Friday, December 14, 2007

နောက်ဆုံး ငြိမ်သက်ခြင်း


ဒီနေ့သူငယ်ချင်းတစ်ယောက်ကမေးတယ်..
ရန်ကုန်အခြေအနေ ငြိမ်သွားပြိလား တဲ့..

ဖြတ်ကနဲ သတိရလိုက်တာတစ်ခုရှိတယ်၊
ဖတ်ခဲ့ဖူးတဲ့စာအုပ်တစ်အုပ်ထဲကပေါ့နော်
ဘယ်စာအုပ်မှန်း သတိမရတော့တာတော့ ဝန်ခံပါရစေ။

ဒြပ်ဝတ္ထုတိုင်းကို မော်လီကျူးလေးတွေနဲ့ဖွဲ့စည်းထားတယ်၊
အဲ့ဒိမော်လီကျူးလေးတွေကို တစ်နည်းနည်းနဲ့လှုပ်ရှားပေးနိုင်ခဲ့ရင်
အပူဆိုတဲ့စွမ်းအင်ထွက်ပေါ်လာတယ်
ဒီတွေ့ရှိချက်ကြောင့် အခုအနောက်နိုင်ငံတွေမှာ လူတိုင်းသုံးနေတဲ့
(ကျွန်တော်တို့မြန်မာတွေ တော်တော်များများ မမြင်ဖူးသေးတဲ့)
မိုက်ကရိုဝေ့(ဖ်)ဆိုတာကို တီထွင်နိုင်ခဲ့တယ်။

ဒီစက်ကလေးရဲ့ အားနည်းချက်ကလေးတစ်ခုကတော့ဖြင့်
မော်လီကျူးလေးတွေကို လုံးဝလှုပ်ရှားလို့မရတဲ့ဒြပ်ဝတ္ထုမျိုး
(ဥပမာ သံထည်လိုပေါ့)
လှုပ်ရှားမှု့ ကြောင့်ကြီးထွားလာတဲ့အရွယ်အစားကို
ထပ်ပြီးလက်မခံနိုင်တော့တဲ့ အခြေအနေမျိုးတွေကိုရောက်လာတဲ့အခါ
(ဥပမာ ကြက်ဥလေးတစ်လုံးပေါ့)
အဲဒိအရာဝတ္ထုတစ်ခုလုံးပေါက်ကွဲသွားစေနိုင်ပါတယ်။

ဒြပ်ဝတ္ထုတွေအားလုံး ပေါက်ကွဲတဲ့အခါတိုင်းမှာလဲ အဆင့်ဆင့်ရှိပါတယ်
ပထမအဆင့်ကတော့ မော်လီကျူးလေးတွေလျှင်မြင်စွာလှုပ်ရှားရမယ်
လှူပ်ရှားမှု့အမြင့်ဆုံး အခြေအနေတစ်ခုကိုရောက်သွားတဲ့အခါမှ
ပေါက်ကွဲခြင်း ဆိုတဲ့ အဆင့်ကိုရောက်ရှိသွားပါတယ်။

ဒါပေမယ့် ဒီနေရာမှာ လူတော်တော်များများ မသိတာတစ်ခုရှိတယ်။

လျှင်မြင်စွာလှုပ်ရှားနေတဲ့ မော်လီကျူးလေးတွေမပေါက်ကွဲခင် နောက်ဆုံး..
သာမန်လူတွေရဲ့မျက်လုံးနဲ့လုံးဝမမြင်ရနိုင်တော့တဲ့…
တစ်စက္ကန့်ရဲ့အပုံတစ်သန်းပုံတစ်ပုံ… နောက်ဆုံးအချိန်မှာ…
အဲဒိမော်လီကျူးလေးတွေဘာဖြစ်သွားတယ်ထင်လဲ…..

သူတို့လုံးဝ ရပ်တန့်သွားကြတယ်လေ…..

အဲဒိအခြေအနေကို နောက်ဆုံးငြိမ်သက်ခြင်း လို့ခေါ်ပါတယ်

( ဒီကနေ့ ငြိမ်သွားပြိလား လို့မေးလာတဲ့
သူငယ်ချင်းကိုပြောချင်တာတစ်ခုရှိပါတယ်…
မြန်မာတွေရဲ့ရင်ထဲက ခံစားမှုဆိုတဲ့ မော်လီကျူးလေးတွေ
ငတ်မွတ်ခေါင်းပါးခြင်းရဲ့လှုံ့ဆော်မှုကြောင့် သိပ်ကြီးထွားလာတဲ့အခါ
ကြက်ဥခွံလို နှလုံးသားတွေလဲ
နောက်ဆုံးငြိမ်သက်ခြင်း ဆိုတဲ့အဆင့်ကိုရောက်ရှိနေပါပြီလို့ )

( စက်တင်ဘာ ၁၁ ရက် ၂၀၀၇ ခုနှစ် မှ ပြန်လည်ဖြန့်ဝေမှု )

မျိုးချစ်

0 comments: