Thursday, July 14, 2011

လူမှုရေးဖြင့် သာသနာပြုခြ​င်း




သတင်း နှင့် ဓါတ်ပုံ များအား ကိုကျော်သူ မှ မေတ္တာဖြင့် ပေးပို့သည်

လှိုင်မဟာစည် ၀ိပဿနာကမ္မဋ္ဌာန်းကျောင်းတိုက်သည် ကျေးဇူးတော်ရှင် ဆဋ္ဌသံဂီတိပုစ္ဆက၊ အဂ္ဂမဟာပဏ္ဍိတ၊ အရိယမဂ္ဂလမ်းညွှန်၊ ကမ္ဘာ့ဗုဒ္ဓသာသနာပြု မဟာစည်ဆရာတော် ဘုရားကြီး၏ နည်းနာနိဿယအတိုင်းကျင့်သုံးကြတဲ့ ကျောင်းများအနက်မှ တစ်ကျောင်းဖြစ်ပြီး ရန်ကုန်မြို့၊ လှိုင်မြို့ နယ်၊ (၁၁) ရပ်ကွက်၊ ယောဂီကျောင်းလမ်း လှိုင်တက္ကသိုလ်အနီးတွင် တည်ရှိပါသည်။ ၄င်းအပြင် လှိုင် မဟာစည် ၀ိပဿနာကျောင်းတိုက် ဆရာတော် အရှင်စန္ဒ၀ရက အနေဖြင့် မြန်မာပြည်အနယ်နယ် အရပ်ရပ်သို့ မဟာသတိပဋ္ဌာန် ၀ိပဿနာတရားပြန့်ပွားစေရန်အတွက် ကမ္မဋ္ဌာနာစရိယများစေလွှတ်၍ တရားစခန်းများဖွင့်လှစ် သင်ကြားသာသနာပြုခဲ့ပါသည်။  

ထိုသို့သွားရောက်၍ သာသနာပြုရာတွင် မဖွံ့ဖြိုးသောဒေသအချို့မှ ပညာ ဆက်လက် သင်ကြားလိုသော်လည်း အကြောင်းအမျိုးမျိုးကြောင့် ပညာ ဆက်လက်မသင်ကြား နိုင်သည့် ပညာသင်အရွယ် ချင်း၊ ကရင်၊ ပအို့ဝ်၊ ၀၊ ပဒေါင်၊ မွန်၊ ဗမာ စသည့် ကလေးငယ်များကို တွေ့ရှိခဲ့ရသည်။ ဤတွင် ပညာသင်နိုင်သည့် ကလေးငယ်များ၏ဘ၀ကို လောကီပညာ၊ လောကုတ္တရာ ပညာနှစ်မျိုးဖြင့် မြှင့်တင်ပေးလိုသော လှိုင်မဟာစည်ဆရာတော်ကြီး၏ မေတ္တာနှင့် ဆန္ဒအရ ၁၉၉၈ ခုနှစ်တွင် တိုင်းရင်းသားကလေးများ လောကီ၊ လောကုတ္တရာ ပညာသင် ထောက်ပံ့ရေးအဖွဲ့ကို စတင်ဖွဲ့စည်း၍ လှိုင်မြို့နယ်၊ လှိုင်မဟာစည် ၀ိပဿနာကျောင်းတိုက်တွင် သင်ကြားပေးလျှက်ရှိရာ ကျောင်း သား/သူ (၁၀၀) ဦးရေခန့် ရှိခဲ့ပြီဖြစ်သည်။ ထိုသို့ သင်ကြား ပေးရာတွင် ကျောင်းတိုက်မှ သင်တန်းနည်းပြ ရဟန်းတော်များ၊ သီလရှင်များ၊ တိုင်းရင်းသား/သူလေး များအပြင် ပြင်ပမှ စေတနာရှင်၊ ၀ါသနာရှင် ဆရာ/မများကပါ လာရောက်၍ သင်ကြားပညာဒါန ပြုခဲ့ကြသည်။
          ၁၃.၇.၂၀၁၁ ရက်နေ့တွင် နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူသည် သူ၏ အမ ၀မ်းကွဲဖြစ်သူ မပြုံးပြုံးရီ လူကြုံပါးလိုက်သော ပစ္စည်းကို လှိုင်မဟာစည်ကျောင်းတိုက်၌ သီလရှင် ဆရာလေးထံတွင် သွားရောက်ယူဆောင်ရာ လှိုင်မဟာစည်ဆရာတော်ကြီးမှ ဦးကျော်သူအား တွေ့ဆုံ လိုသည်ဟု မိန့်ကြားသည့်အတွက် ဆရာတော်ဘုရားကြီးအား သွားရောက်ဖူးတွေ့စဉ် ဆရာတော် ဘုရားကြီးမှ မြတ်စွာဘုရားလက်ထက်တော်တွင် ဖြစ်ပေါ်ခဲ့သော အနုပညာရှင်တို့၏ နောက်ဆုံးသွား ရာလမ်းနှင့် ယသ သတို့သား၏ အများသူငါတို့အပေါ် ကိုယ်ကျိုးစွန့် ပေးဆပ်ခဲ့မှုများအကြောင်းကို ဆုံးမသြ၀ါဒ ပြောကြားပြီးသည့်နောက် နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ လှိုင်မဟာစည် ဆရာတော် ကြီး ကမ္မဋ္ဌာနာစရိယ ဆရာတော်လေးများ၊ ကမ္မဋ္ဌာနာစရိယ သီလရှင်ဆရာလေးများနှင့် ယောဂီ ကျောင်းသား/သူများက စုပေါင်းလှူဒါန်းငွေ (၁၀၀၀၀၀/-) ကျပ်တိတိကို လှူဒါန်းပေးအပ်ခဲ့သည်။ လှူဒါန်းမှုအပြီး သီလရှင်ဆရာလေးများ၏ တောင်းဆိုချက်၊ လှိုင်မဟာစည်ဆရာတော်ကြီး၏ ခွင့်ပြု ချက်အရ တိုင်းရင်းသားကျောင်းသား/သူ (၅၀) ဦးခန့်ကို လူမှုရေးလုပ်ဆောင် ပေးဆပ်ချက်များ၊ အတွေ့အကြုံများကို နွေးထွေးစွာပြောဆိုခွင့် ရရှိခဲ့သည်။ ထိုသို့ လောကီ၊ လောကုတ္တရာ ပညာရပ်များ အား လာရောက်သင်ကြားကြသော တိုင်းရင်းသားကျောင်းသား/သူများအပေါ် လူသားတို့ ထားရှိရမည့် လူ့ကျင့်ဝတ်များ၊ လူမှုရေးပေးဆပ်မှုများကို မိမိတို့၏ ခေါင်းလှုပ်တိုင်း၊ ပါးစပ်လှုပ်တိုင်း၊ လက်လှုပ်တိုင်း၊ အချိန်တိုင်း အချိန်တိုင်း၌ ကုသိုလ်ရရှိအောင်နေထိုင်ကြဖို့ ပြောကြားသွားခဲ့ခြင်းသည် လူမှုရေးဖြင့် သာသနာပြုခြင်းပင် ဖြစ်တော့သည်။

ကျော်သူ

0 comments: