Monday, June 20, 2011

မွေးနေ့တူတို့၏ဒါန


သတင်း နှင့် ဓါတ်ပုံ - ကိုကျော်သူ

ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့နှင့် မွေးနေ့တူ ဇွန်လ (၁၉) ရက်နေ့ဖွား မွေးနေ့ရှင်များ ယနေ့တွင် နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ ထူးခြားစွာ လာရောက်ကုသိုလ်ဒါန ပြုခဲ့ကြသည်။

မောင်ခွန်မင်းသန့် အသက် (၈) နှစ်ပြည့် အထိမ်းအမှတ်အဖြစ် နာရေးကူညီမှုအသင်း(ရန်ကုန်) ကို နှစ်စဉ်နှစ်တိုင်း လာရောက်လှူဒါန်းမှုများ ပြုလုပ်ခဲ့ရာ ယနေ့ ဇွန်လ (၁၉) ရက်နေ့ နံနက် (၅း၀၀) နာရီအချိန်၌ လာရောက်ကာ နို့စိမ်းခေါက်ဆွဲ ချက်ပြုတ်ပြီး ဘုန်းကြီးကျောင်းသို့ အာရုံဆွမ်းဆက်ကပ် လှူဒါန်းကာ နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ ဘုရားဆင်းတုတော်အား ဆွမ်းဆက်ကပ်ကာ နာရေး ကူညီမှုအသင်း(ရန်ကုန်)၏ ၀န်ထမ်းများ၊ လုပ်အားပေး အသင်းသူ/သားများ၊ သုခကုသိုလ်ဖြစ် ဆေးခန်းသို့ လာရောက်ကုသသော လူနာများ၊ လူနာရှင်များ အပါအ၀င် လူဦးရေ (၂၅၀) ခန့်အား ဒါန ပြုလုပ်ကျွေးမွေးလှူဒါန်းခဲ့သည်။

ထို့အပြင် ဦးတင်ထွန်းအောင်၏ မွေးနေ့အတွက် ဇနီးဖြစ်သူ ဒေါ်ဝင်းညွှန့်နွယ်တို့ကလည်း အလှူငွေ ကျပ် (၁) သိန်း၊ သမီးငယ်လေး မအိမ့်မှူးခင် ကလည်း အသက် (၅) နှစ်မြောက် မွေးနေ့အလှူအဖြစ် အလှူငွေ ကျပ် (၁) သိန်းနှင့် ဒေါ်အေးမြင့်ဟန် အသက် (၄၀) နှစ်ပြည့် မွေးနေ့အလှူအဖြစ် အလှူငွေ ကျပ် (၁) သိန်း တို့အား နာရေးကူညီမှုအသင်း (ရန်ကုန်)သို့ အသီးသီးလာရောက် လှူဒါန်းခဲ့ကြသည်။
လှူဒါန်းမှုအစုစုတို့အတွက် တိုင်းပြည်၏ အာဇာနည်ဗိုလ်ချုပ်အောင်ဆန်း၏ သမီး ပြည်သူ့ ဘက်သား ဒေါ်အောင်ဆန်းစုကြည်ကဲ့သို့ နိုင်ငံအကျိုး၊ ပြည်သူ့အကျိုး၊ ဘာသာသာသနာအကျိုး စွမ်းစွမ်းတမံ ထမ်းဆောင်နိုင်သော ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်များ ဖြစ်ပါစေကြောင်း ဆုမွန်ကောင်း တောင်း ပို့သပေးလိုက်ပါသည်။

ကျော်သူ

0 comments: