Wednesday, November 28, 2007

ကျွန်တော် နှင့် C-Box မှ သံယောဇဉ်များ

လောကကြီးမှာ ရှင်းပြလို့မရတာတွေ အများကြီးရှိပါတယ်
အများသိပြီးဖြစ်တဲ့အတိုင်း ဒီထဲမှာ အချစ် သို့မဟုတ် သံယောဇဉ်ဆိုတာလည်းပါပါတယ်
ဒီတစ်ခေါက် ကျွန်တော်ပြောချင်တာ အဲဒိသံယောဇဉ်တွေရဲ့အကြောင်းပါဘဲဗျာ…

ဒီအရေးအခင်းတွေစဖြစ်ခါနီးမှ ကျွန်တော် ဘလော့စရေးဖြစ်တယ်
စရေးတုန်းကတော့ ကိုယ့်ရင်ထဲက စကားလေးတွေကို ထွက်ပေါက်ပေးတဲ့သဘောပါ
ဘာမှလဲ မမျှော်လင့်ခဲ့ပါဘူး

ကျွန်တော့် ဘလော့လေး စဖွင့်ဖွင့်ခြင်းတုန်းက ဘယ်သူမှလဲမသိပါဘူး
နောက်ပြီး ကျွန်တော်က ဗမာလိုလဲ မရိုက်တတ်ဘူး ရိုက်ရင်လဲနှေးလွန်းလို့ စိတ်မရှည်ဘူး
ဒီတော့ တော်တော်လေးဒုက္ခရောက်တာပေါ့
အဲလိုပေါ့ဗျာ ပြောရရင်တော့ အရှည်ကြီးပေါ့နော်

လိုရင်းကိုပြောရရင်တော့ ကျွန်တော့် ဘလော့ လေးကို လူတွေစသိလာတယ်
ဒါကလဲ Cbox ထဲမှာ လူတွေများလာတယ်ဆိုတာကနေ သိခဲ့ရတာပေါ့ဗျာ
ကျွန်တော်က တခြား ဘလော့ဂါတွေလိုလဲ အထာကြီးနဲ့ မနေတတ်ဘူးဗျ
ကိုယ်တိုင်လဲ ဘာကောင်မှမဟုတ်ဘူးလို့ ခံယူထားတယ်လေ
ဒီတော့ ကျွန်တော်ကအားလုံး ဘယ်သူမဆို ကိုယ့်ကိုအားပေးလာရင် ၀မ်းသာတယ်
ချက်ခြင်းလဲ ပြန်တုံ့ပြန်တယ် ပြန်ပြော ပြန်ဖြေ ပေးတယ်

ဒီမှာတင် ကျွန်တော့် ခေါင်းထဲမှာ စိတ်ကူးတခုရလာတယ်
ကျွန်တော်လူတွေရဲ့ အကြောင်းကိုပြန်လေ့လာလိုက်တော့
လူဆိုတာ တုံ့ပြန်မှု အပေါ် မူတည်ပြီး အသက်ရှင်နေရတာဗျ
ဥပမာ မိတ်ဆွေက ဘားလမ်း ထဲ မျိုးကြီး VCD တချပ်သွားဝယ်တယ်
အဲဒိမှာ မျိုးကြီးက ဆိုင်ထဲကလူကိုယ်တိုင်ထွက်လာပြီး မိတ်ဆွေကို နှုတ်ဆက်မယ်…
ပြီးတော့သူက မိတ်ဆွေကို အရေးတစိုက် ဘာညာတွေမေးတယ်ပေါ့ဗျာ
ဒါဆိုမိတ်ဆွေ တော်တော် ကျေနပ်သွားမှာပါ ဟုတ်တယ် ဟုတ်…

ဘာလို့ဆိုတော့ မိတ်ဆွေကလူဘဲလေ ဒါမျိုး လူတိုင်းဖြစ်ဘူးပါတယ်
ဂျူး ၀ထ္တု ဖတ်ပြီးရင် ဂျူး နဲ့စကားပြောချင်စိတ်ဝင်လာတာဘဲ
ဒီတော့ ကျွန်တော်တွေးမိတာက …
( ငါရေးထားတာလေးတွေဖတ်ကြည့်ပြီးရင် ငါ့ကိုသူတို့ တခုခု ပြောချင်မှာဘဲ
ပြောချင်တာလေးတော့ ပြောလိုက်ရရင် လူတိုင်းစိတ်ထဲပေါ့သွားမယ်လေ )

ဒီလို တွေးမိတယ်ပေါ့နော် ဒါကြောင့်လဲ Cbox လေးမှာအမြဲနေပေးခဲ့ပါတယ်
ဒီမှာတင်ဇာတ်လမ်းကစတော့တာဘဲ
အစကတော့ ကျွန်တော်လဲ အတ္တရှိတဲ့လူတယောက်အနေနဲ့ ကျေနပ်တာပေါ့နော်
အော်ငါရေးတဲ့စာလေးတွေ ဖတ်တဲ့လူတွေတယ်များပါလားဆိုပြီး…

နောက်ပိုင်းမှာ ကျွန်တော့် Cbox ကို သာမန်စာဖတ်သူတွေထက် ပိုလေးနက်တဲ့
တကယ့် နိုင်ငံရေးသမားတွေ တစ်ခြားနာမည်ကြီးဘလော့ဂါတွေ ရောက်လာတယ်

နောက်ပြီးတောထဲက တောခိုနေဆဲ ကျောင်းသားတွေရယ်… သူတို့နဲ့ အတူရှိနေတဲ့
နအဖ ရဲ့ သူပုန် အမည်ခံ လက်နက်ကိုင် တိုင်းရင်းသားတွေ လဲ လာဖတ်ကြတယ်
ဒီတော့ကျွန်တော် လဲ ၀မ်းသာမိသလို ပိုလဲတာဝန်ကြီးလာပြီဆိုတာ နားလည်လိုက်တယ်

နောက်တဖြေးဖြေးနဲ့ မမေငြိမ်းတို့ မခင်မင်းဇော်တို့ ကိုနစ်တို့ လို ၈၈ မျိုးဆက် ဘလော့ဂါတွေ
s0wha1 လင်းလက် ကလိုစေးထူး တို့လို လူငယ် ဘလော့ဂါတွေ နဲ့လဲခင်မင်ခွင့်ရခဲ့တယ်

ကျွန်တော့်ဘလော့လေး စဖြစ်ဖြစ်ခြင်းက စာလုံးပေါင်းတွေမှားရင် မမေငြိမ်းက စစ်ပေးရတယ်
ပြီးတော့ (အထူးသဖြင့်ပေါ့နော်) မသဒ္ဒါကြီးဆို ကျွန်တော် ဆိုးတာ ဂျီကျတာအခံရဆုံးပါဘဲ
ဒီဘလော့ ဒီဇိုင်းတွေအားလုံး မသဒ္ဒါ ဘဲ ပြန်လုပ်ပေးထားတာပါ ( ညည်းညူရင်းပေါ့နော် )
စလုပ်လုပ်ခြင်းတုန်းက ကူညီပေးခဲ့တာကတော့ s0wha1 ရဲ့သူငယ်ချင်းလေးတယောက်ပါ
သူ့နာမည် ထည့်ရေးဖို့ခွင့်မတောင်းထားမိလို့ မရေးတော့ပါဘူး

ကဲဗျာပြောရရင် မိတ်ဆွေသစ်တွေ အများကြီးရလာတယ်ပေါ့ဗျာ
ကိုတောသားကြီး, ကိုကို, ကိုဘိုဘို, ကိုကြီး Generation1988, ရွှေဥဒေါင်း, ကို DID, FREE BURMA
တို့လို အမြဲလာသူတွေ
နောက်ပြီး နအဖ ရဲ့ ခတ်ကြောင်ကြောင် ကောင်တွေ လဲပါတာပေါ့နော်
အဲဒိကစပြီး ကျွန်တော့် ရဲ့ နေ့စဉ်ဘ၀မှာ တာဝန်တခုပိုလာခဲ့တယ်
မိုးလင်းတာနဲ့ ကျွန်တော် Cbox ထဲက မိတ်ဆွေတွေ အားလုံးကို နှုတ်ဆက်ချင်တယ်
နောက်ပြီးတော့ ညက Cbox ထဲကျွန်တော်အိပ်ပျော်သွားတုန်း ဘာတွေပြောကြသလဲ
ဘယ်သူတွေ ၀င်ပြီးဆဲဆိုသွားကြသလဲ ဒါဆိုဒီလူတွေကို ဘန်း စာတွေကိုဖျက် ပေါ့နော်
ပြီးတော့ဘာတွေဆက်ပြောနေကြလဲ ဟိုခွေးတွေများဝင်ဆဲနေပြီလား
အလုပ်ရောက်ရင်လဲ ပြောခံရမှာစိုးလို့ ခိုးခိုးပြီးတက်ကြည့်ရတယ်
လစ်ရင်လစ်သလို ၀င်ဝင်ရေးရတာပေါ့နော်

ဒါနဲ့ဘဲ မိုက်ဇာတ်ခင်းပြီး Cbox ကိုတောင် Upgrade လုပ်လိုက်ပါသေးတယ်

ပြီးတော့ညနေ အလုပ်ပြန်လာရင်လဲ ဘယ်သူတွေရှိနေသလဲ အရင်ကြည့်
အားလုံးကို နှုတ်ဆက် ပြီးမှ ရေချိုးဘာညာ လုပ်စရာရှိတာလုပ်နှိုင်တယ်
ပြီးတာနဲ့ Cbox ရှေ့မှာငုတ်တုတ်ထိုင်ပြီး ကလေးထိန်းကြီးလုပ်တော့တာဘဲ

ဒီလိုနဲ့ ကျွန်တော် သတိမထားလိုက်မိခင် အချိန်မှာဘဲ
ကျွန်တော်ဟာ Cbox ထဲမှာ ကျွန်တော် မသိတဲ့နောက်ထပ် ဘ၀တခုကို
စတင်တည်ဆောက်ထားပြီးခဲ့ပြီလေ

ဒီကစပြီး ကျွန်တော့်ဘ၀တစ်ခုလုံး ပြောင်းလဲသွားတယ်
ကျွန်တော် အလုပ်လဲ ကောင်းကောင်းမလုပ်နှိုင်တော့ဘူး
တခြားကိစ္စတွေလဲ စိတ်မ၀င်စားတော့ဘူး
မိတ်ဆွေတို့ Cbox ထဲမှာရှိနေချိန်တိုင်း ကျွန်တော် ထိုင်စောင့်ပေးတယ်
သတင်းမှားတွေပေးလာမှာ ကျွန်တော်ကာကွယ်ပေးချင်တယ်
Cbox လေးထဲကလူတွေကို ကျွန်တော့်မိတ်ဆွေရင်းတွေလို့ သတ်မှတ်တယ်

ခင်ဗျားတို့ ပျော်ရင် ကျွန်တော်လဲ ပျော်တယ်
ခင်ဗျားတို့ ညစ်နေပြီဆို ကျွန်တော်လဲ ညစ်နေတယ်
ခင်ဗျားတို့တင်းပြီဆို ကျွန်တော်လဲ ရေလည်တင်းတယ်


မှတ်မိမလားတော့မသိဘူး စက်တင်ဘာလ ရဲ့ တစ်ညလေ
မန္တလေးက လေတပ် လေယာဉ်ပျံ တွေ ရန်ကုန် ကိုလာချပြီဆိုပြီး
နအဖ ခွေးတွေ သတင်းမှား လွှင့်လိုက်တဲ့အချိန်
ကျွန်တော်ကိုယ်တိုင် အငိုက်မိပြီး စိတ်တွေအရမ်း လှုပ်ရှားသွားတယ်
မဖြစ်နှိုင်ဘူးဆိုတာကိုသိရဲ့ နဲ့ ဟုတ်မှာပါဆိုပြီး ဇွတ်ယုံလိုက်မိတယ်
ကျွန်တော် ၀မ်းသာလွန်းလို့ မျက်ရည်တွေကျလာတယ်
အဲဒိအချိန်မှာ ကျွန်တော့်မိတ်ဆွေတွေ လဲ
ဒီလိုဘဲခံစားနေရတယ်ဆိုတာ ရင်ထဲက သိနေတယ်

ကျွန်တော်ဒီမှာ ပိုစိတ်မကောင်းဖြစ်သွားတာက
အော် သူတို့ခင်ဗျာ ကယ်မဲ့သူမရှိလို့ ဘာမှမတတ်နှိုင်တော့တဲ့ အချိန်လည်းကြရော
ခုနလေးတင်ဘဲ မုန်းလှပါချည်ရဲ့ ဆိုတဲ့ စစ်တပ် ကို ချက်ချင်းကိုဘဲ ကျေးဇူးတွေတင်ပြီးတော့
ပြည်သူ့စစ်သား ငါတို့စစ်သားဆိုပြီး ငါ အော်သလို လိုက်အော်ပေးကြရှာတယ် လို့

ဒီသတင်းကမဟုတ်ဘူးလို့ သိလိုက်ရတဲ့အခါ ကျွန်တော် ရင်ထဲမှာနင့်ကနဲ ဖြစ်သွားတယ်ဗျာ
ခင်ဗျားတို့ ကိုသနားလို့ ….. ကျွန်တော်ကြိတ်ပြီး ထပ်မျက်ရည်ကျရတယ်

အဲဒိနေ့က စပြီး မိတ်ဆွေတို့ အပေါ်မှာထားတဲ့ ကျွန်တော့်ရဲ့ သံယောဇဉ်က ပိုကြီးလာခဲ့တယ်

ဒီလိုနဲ့ ကျွန်တော် အလုပ်မှာလဲ ဘာမှဂရုမစိုက်နှိုင်တော့လို့ အလုပ်က ပြုတ်သွားတယ်
ကျွန်တော့်ကို ဖြုတ်တယ်လို့ မပြောဘဲ ထွက်မှာသေချာအောင် လုပ်လိုက်တယ်ပေါ့ဗျာ
ဒါလဲကျွန်တော်မမှုခဲ့ပါဘူးဗျာ

နေ့တိုင်းစိတ်ဘယ်လောက်ညစ်ညစ် ညနေ Cbox မှာ ခင်ဗျားတို့နဲ့တွေ့ ရင် ပျော်သွားတာဘဲ
ခင်ဗျားတို့က မင်္ဂလာပါ ကိုမျိုးချစ် လို့ နှုတ်ဆက်သံတွေဟာ အားဆေးတခုလိုဘဲ


ကျွန်တော် စိတ်အညစ်ခံ အလုပ်ပြုတ်ခံ ရကျိုးနပ်သွားသလိုဘဲ

ဒီလိုနဲ့ စက်တင်ဘာ အရေးတော်ပုံလဲပြီး အောက်တိုဘာလ လဲ အိပဲ့အိပဲ့နဲ့ ကျော်လာပါရော
ကျွန်တော်ကတော့ အလုပ်ကအဆင်မပြေ ၀င်ငွေကလဲမရှိတော့ဘူးပေါ့ဗျာ
ဒီတော့ ညစ်ညစ် နဲ့ ထိုင်နေရင်း တနေ့မှာ ကျွန်တော်တခုသွားတွေ့တယ်

ကျွန်တော့်ဆီလာနေကျ လူတွေထဲက (အကုန်လုံးထည့်ပြောရင်တော့မဆန့်ဘူးပေါ့ဗျာ)
ဥပမာ ဘိုဘို အကိုကြီး 88 ရွှေဥဒေါင်း အစရှိတဲ့ လူတွေ လုံးဝ ပျောက်သွားတယ်
သူတို့မအားကြတော့ဘူးလား ဘာဖြစ်သွားကြတာလဲ တွေးကြည့်မိတာပေါ့နော်
ကျွန်တော် တော်တော်လေး စိတ်မကောင်းဖြစ်သွားတယ်ပေါ့ဗျာ
သူတို့က ဒီတော်လှန်ရေး မအောင်မြင်လိုက်တာနဲ့ စိတ်မ၀င်စားတော့တာလား
ဒါဆို ကျွန်တော် အဆုံးရှုံးခံခဲ့ရတာတွေ လုံးဝမအိပ်လိုက်ရတဲ့ ညတွေကျတော့ရော
ကျွန်တော်တို့ အတူတူ ကြွေးကျော်ခဲ့ကြတဲ့နေ့တွေ ကျခဲ့တဲ့မျက်ရေတွေ ကို
ခေတ်မစားတော့တဲ့ သီချင်းတွေလိုဘဲ မေ့လျော့သွားကြပြီလား
ကျွန်တော် အဲဒိကစပြီး စာဆက်ရေးလို့ မရတော့ဘူး ဒါကြောင့် စာရေးပါးသွားခဲ့တာပါ…

ဒီနောက်ပိုင်းမှာ မိတ်ဆွေသစ်လေးတွေ စရလာတယ်
ကိုကို Taxi မောင်ရှင်း ကိုသံဒိုင် ကိုမာရီကိုးပါး AD MN မောင်ရင်အော ရာဇာ လူဆိုး Peacock စတဲ့ ယောက်ျားလေးတွေ
မမေဟန် လင်းလက် မေကြယ်ပွင့် စတဲ့ မိန်းကလေးတွေပေါ့နော်

အထူးသဖြင့် ကိုကိုဆိုရင် ဘာအကျိုးမှလဲမရှိဘဲ ကျွန်တော့်ကို ခင်တာသက်သက်နဲ့
သတင်းတွေကို ပေးနေခဲ့တာ တောက်လျှောက်ပါဘဲ

ဒါကြောင့်လဲ သူ့ စေတနာကို လေးစားလွန်းလို့ သတင်းသီးသန့်ကို တင်ပေးဖို့
ကျွန်တော် တောင်းဆိုခဲ့တာပါ ဒီအတွက် နေ့တိုင်းလဲ ကျေးဇူးတင်ပါတယ်

တနေ့ကတော့ဗျာ ကျွန်တော် Cbox ကိုဖွင့်ကြည့်လိုက်တယ်
User က ၁ ဦးတဲ့
ဟားဟား အဲဒါ ကျွန်တော်ဘဲပေါ့ဗျာ
အခုတဖြေးဖြေးနဲ့ နိုင်ငံရေး စိတ်ဝင်စားမှုနည်းလာကြပြီဆိုတာ ကျွန်တော်သိပါတယ်
လူဆိုတာ ဆူလွယ်အေးလွယ် တွေချည်းပါဘဲ
ဒါပေမယ့်ဗျာ ဘုန်းဘုန်းတွေ နဲ့ ပြည်သူတွေ ပေးခဲ့ရတဲ့ အသက်သွေးတွေ
ကျွန်တော်တို့ ဖြတ်သန်းခဲ့ရတဲ့ အိပ်ပျက်ညတွေ
နောက်ဆုံးရလာဒ် က ဒါဘဲလား
အချိန်တန်တော့ နွားပိန်ကန် သလိုဖြစ်သွားတာလား
အမေစု ၁၉ နှစ်လုံး အိမ်တွင်းပုန်းနေရတာ ၂၀၀၇ စက်တင်ဘာ အိပ်မက်လေးနဲ့ ပြီးသွားပြီလား
ကိုသူရ(ကိုဇာဂနာ) နှစ်ပေါင်းများစွာ ထောင်ထဲမှာ နေရင်းစောင့်ခဲ့ရတာ ဒီ တလ ဖျော်ဖြေရေး အတွက်လား
ကိုမင်းကိုနိုင်တို့ ကိုဂျင်မီ နဲ့ မနီလာသိန်း တို့ စွန့်လွှတ်ခဲ့တာတွေ ကို
သတင်းထူးမဟုတ်တာနဲ့ မေ့လိုက်ကြတော့မှာလား

စိတ်တော့မကောင်းဘူးပေါ့ဗျာ ဘာမှလဲမပြောချင်တော့ပါဘူး
တခုတော့သိထားပြီး သတိလေးရထားပေးကြမယ်ဆိုရင်ဘဲ ကျေနပ်ပါတယ်လေ

ခင်ဗျားတို့ နောက်ထပ် အသက် ၂၀ လောက်ထပ်ကြီးသွားပြီဆိုရင်
သားတွေသမီးကပေါက်ဖွားလာတဲ့ မြေးလေးတွေကို ပုံပြောတဲ့အခါ

" ဟိုးရှေးရှေးတုန်းက…
ဖိုးဖိုးတို့ လူမျိုးတွေဟာ…
မြန်မာလို့ ခေါ်တယ်ကွဲ့
အခုလို တရုပ်တု လို့ မခေါ်ဘူး…

နောက်ပြီး အဲဒိ မြန်မာပြည်ဆိုတာကြီးထဲမှာ
ဖိုးဖိုးတို့ ငယ်ငယ်တုန်းက
သင်္ဃန်းလို့ခေါ်တဲ့ ၀တ်ရုံနီနီကြီးတွေကိုခြုံထားတဲ့
ဘုန်းကြီးတွေဆိုတာလဲ ရှိခဲ့ဖူးတယ် ငါ့မြေးရဲ့ "


လို့ပြောနေရတော့မှာပါ... ဒီလိုပြောနေရင်းနဲ့

" အဲဒိတုန်းက အခုလိုစိတ်ထဲကတွေးတာနဲ့ ရေးပေးတဲ့စက်တွေမပေါ်ခင်တုန်းက
လက်နဲ့ နှိပ်နေရသေးတဲ့ခေတ်မှာ ဖိုးဖိုးတို့ ဖတ်စေချင်လွန်းလို့ မကျွမ်းကျင်တဲ့ကြားက
စာရေးရင်း အလုပ်တောင် အပြုတ်ခံခဲ့တဲ့ ကောင်လေးတယောက်လဲ ရှိခဲ့ဘူးတယ်
သူ့နာမည်က ဘာလဲတော့မမှတ်မိတော့ပါဘူး "

ဒီလောက်လေးများ အရေးတယူပြောဖြစ်မယ်ဆိုရင်တော့

ကျွန်တော်တစ်ဖက်သတ် ထားခဲ့ရတဲ့
CBox ထဲကသံယောဇဉ် လေးတွေဟာ အလကားတော့မဟုတ်ခဲ့ဘူးပေါ့ဗျာ

( စေတနာ စစ်ရင် ဝေဒနာ မဖြစ်ပါရစေနဲ့ )

မျိုးချစ်

မှတ်ချက်၊ ဖေါ်ပြဖို့ မေ့ကျန်ခဲ့တဲ့မိတ်ဆွေတွေကိုလဲ တောင်းပန်ပါတယ်ဗျာ

19 comments:

May Han said...

အစောကြီးထဲ က ပြောခဲ့ ဘူးပါတယ်။ ဒီ blog လေး နဲ့  c box ကို တယုတယ ထိမ်းသိမ်းပေးထား တဲ့ အတွက် ကျေးဇူး တွေ အများကြီး တင် ပါတယ်လို့ ။ ရှင် ကတော့  ပြောမှာ ပေါ့  ကျေးဇူးအတင်ခံချင် လို လုပ်နေတာ မဟုတ်ဘူးလို ။ ဘာ ပဲ ဖြစ်ဖြစ် ပါ ဒီ blog ကြောင့် ပြည် တွင်း ကျမတို့ ရဲ့  တိုက်ပွဲ ၀င် ညီ အကို မောင် နှမ များ သတင်းတွေကို တစုတစည်း ထဲ ဖတ်လို့ ရတယ် ၊နောက် ဒီ ညီ အကို မောင် နှမ များနဲ့ ပဲ စကားတွေ အတွေး အခေါ် တွေ ဖလှယ် လို ရတယ်၊ မျိုးဆက်ဟောင်းတွေနဲ့  မျိုးဆက်သစ် တွေ ချိတ်ဆက် နိုင် ခဲ့တယ်။ ရှင် တို့ ကျမတို့ ဟာ အပြင်မှာ ဆို ရှင် ပြောသလို ပါပဲ ဘ၀တွေ က တခြားဆီပါ… ဒါ ပေမဲ့  အခုတော့  ဒီ နေရာ လေးမှာ ဆုံ မိကြပြီး (ရှင် အပြော နဲ့ ဆို ရင် တော့  သံယောစဉ် ပေါ့လေ) ကျမ ကတော့  ရဲ ဘော် ရဲ ဘက် စိတ်တွေ တိုးလာ ရ တယ် လို ပဲ ပြောချင်ပါတယ်။ မနက်လင်းပြီ ဆို တာ နဲ့  ဒီ c box ကို တက် ဟို လူု ကော ရှိ နေရဲ လား ဒီ လူကော ရှိနေ ရဲ့  လား ဆို ပြီး ကြည် ရ တာ က အလုပ် တခု ဖြစ် လာ ပြီ လေ။ အထဲ က သူ တွေ ကို မမြင် ရ ရင် စိတ်တွေ က ပူ လို့ ။ ဒါ ပါပဲ ရဲ ဘော် ရဲ ဘက် စိတ်ဆို တာ။ အရင် တုံး က တော trench ကတုတ် တခု ထဲမှာ အတူတူ သေအတူ ရှင်မကွာ ဆို ပြီး တော့ တိုက်ခဲ့ ကြသူတွေ အခြင်းခြင်း ရဲ ဘော်ဆို ပြီး တလေးတစါး ခေါ် ပါပဲ ။ အခု ၂၁ ရာ စု ရဲ ဒီ I T ကတုတ်ကျင်းလေး ထဲ မှာ ရှင် တို့  ကျမတို့ ဟာ လည်း ရဲ ဘော် တွေ ပဲ မလား။ ဒီ တော့ …… ဒီ တိုက် ပွဲ ကို အောင် ပွဲ တွေ ရ တဲ အထိ ဒီ I T ကတုတ်ထဲ က ဖြစ်စေ၊ လမ်းမတွေပေါ်ကဖြစ်စေ၊ တိုက်ပွဲ တွေ ကြားထဲ ကဖြစ်စေ ကျမတို့  အား လုံး လက်တွဲပြီး သေအတူ ရှင် မကွာ အဖိနှိပ်ခံ ပြည်သူတွေ အတွက် တိုက်ပွဲ ၀င် ကြပါစို့  လို ………… ရှင် ရဲ ဒီ သံယောစဉ် တွေ အား လုံးကို ဦး ညွတ် လိုက်ပါတယ်။

jasmine said...

်ကိုမျိုးချစ်ရှင့်

cbox မှာသိပ်ပြီးဝင်ရေးလေ့မရှိပေမယ့် များသောအားဖြင့် ကိုမျိုးချစ် blog မှာရှိနေတတ်ပါတယ်။ ကိုမျိုးချစ် ရဲ့ကြိုးစားအားထုတ်မှုတွေအတွက်အရမ်းဂုဏ်ယူမိပါတယ်

jasmine

LIN LET KYAL SIN said...

အကိုမျိုးချစ်ရေ တစ်ခါတစ်လေ ကိစ္စလေးတွေပိသွားလို့ ခြေဦးမလှည့်ဖြစ်ပေမယ့် ဘလော့ခ်တွေစဖတ်တော့မယ်ဆို၇င် အကိုမျိုးချစ်ဘလော့ခ်ကို အမြဲဖွင့်ထားလေ့ရှိပါတယ်။ သတင်းစုံတာရော ဒီကလူတွေနဲ့ ခင်မင်နေတာရော ပေါင်းပြီး အမြဲလာလေ့ရှိတာလည်း ပါပါတယ် ။ သွေးမအေးသွားပါဘူး အကိုရေ ။ ရင်ထဲမှာ နာတဲ့အနာတွေက အနည်ထိုင်သွားရင်တောင် မပျောက်ဆုံးတဲ့ အမာရွတ်အကြီးကြီးအဖြစ် ကျန်ရှိနေပါတယ်။ တော်လှန်ရေးဆိုတာ ထဆူချင်မှ ဆူလို့ရတဲ့အရာတစ်ခုမှ မဟုတ်တာနော် ။ အကို့ကို အမြဲအားပေးခင်မင်နေလျက်နော်အကို။

ခင်မင်လေးစားစွာဖြင့်

ညီမ လင်းလက်ကြယ်စင်

မေငြိမ်း said...

မောင်လေးရေ..
လူတိုင်းဟာ သူတို့ဆိုင်ရာ ကိစ္စတွေ ရှိတာမို့ တခါတလေမှာ အဲလိုပဲဖြစ်တတ်ပါတယ်။ ဒါကို နားလည်ပေးရပါတယ်။ ဒါဟာ နိုင်ငံရေးမှာ လိုအပ်တဲ့အရေးကြီးတဲ့ စိတ်ရှည်မှုပါပဲ။ ကိုယ်က ကိုယ့်အလုပ်ကို သံယောဇဉ်ရှိရှိနဲ့ တစိုက်မတ်မတ် လုပ်ဖို့သာ လိုပါတယ်နော်။ အရေးကြီးတတဲ့အချိန်မှာ သွေားစည်းတာကိုက ကျေးဇူးတင်စရာပါ။

လူသစ် said...

