Friday, July 11, 2008

မျိုးစပါး အပင်မပေါက်၍ လယ်သမားများ အခက်တွေ့


NEJ/ ၁၁ ဇူလိုင် ၂၀၀၈


ဧရာဝတီတိုင်း မုန်တိုင်းဒဏ်သင့် ဒေသများတွင် ယခုမိုးရာသီ အချိန်မီ စပါးစိုက်ပျိုးနိုင်ရန် မျိုးစပါး လိုအပ်နေသည့်အပြင် မျိုးစပါးများ မျိုးမအောင်သဖြင့် အခကခဲ ဖြစ်နေကြောင်း ဒေသခံ လယ် သမားများက ပြောသည်။

ဧရာဝတီတိုင်း ဒေးဒရဲမြို့နယ်၊ ဂွေးကုန်းအုပ်စု၊ ကန်စုရွာမှ လယ်သမားတဦးက “ကျနော်တို့ မိသားစု မုန်တိုင်းဒဏ်ခံရပေမယ့် လယ်တော့ ပြန်စိုက်နိုင်တဲ့အခြေအနေ ရှိပါသေးတယ်။

ဒါပေမယ့် မျိုးစပါးက ပြဿနာရှိတယ်၊ လက်ရှိ ၀ယ်ထားတဲ့ မျိုးစပါး တင်း (၁၀၀) ကျော်ကို ရေစိမ် အပင်ဖောက်တာ မပေါက်ဘူး။ မျိုးမအောင်တော့ စိုက်လို့မရဘူး။ နောက်ထပ် ရှာဝယ် ရဦးမယ်။ မျိုးစပါးကလည်း တတင်းကို ကျပ် (၁) သောင်းလောက်အထိ ဈေးမြင့်နေပေမယ့် မျိုးအောင်မယ် မအောင်ဘူး မသေချာတော့ ဒီနှစ် စိုက်နိုင်ပါ့မလားဆိုတာ မသေချာဘူး” ဟု ပြောသည်။

မျိုးစပါးများကို မစိုက်ပျိုးခင် (၂) ညခန့် ရေစိမ်ပြီး အပင်ဖောက်ရသည့်အတွက် ယခု ၎င်းတို့ ၀ယ်ယူရရှိသည့် မျိုးစပါးများ အပင်မပေါက်သောကြောင့် ဘဲမွေးမြူသူများကို အခမဲ့ ပေးပစ် ရကြောင်း၊ မျိုးမအောင် အပင်မပေါက်သည့်စပါးများကို အခမဲ့ပေးသူ များလွန်းသောကြောင့် ဘဲမွေးသူများပင် စပါးမသယ်နိုင်သည့်အခြေအနေအထိ ဖြစ်ရကြောင်း ရွာခံများက ပြောသည်။


ယခုကဲ့သို့ ဖြစ်ရခြင်းသည် ဧရာဝတီတိုင်းအတွင်း ရေစိုပြီး ပြန်အခြောက်လှမ်းထားသည့် စပါး များကို ဈေးကောင်းရသောကြောင့် မျိုးစပါးအဖြစ် ပြန်လည်ရောင်းချခြင်းအပါအ၀င် စစ်အစိုးရ ဖြန့်ဖြူးသည့် မျိုးစပါးများမှာလည်း အလားတူ ရေစိုစပါးများဖြစ်နေပြီး မျိုးစပါး မဟုတ်ခြင်း ကြောင့်ဟု ဒေသခံလယ်သမားများက ပြောကြသည်။

