုဝမ်းနဲ့လွယ်မွေးခဲ့တဲ့ အမေရဲ့မွေးနေ့ပါ
မျိုးချစ်မြန်မာ ကို အင်တာနက်မှာ မွေးဖွားပေးခဲ့တဲ့ ကျွန်တော်အရမ်းလေးစားချစ်ခင်ရတဲ့ အမေစုလဲ အသက် ၆၃ နှစ်ပြည့်ပါတော့မယ်
ကျွန်တော့်ကို လူ့ဘဝမှာ မွေးဖွားပေးခဲ့တဲ့မွေးမိခင်နဲ့ မွေးနေ့ခြင်း ၉ ရက် ထဲကွာတာမို့
ကျွန်တော်သိပ်ချစ်တဲ့ အမေ ၂ ယောက်လုံးကို ဒီ post လေးနဲ့ အမှတ်တရ ဂါဝရပြုလိုက်ပါတယ်


နဂို post လေးကိုလဲ အားလုံးအတွက် အမှတ်တရ ဒီအောက်မှာပြန်ဖေါ်ပြပေးလိုက်ပါတယ်

Happy Birthday ပါ မေမေတို့ရေ

မှတ်ချက်၊ အမေရေ သားတော့သိတဲ့အတိုင်းဘဲ အရမ်းဘိုင်ပြတ်နေလို့ ဘာမွေးနေ့လက်ဆောင်မှတော့ ဝယ်မပေးဖြစ်ခဲ့ဘူး
ဒီ စာလေးနဲ့ဘဲအမေ့ကိုမွေးနေ့လက်ဆောင်ပါးလိုက်ပါတယ်...
အမေ ကျေနပ်မယ်လို့မျှော်လင့်ပါတယ်။

ချစ်တဲ့ သားကြီး

မျိုးချစ်




0 comments: