Sunday, July 31, 2011

ကျမ ရဲ့ အဖွား


ရေးသားသူ - လမင်းမိုမို

...   ...   ...

မနေ့ ည က မမျှော်လင့်ပဲ ဖွားဖွားကို အိပ်မက်မက်ပါတယ် ..
အရမ်းသတိရနေတာမျိုး မရှိပဲနဲ့  အိပ်မက်မက်တော့မှ  ဖွားကို သိပ်အောက်မေ့သွားခဲ့မိတယ် .. ။
ဖွားဆုံးတာ နှစ်လေးဆယ်နီးပါးတောင်ရှိပြီ .. ။ ကျမ အသက် ၆ နှစ်ထိပဲ ဖွားနဲ့  နေလိုက်ရပေမယ့်
တွေးလိုက်တိုင်း အဖြစ်အပျက်လေးတွေကို မမေ့မလျော့ မှတ်မိ အောက်မေ့နေတာ ..
ကျမ မွေးကထဲကနေ ဖွား ဆုံးတဲ့အချိန်ထိ ..ကျမက ဖွားနဲ့ ပဲ အိပ်ခဲ့ရလို့ ပါ ။
ကျမ ဖေဖေတို့  မေမေတို့ နဲ့ မအိပ်ရပါဘူး.. အငယ်တွေကတော့ မေမေတို့ နဲ့ အိပ်ကြရပါတယ် ..
ကျမ ကလည်း နဲနဲသိတဲ့ အချိန်ကထဲက ဖွားနဲ့ ခွဲမအိပ်နိုင်ဘူးလေ ..
ကျမ အဖွားက ကျမကို သိပ်ချစ်ပြီး .. မိမို လို့ ခေါ်ပါတယ် ..  .. ။


ဖွားက ပိန်ပိန်လေးပါ .. ကျန်းမာရေးမကောင်းပါဘူး ..
ကျမကိုထိန်းရင် ပုံပြောခြင်း စကားပြောခြင်း သွန်သင်ခြင်းနဲ့ ပဲ ငြိမ်ငြိမ်ပဲ ထိန်းနိုင်ပါတယ် ..
ကျမ စကားနားလည်ကထဲက အကျီ င်္ဝတ်ရင် ဘယ်လို .. ဘောင်းဘီဝတ်ရင်ဘယ်လို ..
ထမီဝတ်ရင် ဘယ်လို .. လမ်းလျှောက်ရင် ဘယ်လို ..အစားစားရင် ဘယ်လို ..
ခေါင်းဖြီးရင် ဘယ်လို .. စကားပြောရင် ဘယ်လို .. လူကြီးရှေ့ မှာ ဘယ်လို ..
အို ..အစုံအစုံကို တတွတ်တွတ် နေ့ စဉ်သင်လိုက်တာ ..ဆုံးတဲ့ထိပါပဲ ..
နားညည်းဖို့ မကောင်းပဲ စိုက်ပြီး နားထောင်ပြီး တသွေမတိမ်းလိုက်လုပ်ရတာကို ..
ကျမ က ကျေနပ်ခဲ့တယ် ..။

အဖေအမေကို မမက်ပဲ ကျမက ဖွားကိုပဲ သ၀န်တိုခဲ့တယ် ..
အဲဒီတုန်းက ဆယ်မိုင်ကုန်း တပ်ဝင်းထဲမှာ ကျမတို့ နေကြတယ် ..
ဖွားဟာ အလုံမှာနေတဲ့ သားအကြီးရဲ့ အိမ်ကို တနင်္ဂနွေနေ့ တိုင်း မနက်စောစောသွားပါတယ် ..
ဟိုမှာတနေကုန်နေပါတယ် .. ။ ဒါကြောင့် တနင်္ဂနွေဟာ ငယ်ငယ်က ကျမအတွက် ..
ကမ္ဘာပျက်သလို အားလုံး ဆိတ်သုဉ်းတဲ့နေ့ ပါပဲ ..
တနေ့ လုံး ဖွားအသံမကြားရတာ .. ဖွားကိုယ်နံ့ ကို ရမနေတာ ..
ဖွားနဲ့ ထမင်းတူတူမစားရတာ .. နေ့ လည် ဖွားနဲ့ ဖက်မအိပ်ရတာ ..
ဖွားမျက်နှာမမြင်ရတာ  ကျမ ခံစားလို့ မရအောင် အရူးတပိုင်းဖြစ်နေတတ်မြဲပါ ..
အဲဒီနေ့ မှာ ကျမကို ထိန်းတဲ့ ကလေးထိန်း အမတွေ သတိကျပ်ကျပ်ထားပေတော့ပါ ...။

ခြံထဲက ဇီးသီး  ချဉ်ပေါင်ဖူးတွေကိုခူးပြီး ဖွားကိုယ်တိုင်ထိုးတဲ့
ဇီးယို နဲ့ ချဉ်ပေါင်ဖူးယိုကို ကျမ အရမ်းကြိုက်ပြီး ကျမကလွဲလို့ သူများစားမှာမနာလိုဘူး ..
ဖန်ပုလင်းလေးထောင့်အကြီးကြီးထဲ ဖွားကထည့်ထားပါတယ် ..
တခါစားရင် ပန်းကန်ပြားသေးသေးလေးထဲ ဇွန်းနဲ့ ခပ်ထည့်ပေးတာကိုပဲ စားရတာ ..
ဖွားက အလုံသွားမယ့်နေ့ ဆို အဲဒီ ယို တွေကို ဟောလစ်ပုလင်းထဲ ခွဲထည့်ပြီး
သယ်သယ်သွားတာကို ကျမ သိပ်မုန်းတာပါပဲ ..
စိတ်တွေပုတ်ပြီး သူများကိုပေးမှာကို လိန်တွန့် ကောက်ချိတ်နေတာပါ ..
ဟောလစ်ပုလင်းထဲ ဖွားထည့်ရင် ဖွားက ခပ်ထည့်လိုက် ကျမက ပြန်နှိုက်ထုတ်လိုက် ..
ဖွားက .. ဟွန်း .. လို့  မာန်ပြီး ပြန်ခပ်ထည့်လိုက် .. ကျမက ပြန်နှိုက်ထုတ်လိုက် ..
မပြီးနိုင်တော့ပဲ ငိုရယိုရတဲ့ဖာတ်လမ်းဆီ ရောက်မြဲပါ ..
ဟိုအိမ်မှာ မြေး ၂ယောက်ရှိသေးတော့ ဖွားက ကျွေးချင်ပေလိမ့်မယ် ..
ကျမ ကတော့ ဖွားတခြားမြေးကို ခွဲကျွေးတာ လုံးဝ မကျေနပ်ပါဘူး .. ။

စနေနေ့ ည အိပ်ရင် ကျမ က ကျမဂါဝန်အောက်နားစနဲ့  ဖွားလုံခြည်ကို
ပူးပြီး ချိတ်နဲ့ တိတ်တိတ်လေး တွယ်ထားပါတယ် ..
မနက်ကျ ဖွား ထ ရင် ချိတ်က တင်းသွားတာနဲ့ တပြိုင်နက် ကမ္ဘာပျက်အောင်
မဆိုင်းမတွ ကျမ က အော်ငိုပစ်လိုက်တာပါ ..
နောက်ပိုင်းတော့ ဖွားက အကြောင်းသိသွားပြီမို့  ကျမ အနိုးမခံတော့ဘူး ..
ည ကထဲက ကျမအိပ်ပျော်ရင် ချိတ်ကို ဖြည်းဖြည်းကြို ဖြုတ်ထားလိုက်ပြီ ..
တိတ်တိတ်လေး ထ ပြီး အသံမထွက်အောင်ပြင်ဆင်ထည့်သိုပြီး ဖွားထွက်သွားရင် ..
ကျမတို့ အိပ်ခန်းထဲမှာ ကျမတယောက်ထဲ အိပ်ယာနိုးလာပြီး ..
ဒါ တနင်္ဂနွေပဲ လို့ လည်း ချက်ချင်းသတိရပြီး ဘေးကိုဆတ်ကနဲ ကြည့်လိုက်လို့  ..
ဖွားမရှိတဲ့အခါ ကျမ တအားစိတ်ဆိုး စိတ်ကောက်ခဲ့တာ .. ။

မိုးတွင်းဆို ခြံထဲက မြက်တောထဲမှာ ကျွတ်တွေ လှုပ်စိလှုပ်စိ .. ။
ဖွားက ကျွတ် အင်မတန်ကြောက်တယ် ..
ကျမက မြက်ထဲ ဖြဲယဲပြီး ကျွတ်တွေရအောင်ရှာပြီး ဖွားကို လိုက်တို့ တော့ ..
ဖွားမှာ လှုပ်လှုပ်လေး ပြေးရင်း သမီးလေး .. မိမိုလေး .. မလုပ်ပါနဲ့ သမီးရဲ့ နဲ့  ..
လူနံ့ ရရင် လန်းကနဲ တွယ်ဖို့ ချောင်းနေတဲ့ ကျွတ်တွေဟာ ကျမအနံ့ ရရင်တော့
ကြောက်ပြီးတောင် ပုန်းကုန်ကြမယ်ထင်ပါတယ် ..
ကျွတ်ကိုဖမ်း ..ဖွားရဲ့ ဆေးလိပ်ပြာခွက်ထဲက ပြာတွေနဲ့  လုံး ..
ကျွတ်တွေက ပြာထဲ မလှုပ်နိုင်ပဲ မဲမဲလုံးလေးတွေဖြစ်နေတာပါ ..
မဲမဲလုံးလေးတွေ တပုံကြီးရရင် ဖွားကို လက်တဆုပ်ကြီး နဲ့  ပြေးတို့  ..
အဲဒီတုန်းက ကျန်းမာရေးမကောင်းတဲ့ ဖွား .. မောနေမှာပဲ ..။

အိပ်မက်ထဲမှာ ကျမ က ငယ်နေပြီး ဖွားရော ကျမရော ရီနေကြပါတယ် ..
ဘာကို အရမ်းပျော်နေမှန်း မမှတ်မိတော့ပါဘူး ..
အခု စဉ်းစားလိုက်ချိန်မှာ .. ဖွားကိုလက်တွဲပြီး .. မော့မော့ကြည့်ပြီး
ကျမ လမ်းလျှောက်ထွက်ချင်နေသေးတယ် ..
တလမ်းလုံး ဖွားပြောသွားတဲ့ စကားတွေဟာ .. ကလေးနဲ့  တန်တဲ့
ဗဟုသုတတွေပါ ..။ ကျမ ခုချိန်ထိ သွေဖီလို့ မရသေးတဲ့  စည်းကမ်းတွေ ..
ခုချိန်ထိ လိုက်နာလို့ မဆုံးနိုင်သေးတဲ့ လူကောင်းကျင့်ဝတ်တွေ ..
ခုချိန်ထိ မှန်ကန်နေတဲ့ လောကကြီးရဲ နိယာမ တွေ ..   ..   ..
ကျမ အဲဒီတုန်းက ကျမအဖွားဟာ အင်မတန်တန်ဖိုးရှိတဲ့သူဆိုတာ ..
နားမလည်တတ်ခဲ့သေးဘူး..။

ဖွား ဆုံးတော့ ကျမ ငိုရကောင်းမှန်းမသိဘူး..
ဖွား မရှိတော့တာလို့ လည်းမထင်ဘူး..
အဲဒီတုန်းက အိမ်မှာပဲ ထားကြတာဆိုတော့ ..မနက်မိုးလင်းတိုင်း လူအလစ်မှာ ..
ဖွားကို နဲနဲလေးလှုပ်ပြီး သွားနှိုးကြည့်တယ် ..
ဆွေမျိုးတွေ မိတ်ဆွေတွေ အ၀င်အထွက်ရှုပ်ရှက်ခတ်နေတော့ ..
အရမ်း အထီးမကျန်ဘူးလိုပဲ .. ဖွားအိပ်နေတာလို ခနခနတော့ သွားကြည့်တယ် ..
အသုဘ ချတဲ့ဆီ ကျမတို့  ခလေးတွေ မလိုက်ရဘူး ..
အိမ်မှာကျန်ခဲ့ရတယ် .. အဲဒီလို ဖွားကို မတွေ့ တော့မှ စ ပြီး ..
ကျမ အရမ်းဝမ်းနည်းတယ် ..
တကယ်မရှိတော့ဘူး .. ဘယ်တော့မှလည်း ပြန်မရှိလာတော့ဘူးဆိုတာ ..
နောက်ရက်တွေကျမှ ကျမနားလည်တယ် ..
သေခြင်း..ဆုံးခြင်း ..ကွယ်လွန်ခြင်း  ဆိုတာကို ဒါပါလားလို့  ..
ကျမဘ၀မှာ ပထမဆုံး သိလိုက်တာပါ ..။

အဲဒီရက်တွေက ဖွားနဲ့ တူတူ အိပ်နေတာကို .. ခနခနအိပ်မက်မက်ပြီး ..
ဖွား ..သေပြီ လို့ လည်း အိပ်မက်ထဲမှာ ပြန်ပြန်သိနေခဲ့တာကို ..
အခုပြန်တွေးမိရင်း ..ဖွားကို အရမ်းသတိရမိပါတယ် ..
အိပ်မက်မက်နေရင်း အိပ်မက်လို့ တောင် မထင်နိုင်ခဲ့ပါဘူး ...  ...  ...။


လမင်းမိုမို

မူရင်း - လမင်းမိုမို

1 comments:

popo said...

မမိုရဲ့ အဖွားအကြောင်းလေးဖတ်ပြီး မြတ်မွန်ရဲ့ကွယ်လွန်သွားတဲ့အဖွားကိုသတိရလိုက်တာ...