ဟား ဟား ကောင်လေး ဘယ်လိုတွေဖြစ်နေသတုံးဟ။ ဆရာလုပ်တယ်လို့တော့မထင်ပါနဲ့။ ကိုယ်လုပ်စရာရှိတာ လုပ်စမ်းပါကွာ။ ရေးတာက ကိုယ့်အလုပ်၊ လာလည်တာဖတ်တာက သူတို့အလုပ်။ အားရင် လာမယ်။ မအားရင် မလာဘူးပေါ့ကွာ။ စိတ်ဓာတ်မကျစမ်းပါနဲ့။ မြန်မာနိုင်ငံအရေးကိစ္စက ရေရှည်ကိစ္စ။ ကလူသစ်တိှု့ဆို နှစ်ပေါင်း ၂၀နီးပါးစောင့်လာရတာလေကွယ်။ ဒီတခါတော့ပြီးလောက်ပြီလို့ မျှော်လင့်ချက်တော့ရှိတာပေါ့ကွာ။ မပြီးသေးတော့လဲ နောက်တချီပေါ့။ ဟုတ်ဘူးလား။

Anonymous said...

အကိုမျိုးချစ်
သံယောဇဉ်တွေနဲ့နှောင်ဖွဲ့ထားတဲ့ blog မို့ ထင်ပါရဲ့။ အားလုံးရဲ့ စိတ်တွေညီနေကြတာ ဒီနေ့ အဖို့အမှတ်တရပါပဲ ။ အကို့ကို ချစ်ခင်တဲ့ cbox က လူတွေအားလုံး အကို့စာကိုဖတ်ရင်း heart ထိထိကုန်ကျတာ...နှလုံးရောဂါရကုန်မှာတောင် စိုးရတယ်။ :)
တော်လှန်ရေးကြီးအောင်မြင်သွားတဲ့နောက်မှာ...မောင်နှမတတွေ ပြန်ဆုံကြရင်း ဒီအကြောင်းကို ပျော်ပျော်ရွှင်ရွှင် ထပ်ပြောနိုင်ဖို့ ဆုတောင်းနေပါတယ် ။
ချစ်ခင်စွာဖြင့်
မေကြယ်ပွင့်

YeKyawAungMDY said...

ကျနော် ကိုမျိုးချစ်ရဲ့ဘလော့ခ်က cbox မှာတော့ ရေးခဲပါတယ်။ ဒါပေမယ့် နေ့တိုင်းသတင်းတွေလာဖတ် ဖြစ်တယ်။ ကိုမျိုးချစ် ဘလော့ခ်ကို One of the kings of the media during September Saffron Revolution လို့ကို ဂုဏ်ပြု၊ အလေးပြုထားပါတယ်။
စိတ်ဓါတ်မကျပါနဲ့ဗျာ။ တစ်ချို့ကပြောကြတယ် မြန်မာလူမျိုးက hay fire လို့ ပြောကြတယ်။ အဲဒါကတော့ မှန်သင့်သလောက်တော့မှန်ပါလိမ့်မယ်။
နောက်ကျနော်တို့မှာ စံပြုရမယ့်ပုဂ္ဂိုလ်တွေ ရှိရမယ်။ ဥပမာ ကိုမင်းကိုနိုင်တို့ ၈၈ ခေါင်းဆောင်များ အုပ်စုကိုကြည့်ပါ။ သူတို့ လွတ်လာပြီး စိတ်ဓါတ်မကျဘူး၊ သူတို့ စိတ်ဓါတ်တွေဟာ ၈၈ ကာလထက်ကို ပိုခိုင်မာစုစည်းလာတယ်။ ပိုပြီးလည်း စိတ်ရှည် ရင့်ကျက်လာကြတယ်၊ ပိုပြီးလည်းသွေးစည်းလာကြတယ်။ သူတို့ ထောင်ကျခဲ့ပေမယ့်၊ သူတို့ အတွေးအခေါ်တွေဟာ ခေတ်နောက်မကျဘူး။ ပြည်သူတွေသွားရမယ့်လမ်းကို၊ ပြတ်ပြတ်သားသားရှင်းရှင်းနဲ့ တစ်စချင်းဆွဲ ခေါ်ပြသွားတယ်။ နောက် မြန်မာပြည်သူပြည်သားဟာ ၈၈ မှာရော ၂၀၀၇မှာရော သူတို့ လမ်းပေါ်ထွက်ရမယ့် အချိန်မှာ အသက်ကိုရင်းပြီး၊ ထွက်ခဲ့ကြပါတယ်။ သူတို့ တာဝန်ကျေခဲ့ကြပါတယ်။ နောက်လည်း သိပ်မကြာခင်မှာ အမှန်တရားအတွက် လမ်းပေါ်ကို ထွက်လာကြအုံးမှာပါ။ ကျနော်ယုံကြည်နေပါတယ်ဗျာ။
လေးစားဂုဏ်ပြုလျက်ပါ ကိုမျိုးချစ်။

လောကနတ် said...

ကိုမျိုးချစ်

လူတစ်ယောက်ရဲ့ တန်ဖိုးဆိုတာ သူဖြတ်သန်းခဲ့တဲ့ခေတ်က သူ့ ပုခုံးပေါ် တင်ပေးလိုက်တဲ့ သမိုင်းပေးတာဝန်ကို အဲဒီလူ ဘယ်လောက်ထမ်းခဲ့သလဲ ဆိုတာနဲ့ ပဲ ပိုင်းဖြတ်တယ်လို့ တော်လှန်စာဆို ဆရာကြီး ဗန်းမော်တင်အောင်က ရေးခဲ့တယ်ဗျာ။
တချိန်ကြရင် ကိုမျိုးချစ်ထမ်းခဲ့တဲ့တာဝန်က ကိုမျိုးချစ်ရဲ့ တန်ဖိုးကို ပိုင်းဖြတ်ပေးပါလိမ့်မယ်။ ဆက်လုပ်ပါ၊ ဆက်လျှောက်ပါ၊ ဆက်ဖေါက်ပါ။
လွန်ခဲ့တဲ့ အနှစ် ၂၀နီးပါးက ကျောင်းသားလေးတွေ အခုအချိန်အထိ သူပုန်ကြီးတွေအဖြစ် မိုးမခပင်တွေကို သက်သေတည် နေကြတုန်း၊ နရသိမ် တိုက် နံရံသံတိုင်တွေကို အကျဉ်းစံလက်သီးနဲ့ နာကျင်စွာ ထုနေကြတုန်း ပါပဲဗျာ။ တော်လှန်ရေးဆိုတာ အချိန်အရင်းအနှီး ကြီးတယ်လေ။
ခံစားရတာပေါ့ဗျာ၊ သူတို့ တွေဆိုရင် ပိုပြီးတော့တောင် ခံစားရတာပေါ့၊ တဘ၀လုံးကို လေးညို့ ပေါ် ပစ်တင်ထားရတာ မဟုတ်လား။
ရင်တခွင်လုံး တတောလုံး ကြွေနေဆဲပါဗျာ… ။

လောကနတ်

ကလိုစေးထူး said...

စီဘောက်စ်မှာ ၀င်ရေးလေ့ မရှိပေမယ့် အားလပ်ချိန်တိုင်းလိုလို လာဖတ်ဖြစ်ပါတယ် ကိုမျိုးချစ်။ စီဘောက်စ်မှာ ၀င်ရေးခြင်း မရေးခြင်းက နိုင်ငံရေး စိတ်ဓာတ် ဘယ်လောက်ရှိလဲ ဆိုတာကို အကဲ ဖြတ်နိုင်စွမ်း မရှိပါဘူးဗျာ။ အရေးကြီးတာက ကျနော်တို့ ယုံကြည်တာ၊ ကျနော်တို့ လုပ်သင့်တယ်ထင်တာကို ဆက်လုပ်နေဖို့ပဲ မဟုတ်လား။ ဆရာလုပ်တာ မဟုတ်ပါဘူး။ ရဲဘော်ရဲဘက်အချင်းချင်း အားပေးကူတာပါ။

seinn said...

Carry on. I am a usual visitor of your blog. Never give up for our country.

Cheers

ကောင်းကင်ကို said...

ဒီ post ဖတ်ပြီးတော့ ကိုမျိုးချစ်ရဲ့ တော်လှန်ရေးစိတ်ဓာတ် နဲ့ စေတနာကို လေးစားမိပါတယ်။

Myanmar Pyay Thar said...

ကျနော်လည်း အလုပ်လုပ်ရင်းဆိုတော့ ခိုးကြောင်ခိုးဝှက်နဲ့ တက်ရ ပြောရတာပါပဲ..ဘလော့ပိုင်ရှင်တစ်ယောက်ဆို ဘယ်လိုဖြစ်မလဲဆိုတာ ကိုယ်ချင်းစာပါတယ်..။
ဒါကြောင့် ကျနော် ကိုယ်ပိုင်ဘလော့ မရှိဘူး..။ ခင်ဗျားတို့ ဘလော့တွေလို ကျနော်လည်း တအားလုပ်ချင်တယ်..။ ဒါပေမယ့် အခြေအနေက မပေးဘူး..။
စိတ်ဓာတ်မကျပါနဲ့ ကိုမျိုးချစ်..။ ဒီအလုပ်မရှိလည်း နောက်အလုပ်တစ်ခုရမှာပါ..မပူပါနဲ့ဗျာ..။ ကျနော်တို့ ရှေ့ဆက်သွားကြတာပေါ့..။

ပြည်သား

Anonymous said...

ခင်ဗျားရဲ့ခံစားချက်ကို ကိုယ်ချင်းစာပါတယ်ဗျာ၊ ကျွန်တော်လဲ ရုံးရောက်တာနဲ့ ခင်ဗျားblogကို စဖွင့်ကြည့်လိုက်တာပဲ၊ ခင်ဗျားပြောတဲ့ သံယောဇဉ်ပေါ့၊ နေ့ခင်းဘက်လည်း အလုပ်အားတာနဲ့ ဝင်လာတာပါပဲ၊ ဆက်လုပ်ပါ... ခင်ဗျားအခုရနေတဲ့ ပီတိကဘယ်အရာနဲ့မှ မတူပါဘူး၊။

Cheer....

Century

မေမီကို said...

Hello ! Ko Myo Chit,

I always read your blog. Today I see your new title "ကျွန်တော် နှင့်
C-Box မှ သံယောဇဉ်များ".
And I feel something after I read that post.
As for me I am living in Myanmar now.
Although I read your blog everyday, I can't write any comment in your
post and also in C-box.
Because you also know our connection situation.
We have to pass some proxy websites if we want to read blogs.
I also create my own blog but I have no chance to write more due to
many reasons.
You & me don't know each other and never seen before.
But u and your blog are always in my mind and I always push my friends
to read your blog.
Therefore don't give up or disappoint for our myanmar youngsters.
We are always try the best for our country and we must hold the
success one day in the near future. There has many people here behind
you. Don't worry and try for best.

Best regards,
MMK

Anonymous said...

ကျွန်တော်တို့ မနက် မိုးလင်းလာတာနဲ့ မြန်မာသတင်း ဘာများ ထူးသလဲဆိုပြီး မြန်မာဘလော့တွေ လိုက်ဖတ်လာတာ ဒီရွှေဝါရောင် တော်လှန်ရေး

စကတည်းကပါ။ သတင်းတွေဖတ်ပြီးရင် ကိုမျိုးချစ် စီဘောက်(စ်) ကို အချိန်ရရင် အမြဲထိုင် ကြည့်နေခဲ့ပါတယ်။ ကိုမျိုးချစ် ပြောခဲ့သလို

ကြည့်ရှုနေသူ ဦးရေ လျော့လာတာကို သတိထားမိပါတယ်။ ကိုမျိုးချစ် စီဘောက်(စ်)တင်မဟုတ်ပါဘူး။ ကိုနစ် စီဘောက်(စ်) ကြည့်သူဦးရေလည်း

သိသိသာသာ လျော့သွားတာပါပဲ။
ကျွန်တော် အမြင်ကတော့ ဒီရွှေဝါရောင် တော်လှန်ရေးမှာ နာမည်ကြီးလာတဲ့ ဘလော့ဂါတွေ အနေနဲ့ တက်နိုင်သမျှ အရှိန် ထိန်းထားစေလိုပါတယ်။

ပို့စ်တစ်ခုရေးရတာ ဘယ်လောက်အချိန်ပေးရတယ် ဆိုတာ ကျွန်တော်တို့ နားလည်းပေးနိုင်ပါတယ်။ အခုလို ကိုမျိုးချစ်၊ ကိုနစ်၊ ကိုထိုက်၊

ဒေါက်တာလွန်းဆွေ နဲ့ မလင်းလက်တို့ ဘလော့ကို ဒီလောက် အက်တစ်ဖြစ်အောင် လုပ်ထားနိုင်တာကိုက မြန်မာပြည်သူတွေအရေးကို

ဘယ်လောက် အာရုံစိုက် ကြိုးပမ်းနေသလဲဆိုတာ ဘလော့တွေ လိုက်ဖတ်နေတဲ့ သူတိုင်းသိကြပါတယ်။ အဲဒီအတွက်လည်း မြန်မာပြည်သူ

အားလုံးက ကျေးဇူးတင်နေကြမှာပါ။
ဒါပေမယ့် ဘလော့ဂါတွေကြောင့် ကမ္ဘာမှာ ထိပ်ဆုံးမှာ နေရာယူခဲ့တဲ့၊ ကျွန်တော်တို့တွေကလည်း အောင်မြင်မှု ရပြီလို့ ထင်မြင်ခဲ့ရတဲ့၊

ရဟန်းတော်တွေ ကျောင်းသားတွေ နိုင်ငံရေးလှုပ်ရှားသူတွေ သွေးတွေနဲ့ ဖေါ်ဆောင်ခဲ့ကြတဲ့ ဒီရွှေဝါရောင် တော်လှန်ရေး သတင်းတွေဟာ

အခုအချိန်မှာ ကမ္ဘာ့ ပြည်သူတွေ စိတ်ဝင်စားမှု လျော့ကျလာတာကို ရင်နာနာနဲ့ လက်ခံရမှာပါ။
ဒါပေမယ့် ပြည်တွင်းပြည်ပမှာ ရှိတဲ့ မြန်မာပြည်သူတွေရဲ့ အာရုံစိုက်မှုကို လျော့မကျသွားအောင် ကိုမျိုးချစ်တို့ ဘလော့ဂါတွေ

ဆက်လက်လုပ်ဆောင် နိုင်လိမ့်မယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်။

Anonymous said...

social communication through Myo Chit blogs က သိပ်ပြီးအံ့ဩစရာ ကောင်းလှပါတယ်။ ဒီကနေဖြစ်တည်လာတဲ့ သံယောဇဉ်ဆိုတာကလဲ မပျက်ီစီးမပျက်ပြယ်နိုင်သော ပဋိညာဉ် တခုဖြစ်တယ်။ ဒီ သံယောဇဉ် ဖြစ်တည်လာ ဖို့ မှတ်ပုံတင်၊ လိပ်စာ၊ promise, souvenir, photo စတာတွေ ဘာတစ်ခုမှ မလိုပါဘူး။ မှန်ကန်ရိုးသားတဲ့ နိုင်ငံချစ်စိတ်နဲ့ မတရားမှုကို မတရားမှုမှန်း လက်ခံနိုင်တဲ့ ဩတပ္ပအသိ conscious ရှိရင် blog friend ထက်လေးနက်
တဲ့အရာ ဘယ်မှာရှိအုံးမလဲ။ bookmark tool bars မှာအပြည့်တင်ထားတဲ့
myo chit blogs တွေနဲ့အချိန်တွေကုန်သွားလို့ professor ရဲ့ warning စ ကားတွေကို ကျေကျေနပ်နပ် ခံယူလိုက်ရတဲ့အရသာကို ကိုMyo Chit ရဲ့ အလုပ်ပြုတ်သွားခြင်းနဲ့တော့ မနိုင်းတော့ပါဘူး။လေးစားပါတယ်။

MN said...

Ko Myo Chit. I belive that " We are ONE"

Anonymous said...

ကောင်လေးရေ. နင့်ကိုအားလုံးချစ်ကြ၊ အားကိုးယုံကြည်ကြတာမသိဘူးလားကွဲ့။ လုပ်စရာရှိတာဆက်လုပ်လေ။ နောက်တခါဒါမျိုးကြောင်လို့ကတော့ ထားဝယ်ကြိမ်နဲ့ ဆော်ခံရမယ်မှတ်

Min Min said...

မဆိုး သူငယ်ချင်းဆိုတာ မင်းမင်းလေဗျာ .. ဟက် ဟက်. နာမည်တွေအားလုံးပါတယ် သားသားကျတော့ ချန်ခဲ့တယ်။ ဒါတရားဘူး .. မြန်မာပြည်ခေါ်သွားပြီး တရားဆွဲပြစ်မယ်၊ ဒါဆိုဘယ်တော့မှ တရားမှန် ဖြစ်မှာမဟုတ်ဘူး။ ဟက် ဟက် မင်္ဂလာပါဗျာ. ဘလော့မှာ Social networking ကောင်းတာ ၀မ်းသာစရာပါ။ ကျွန်တော့်ဘလော့လေးလည်း လုပ်စရာတွေ အများကြီးရှိသေးတယ်။ ဖြေးဖြေးတော့ လုပ်နေတာပဲ။ Myanmar Revolutionary Blogger အဖွဲ့ဖွဲ့ထားရင် ကောင်းမယ်ထင်တာပဲ