စစ်အစိုးရ မြန်မာ့စိုက်ပျိုးရေးလုပ်ငန်းမှ ထုတ်ပြန်ချက်အရ ဖျာပုံခရိုင်တခုတည်းမှာပင် လယ်ဧက (၃) သိန်းကျော်အတွက် မျိုးစပါးတင်း (၆) သိန်းခန့် လိုအပ်နေဆဲဖြစ်ကြောင်း၊ ပုဂ္ဂလိက အလှူရှင် များအနေဖြင့် လှူဒါန်းကြစေလိုကြောင်း ပြည်တွင်းဂျာနယ်အချို့တွင် ဖော်ပြထားပြီး အဆိုပါဒေသ တခုလုံး မြန်မာ့စိုက်ပျိုးရေးမှ မျိုးစပါး (၁၁၇,၈၉၂) တင်းသာ ဖြန့်ဝေပေးနိုင်ကြောင်း သိရသည်။

FAO ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ ထုတ်ပြန်ချက်အရ မုန်တိုင်းဒဏ် ဆိုးဆိုးရွားရွားခံရသည့် ဧရာဝတီ
တိုင်း (၇) မြို့နယ်တွင် လိုအပ်သည့် မျိုးစပါးတန်ချိန်မှာ အထူးအထွက်တိုး မျိုးအတွက် (၉၇၇) တန်၊ ထိပ်စ နှံကားမျိုးအတွက် (၁,၀၈၇) တန်နှင့် ဆားဒဏ်ခံ မျိုးစပါး (၂၅၇) တန် လိုသည်ဟု သိရသည်။ မုန်တိုင်းဒဏ် ဆိုးဆိုးရွားရွားခံရသည့် ရန်ကုန်တိုင်း (၄) မြို့နယ်တွင် လိုအပ်သည့် မျိုးစပါးအရေအတွက်မှာ (၉၉၄) တန်ဖြစ်သည်ဟု FAO ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (FAO) က ထုတ်ပြန်ထားသည်။

ဧရာဝတီတိုင်း ဒေးဒရဲမြို့နယ်အပါအ၀င် အခြားမြို့နယ်များရှိ ရွာများတွင်လည်း မျိုးစပါးများ အပင်မပေါက် မျိုးမအောင်သဖြင့် အခက်အခဲဖြစ်နေကြောင်း စုံစမ်းသိရသည်။

အဆိုပါ ကန်စုရွာတွင် စစ်အစိုးရ ဖြန့်ဝေသည်ဆိုသော လယ်ထွန်စက်နှင့် မျိုးစပါးများ မရရှိသော ကြောင့် လယ်ယာလုပ်ငန်း ပြန်လည်လုပ်ကိုင်ရာတွင် အချို့မှာ ပုဂ္ဂလိက တပိုင်တနိုင် လှူဒါန်း သူများ၏ အကူအညီကို ရယူကြသကဲ့သို့ အချို့အပျက်အဆီး ဆုံးရှုံးမှုနည်းသည့် လယ်သမား များက ကိုယ့်အားကိုယ်ကိုး ပြန်လည်ထွန်ယက် စိုက်ပျိုးနေကြခြင်းဖြစ်သည်။

မုန်တိုင်းကျပြီးနောက်ပိုင်း မြန်မာနိုင်ငံ ဆန်စပါး စိုက်ပျိုးထုတ်လုပ်သူများအသင်းမှ တာဝန်ရှိသူ များက ပြည်ပမှ မျိုးစပါး တင်းပေါင်း (၂) သန်းခန့် တင်သွင်းခွင့်ပြုရန် အစိုးရထံ အကြံပြုတင်ပြ ခဲ့သော်လည်း အစိုးရက ခွင့်မပြုခဲ့ဟု အသင်းမှ ၀န်ထမ်းတဦးက ပြောသည်။

ဒေသခံလယ်သမားများက ၎င်းတို့သည် လောလောဆယ်တွင် အခြေအနေ ပေးသလောက် စိုက်ပျိုးနေကြသော်လည်း စိုက်မြေဧကများစွာ လျှော့နည်းမည်ဖြစ်သကဲ့သို့ လာမည့်မိုးစပါး ရာသီတွင် စပါးအများကြီး လျော့နည်းနိုင်ကြောင်း ခန့်မှန်းပြောဆိုနေကြသည်။

0 comments: