Monday, August 29, 2011

" ချစ်ခြင်း ၏ ဧရိယာ အတွင်းက လွန်းထားထား "

Please click on photo to ENLARGE!


ဒီနေ့ အချိန်ရတာနဲ့ အမရင်းလို ချစ်ခင်ရတဲ့ စာရေးဆရာမ လွန်းထားထားရဲ့ " ချစ်ခြင်း ၏ ဧရိယာ အတွင်း ရောက်ရှိနေပါသဖြင့် ခေါ်ဆို၍ရနိုင်ပါသည် " ဆိုတဲ့ ဝတ္ထုကို ဖတ်ဖြစ်ပါတယ်။

" နွေးအားမာန် " နဲ့ " ဇွဲနေသန် " ဆိုတဲ့ ထက်မြက် ထူးချွန်ပြီး မပြည့်စုံကြတဲ့ တက်သစ်စအရွယ် လူငယ်လေး နှစ်ယောက်ရဲ့ အိပ်မက်တွေကို
" သဝဏ်မေပျို " နဲ့ " နွေဥသြ " ဆိုတဲ့ အရွယ်ရောက်ပြီးသား ပညာ နဲ့ စည်းစိမ်ဥစ္စာ ပြည့်စုံပြီးသား ချစ်သူ နှစ်ဦးက လျှို့ဝှက်စွာ အကောင်အထည်ဖေါ်ပေးခဲ့တဲ့ ဇာတ်လမ်းလေး လို့ အကျဉ်းချုံးပြောလို့ရပါတယ် ...

ဒီဝတ္ထုလေးကို အသေးစိပ် သုံးသပ်ပြပါရစေ .. 

ကျွန်တော် ကောက်နှုတ် တင်ပြချင်တာလေးတွေက ...


(၁) ဝတ္ထုရဲ့ အမည်ဟာ အနည်းငယ်လေး ရှည်လျားနေသယောင်ရှိပါတယ်


တစ်ကယ်ဆိုရင် " ချစ်ခြင်း၏ ဧရိယာအတွင်း၌ " သို့မဟုတ် " ချစ်ခြင်း၏ ဧရိယာအတွင်း ရောက်ရှိနေပါသဖြင့် " ဆိုရင် လုံလောက်နေပါပြီ လို့ ပြောချင်ရင် ရပါတယ် ..

ဒါပေမယ့် စာရေးသူရဲ့ မူရင်း ဦးတည်ချက်ဖြစ်တဲ့ မြန်မာ့ ကြိုးမဲ့ဆက်သွယ်ရေးစနစ် မှာ ရေပန်းစားနေပြီးသား အလိုအလျောက်ဖြေကြားပေးနေတဲ့ ကြိုတင်အသံသွင်း ဖြေကြားသံ Automatic Answering Tone ရဲ့ Theme ကို အမိအရ ယူထားတဲ့ ဖွဲ့နွဲ့ မှု ဖြစ်တာကြောင့် ဒါကို ခွင့်လွှတ်နားလည်ပေးလို့ ရကြမှာပါ..


(၂) ဝတ္ထု မှာ ပါတဲ့ Information Technology Related Terms ( အဆင့်မြင့် ဆက်သွယ်ရေးနည်းပညာ နှင့် ပါတ်သက်သော အသုံးအနှုန်းများ ) တွေ ဟာ အင်တာနက် ပုံမှန်သုံးစွဲနေသူ (သို့မဟုတ်) Internet နဲ့ Computer ဆိုင်ရာ English ဝေါဟာရ နဲ့ နည်းပညာ တွေကိုလဲ တော်တော်လေး နားလည် တတ်မြောက် ထားပြီးတဲ့ လူတန်းစားတစ်ရပ် အတွက် ပဲ ပို ထိမိနေတယ်လို့ လဲ ယူဆစရာရှိပါတယ် ..


ဒီအချက် က ပြောရမယ် ဆိုရင် အရမ်းကျယ်ပြန့်သွားနိုင်ပါတယ် ...

ဧရာဝတီ မြစ်ဝကျွန်းပေါ် က နေပြီး အညာ ကျောက်ပန်းတောင်း ခါကာဘိုရာဇီ အထိ လက်လုပ်လက်စား တောင်ယာစိုက်စားနေတဲ့ တိုင်းရင်းသားတွေ ...
Computer ဆိုတာ လက်နှိပ်စက်အကြီးစားလေးပါ လို့ ဘဲ နားလည်ထားတဲ့ အခြေခံ လူတန်းစားတွေ ... အတွက် ဘယ်လို မှ ခံစားလို့ မရဘူး ဆိုတဲ့ တစ်ချက်တော့ ထောက်ပြစရာရှိပါတယ် ..

ဒါပေမယ့် ဒီ အထိ လိုက်တွေးပြီး ရေးရမယ် ဆိုရင် စာရေးဆရာတစ်ယောက် မှာ ကျဉ်းမြောင်း ပိတ်ဆို့ နေတဲ့ တွေးခေါ်မှု ရပ်ဝန်း တစ်ခု ဖြစ်လာပါလိမ့်မယ်

ဒီတော့ တိုးတက်ပြောင်းလဲတဲ့ နိုင်ငံတော် တစ်ခု ကို တည်ဆောက်နေဆဲ အချိန်မှာ ကျွန်တော်တို့ အားလုံး ခေတ်မှီစွာ နေထိုင် ကျင့်သုံးဖို့ လိုအပ်နေပြီဆိုတာ ကို လက်ခံယုံကလွဲလို့ တခြား ရွေးစရာ မရှိပါဘူး


လူက ခေတ် နောက်ကို လိုက်နေမှသာ တိုးတက်လာမှာပါ
ခေတ်က လူကိုပြန်စောင့်နေဖို့ တိုက်တွန်းတာလောက် မိုက်မဲတာ မရှိပါဘူး


ဒါကြောင့် ကျွန်တော် စာရေးသူကို ကန့်ကွက်စရာမရှိပါဘူး


(၃) ဝတ္ထုက စိတ်ကူးယဉ်ဆန်လွန်းတယ် အပြင်မှာ အဲ့ဒိလောက် ဘယ်သူမှ ကံမကောင်းဘူး လို့ ပြောမယ် ဆိုရင် ပြောနိုင်ပါတယ်


ဒီနေရာမှာ တော်တော်လေး ရှင်းစရာရှိပါတယ်

ရသဝတ္ထု တွေကို Fiction ( စိတ်ကူးယဉ် စာပေ ) လို့ ခေါ်ပါတယ်

ရသဝတ္ထု ဟာ Biography ( အတ္ထုပတ္တိ ) မဟုတ်သလို Documentry ( မှတ်တမ်းတင်ဖြစ်ရပ်မှန် ) လဲ  မဟုတ်ပါဘူး

ဒါဆို ရသ ဝတ္ထုတွေ ဖတ်ခြင်းကြောင့် ဘာကောင်းကျိုးရှိသလဲ လို့ မေးလာနိုင်ပါတယ်

ဒီနေရာမှာ ကျွန်တော် နားလည်ထားတာကို ပြောပြပါ့မယ် ...


ကျွန်တော်တို့ နေထိုင် ရှင်သန်နေတဲ့ ကမ္ဘာကြီးမှာ လက်ရှိသုံးစွဲနေတဲ့..
စက်မှု နည်းပညာ သိပ္ပံ ဆေးပညာ ဆိုင်ရာ အသုံးအဆောင် များ ..
လျှပ်စစ်ပစ္စည်းများ ..
စက်ပစ္စည်းများ ..
တွေ့ရှိ တီထွင် ချက်များ ... အားလုံး ရဲ့ အရင်းအမြစ်ဟာ စိတ်ကူးယဉ်မှုပါဘဲ

Isaac Newton, Thomas Edison, James Watt, Albert Einstein အစရှိတဲ့ ပညာရှင် ကြီးများ အားလုံး စိတ်ကူးယဉ်တတ်ခဲ့လို့ ကျွန်တော်တို့ ကမ္ဘာကြီး ပြောင်းလဲတိုးတက်ခဲ့ရတာပါ

မြင်းတွေထက်မြန်အောင် ပြေးချင်တဲ့စိတ်ကူးယဉ်မှု ကြောင့် ကားဆိုတာ ပေါ်လာတယ်
ငါးတွေထက်မြန်အောင် ရေကူးချင်တဲ့ စိတ်ကူးယဉ်မှုကြောင့် သင်္ဘော ဆိုတာ ပေါ်လာတယ်
ငှက်တွေထက်မြန်အောင်ပျံသန်းချင်တဲ့ စိတ်ကူးယဉ်မှုကြောင့် လေယဉ်ပျံဆိုတာ ပေါ်လာတယ်
ရေမြေခြားနေပေမယ့် အသံလေးကြားရရင်ကောင်းမယ်လို့ စိတ်ကူးယဉ်မှုကြောင့် တယ်လီဖုန်းဆိုတာ ပေါ်လာခဲ့ပါတယ်

လူ့သဘာဝကိုက အတ္တ နဲ့ ဆန္ဒ ကြောင့် လိုအပ်ချက်တစ်ခု ခံစားလာရတဲ့အခါတိုင်းမှာ အရင်ဆုံး စလုပ်မိကြတာ စိတ်ကူးယဉ်ခြင်းပါဘဲ

ဒီစိတ်ကူးယဉ်မှု ကနေ မျှော်လင့်ခြင်း ..
မျှော်လင့်ခြင်း ကနေ အားမာန် ဖြစ်လာပြီး ဖြစ်အောင် ကြိုးစားမယ် ရအောင် ကို အကောင်အထည်ဖေါ်မယ် ဆိုတဲ့ ဇွဲ သတ္တိ နဲ့ လုံ့လ ဝီရိယ ဆိုတာတွေ ပေါင်းစပ်လာမှသာ အောင်မြင် မှု ဆိုတဲ့ ပန်းတိုင်ကိုရောက်ကြစမြဲပါ။

ဒီတော့ စိတ်ကူးယဉ် ရသ ဝတ္ထုတွေ ဖတ်တိုင်း အဓိပ္ပါယ် မဲ့ လို့ သတ်မှတ်မယ် ဆိုရင် လုံးဝ မှားယွင်းပါတယ်။

အထူးသဖြင့် ဒီလို စိတ်ကူးယဉ် ရသစာပေ မျိုးဟာ လူတွေရဲ့ စိတ်ဓါတ်ကို နိုးကြားတက်ကြွ လာအောင် လှုံ့ဆော် ပေးနိုင်တဲ့အတွက် ယနေ့ အနောက်နိုင်ငံများ မှာတောင် အသက် ၂၀ အောက် ကလေးတွေ ဖတ်သင့်တဲ့ Inspirational (ဇွဲ ရှိစေသော / အားမာန်ဖြည့်တင်းပေးသော) စာပေအဖြစ် သတ်မှတ်ပြဋန်း နေကြပါပြီ။

စာရေးသူ ကိုယ်တိုင်လဲ ငယ်စဉ်ကထဲက ရသ ဝတ္ထု တွေ ဖတ်ရင်းကြီးပြင်းလာခဲ့တာပါ
ကျွန်တော်ဟာ ဂျာနယ်ကျော် မမလေး ယုဝတီခင်စိန်လှိုင် သော်တာဆွေ က စလို့ နေနွယ်ဇင်မြင့် မင်းလူ မောင်ဝဏ္ဏ မင်းသိင်္ခ ဇော်ဇော်အောင် နေလင်းအောင် မိုးကျော်သူ စမ်းစမ်းနွဲ့ (သာယာဝတီ) ကြည်အေး ဂျူး လဲ မလွတ်သလို လမင်းမိုမို ပုဏ္ဏမီ လွန်းထားထား ခေတ်အထိ အကုန် ဖတ်ခဲ့သူပါ။

ဒါ ကျွန်တော် လောလောဆယ် အလွယ် မှတ်မိသလိုရေးလိုက်တာပါ အမည်ကျန်ခဲ့တဲ့ စာရေးဆရာ များ စွာ ရှိပါသေးတယ်

ဒီ စာရေးဆရာတွေ အားလုံးနဲ့ ပါတ်သက်ပြီး အဲ့ဒိတုန်းက ကျွန်တော်က ကလေး ဘဝ ဆိုတော့ ကလေးတစ်ယောက်လို နားလည် မှတ်မိတာ ကို ပြောပြပါရစေ


အားလုံးထဲမှာ ကျွန်တော့် ရင်ထဲက ယုံကြည်မှု မာန နဲ့ သတ္တိ ကို အခိုင်မာဆုံးဆောက်တည်ပေးခဲ့တာ အန်တီထွေးလို့ ခေါ်တဲ့ စာရေးဆရာမ ဒေါ်နေနွယ်ဇင်မြင့် ပါ


သူရေးတဲ့ စာတွေအားလုံးထဲက အဓိကဇတ်ကောင်တွေမှာ ပြင်းပြထက်မြက်တဲ့ မာန တစ်ခု ပါပါတယ်
သူ့ ရဲ့ ဇာတ်ကောင်တွေဟာ အမြဲတမ်း ခြောက်ပြစ်ကင်း သဲလဲစင်တွေ မဟုတ်သလို မွေးရာပါ လူတော်တွေ မဟုတ်ခဲ့ပါဘူး
ဒါပေမယ့် သူတို့ ဟာ ဖြတ်သန်းခဲ့ရတဲ့ ဘဝ ကနေ ရလာတဲ့ ဒါဏ်ရာတွေ နာကျည်းမှု အမာရွတ်တွေ အပေါ် အကောင်းဖက်က သုံးသပ်တွေးခေါ် သင်္ခန်းစာယူ ပြုပြင် ရင်း အရာရာကို အောင်နိုင် သူတွေ ဖြစ်အောင် ဖန်တီးယူနိုင်ခဲ့တာ ကို ကျွန်တော် အရမ်း အားကျခဲ့ဖူးပါတယ်

ဒါကြောင့် လဲ ကျွန်တော့် စိတ်တွေ ဟာ မာထန်မနေပေမယ့် ဘယ်တုန်းကမှ မပဲ့ကျခဲ့တာပါ ...

ဆိုလိုတာက ကျွန်တော်ဟာ သူ့ ဝတ္ထုတွေထဲက မင်းသား/မင်းသမီး တွေ လောက်  ဇာတ်သိမ်းလှ မလှ ကျွန်တော် မသိပေမယ့် သူ့ ဝတ္ထုတွေ ထဲက မင်းသား/မင်းသမီး တွေလိုဘဲ လောကဒါဏ်ကို အပြုံးမပျက် တောင့်ခံနိုင်ခဲ့ပါတယ်

ဒီအတွက် သူ ဟာ ကျွန်တော့်ကို လောကမှာ အကြိမ်ကြိမ်ပြန်လည်မွေးဖွားပေးခဲ့ဖူးတဲ့ မိခင် တစ်ယောက်ပါ လို့ ဆိုရင် ပိုတယ်လို့ ပြောလို့မရပါဘူး

ဒီ " ချစ်ခြင်း ၏ ဧရိယာ အတွင်း " ဝတ္ထုကို ဖတ်လိုက်ရတဲ့အခါ မှာလဲ တွေဝေ စိတ်ဓါတ်ကျနေတဲ့ လူငယ်တစ်ယောက်ရဲ့ ရင်ထဲမှာ စိတ်ကူးယဉ်ဆန်ဆန် မျှော်လင့်ချက် တစ်မျိုး ပြန်လည်တောက်ပလာနိုင်ပါတယ်

ဒါဟာ ရသစာပေ ရဲ့ ထိရောက်အကျိုးပြုနိုင်စွမ်း အမြင့်မားဆုံး အနေအထားပါဘဲ

ဒါကြောင့် စာရေးသူ လွန်းထားထား ဟာ နည်းပညာ အရ မြန်မာပြည်သူတွေ အတွက် မျှော်လင့်ချက် ကြီးမားသလို ရသ အနုပညာ မှာလည်း မလစ်ဟင်းခဲ့ပါဘူး ဆိုတာ ယ္ခုစာအုပ်ထဲမှာ ထင်ရှားစွာမြင်နိုင်တဲ့အတွက် အနုပညာအရရော အမျိုးသားရေး စိတ်ဓါတ်အရ လေးစားစွာ ဦးညွတ်လိုက်ပါတယ်


ကျွန်တော့်တို့ အားလုံး လောက မှာ ဘယ်တော့မှ မစွန့်လွှတ်သင့်တဲ့အရာဟာ ယုံကြည်မှုပါ


နွေးအားမာန် နဲ့ ဇွဲနေသန် လို ကလေးတွေ အပြင်မှာ ရှိနေသမျှ
သဝဏ်မေပျို နဲ့ နွေဥသြ လိုလူတွေ ရှိနေဦးမှာ ပါဘဲ


ဒီတော့ သူတို့လို လမ်းစရှာနေဆဲ ကလေးတွေ  ညီ ညီမလေး တွေ ကိုပြောချင်တာက


စိတ်မလျှော့ပါနဲ့
ဆက်ကျိုးစားပါ
သင့်အနာဂါတ်ကို လင်းလက်တောက်ပလာအောင် ဖန်ဆင်း ကယ်တင်ပေးမယ့်သူ
သင့်ရင်ခုန်သံကို နားလည်ယုံကြည်ပေးမယ့် သူတစ်ဦး တစ်နေ့နေ့ ပေါ်ကို ပေါ်လာမှာပါ


မျိုးချစ်မြန်မာ

" If you truly believe in your dreams, they will become reality "

Myo Chit Myanmar

0 comments: