Thursday, June 9, 2011

လက်ဆင့်ကမ်းကုသိုလ်


သတင်း နှင့် ဓါတ်ပုံ များအား ကိုကျော်သူ မှ မေတ္တာဖြင့် ပေးပို့သည်


နာရေးကူညီမှုအသင်း (ရန်ကုန်) ရှိ သုခကုသိုလ်ဖြစ်ဆေးခန်း၏ ညီငယ်ဟုဆိုအပ်သော သုခ ကုသိုလ်ဖြစ်ဆေးခန်း (ပြည်) အား မိုးမေတ္တာပရဟိတ သွေးလှူအဖွဲ့လူငယ်များဦးစီးကာ ၈.၆.၂၀၁၁ (ဗုဒ္ဓဟူး) နေ့တွင် ပြည်မြို့၊ ရွာဘဲနယ်မြေရှိ “ရတနာမာန်အောင်ဘုန်းတော်ကြီးကျောင်းတိုက်” ရှိ အဆောက်အဦးတွင် စတင်စမ်းသပ်ဖွင့်လှစ်ကာ အခမဲ့ ကုသပေးလျှက်ရှိသည်။

သုခကုသိုလ်ဖြစ် ဆေးခန်း (ပြည်) အား ပြည်မြို့ရှိ ဆရာဝန်ကြီး ဒေါက်တာထွန်းနိုင် ဦးစီး၍ ဆရာဝန် (၄) ဦးတို့ဖြင့် ရဟန်းသံဃာ အများပြည်သူတို့အား အခမဲ့ကျန်းမာရေးကို ကုသဆောင်ရွက်ပေးနေပါသည်။
ယင်းကဲ့သို့ စမ်းသပ်ကာလတွင် လူမျိုးဘာသာ ဆင်းရဲချမ်းသာမရွေး ရဟန်းသံဃာတော်၊ သီလရှင် များကို ကုသပေးရာတွင် ၈.၆.၂၀၁၁ (ဗုဒ္ဓဟူး)နေ့တွင် စုစုပေါင်းလူနာ (၃၅) ဦးနှင့် ၉.၆.၂၀၁၁ (ကြာသပတေး) နေ့တွင် လူနာ (၅၄) ဦးတို့အား ကုသပေးခဲ့သည်။

ထိုကဲ့သို့ ကုသပေးရာတွင် အထွေထွေရောဂါ၊ သွေးတိုး၊ ဆီးချိုရောဂါ၊ သွေးလွန်တုတ်ကွေး ဝေဒနာရှင်ကလေးငယ်တို့သည် အများဆုံးဖြစ်သည်။

ရေနံချောင်း၊ ပုတီးကုန်း၊ သဲကုန်း၊ ပေါက်ခေါင်း၊ နှောကုန်း အစရှိသည့် မြို့ရွာများအပြင် ပြည်မြို့ပေါ်ရှိ ကျန်းမာရေးချို့တဲ့သော ရဟန်းသံဃာ အများပြည်သူတို့မှာ အများဆုံး လာရောက်ကုသခဲ့ကြသည်။
သုခကုသိုလ်ဖြစ်ဆေးခန်း (ပြည်) တွင် လာရောက်ကုသကြသော လူနာများမှာ ရဟန်းသံဃာ တော်၊ သီလရှင်တို့အများဆုံးဖြစ်ခဲ့သည်။ ထိုကြောင့် ဤကဲ့သို့ ဆေးဝါးအခမဲ့ ကုသပေးခြင်းသည် သာသနာပြုလုပ်ငန်းတစ်ခုလည်း ဖြစ်တော့သည်။

သုခကုသိုလ်ဖြစ်ဆေးခန်း (ပြည်) သည် လာရောက်ဆေးဝါးကုသလိုသော လူနာများသည် တစ်ရက်ကြိုတင်၍ တိုကင်စနစ်ဖြင့် လာရောက်တိုကင်ယူကာ အပါတ်စဉ် တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူး၊ ကြာသပတေးနေ့များ၌ နံနက် (၇း၀၀)နာရီမှ နံနက် (၉း၀၀) နာရီအချိန်ထိ ဝေဒနာရှင်တို့အား အခမဲ့ ကုသပေးလျှက်ရှိသည်။

ရဟန်းသံဃာ၊ သီလရှင်များနှင့် ဘာသာပေါင်းစုံတို့၏ ဘုန်းတော်ကြီးများအား ဘာသာတရားအား ဦးထိပ်ပန်ဆင်သောအားဖြင့် တိုကင်ယူရန်မလိုဘဲ တိုက်ရိုက်ကုသနိုင်သည်။
၈.၆.၂၀၁၁ (ဗုဒ္ဓဟူး) နေ့တွင် ဆေးခန်းစတင် စမ်းသပ်ဖွင့်လှစ်ရာသို့ ရွာဘဲရပ်ကွက် ရာအိမ်မှူး ကိုယ်တိုင်တက်ကြွစွာဖြင့်လာရောက် ကူညီပေးခဲ့သည်။

သုခကုသိုလ်ဖြစ်ဆေးခန်း (ပြည်) အနေဖြင့် တရားဝင်အခမဲ့ ဆေးဝါးကုသခွင့်ရရှိရန် လိုအပ် ချက်မှန်သမျှကို သက်ဆိုင်ရာဋ္ဌာနများသို့ တင်ထားပြီးဖြစ်သည်။
တိုင်းကျန်းမာရေးဋ္ဌာန၏ တရားဝင် ဖွင့်လှစ်နိုင်ခွင့် ချမှတ်ပေးမည်ဆိုပါက ရဟန်းရှင်လူ အများပြည်သူတို့၏ ကျန်းမာရေးများ တိုးတက် ကောင်းမွန်လာကာ နိုင်ငံအကျိုး သာသနာ့အကျိုးကိစ္စ အ၀၀တို့ကို စွမ်းစွမ်းတမံ ထမ်းဆောင်ပေးနိုင် တော့မည်ဖြစ်တော့သည်။

ကျော်သူ

0 comments: