Monday, January 28, 2008

ကျွန်တော် နှင့် Rambo

ခုတစ်လောရင်ထဲမှာ မကျေနပ်တာတွေများနေတယ်
အလုပ်ရှာတာလဲမရတဲ့အတွက်
ပိုက်ဆံလဲမရှိတဲ့အတွက်
ဆီဘောက်မှာ လဲကျွန်တော်ချစ်တဲ့ မိတ်ဆွေတွေကိုသိပ်မတွေ့တော့တဲ့အတွက်
အိမ်မှာလဲ အမြဲလိုတယောက်ထဲဖြစ်နေတဲ့အတွက်
နောက်ပြီးအဆိုးဆုံးက
ရင်ထဲမှာ ဒီလောက်ပြည့်ကျပ်နေလွန်းတော့ တခုခု ချရေးချင်ပေမယ့်
ဘယ်ကနေ ဘယ်လိုစရေးဖို့တောင် စဉ်းစားမရတဲ့အတွက်…..

ဒီတော့ ခေါင်းထဲ မှာ လတ်တလော ရှိနေတဲ့ အကြောင်းလေးတခုကိုပြောပြမယ်ဗျာ

October တုန်းက သူငယ်ချင်းတယောက်ကအတင်းတိုက်တွန်းတာနဲ့
Rambo ကားထဲမှာ အသံသရုပ်ဆောင်လုပ်ဖို့ အရွေးခံလိုက်တယ်
ဒီအလုပ်မျိုးက ငယ်ငယ်ထဲက ရုပ်ရှင်လောကထဲမှာကြီးလာတဲ့ ကျွန်တော့်အတွက်တော့
ထမင်းစားရေသောက်ထက်တောင်လွယ် ပါသေးတယ်ဗျာ

ဒီတော့ အသံသွင်းဖြစ်တယ်ပေါ့နော်
ဒီအကြောင်းကို အဲဒိထဲကရေးချင်နေတာပါ ဒါပေမယ့်
Hollywood Company တွေရဲ့ ထုံးစံအတိုင်း Sign တွေထိုးထားတာတွေရှိတယ်လေ
ဒီတော့ ရုပ်ရှင်မပြခင် ဘာမှတော့ သိပ်မပြောရဲဘူးပေါ့ဗျာ

ခုစပြတော့ လဲကျွန်တော်သွားမကြည့်ဖြစ်သေးပါဘူး
ဒါပေမယ့် ကြည့်လာခဲ့တဲ့ ကျွန်တော့်ညီလေးက ပြန်ပြောပြတဲ့အခါ အသံသွင်းတုန်းကမပါခဲ့တဲ့
September တော်လှန်ရေးက Footage တွေလဲသုံးထားတယ်လို့ ညီလေးကပြောပါတယ်
ဒါကတော့ ကြိုတင်စီစဉ်မထားဘဲ ဖြစ်လာတဲ့ အခန့်သင့်သွားတဲ့ တိုက်ဆိုင်မှုတွေပေါ့နော်
ကြည့်သူတွေအားလုံးလဲ တခဲနက်အားပေး သဘောကျကြတယ်လို့သိရပါတယ်
မြန်မာတွေရဲ့ ဒုက္ခ ကို ကမ္ဘာကထပ်သိရသွားတာပေါ့နော်

ကျွန်တော် အဓိက အသံသွင်းပေးရတာကတော့
အစထဲက Scene ပေါ်မှာ Live သွင်းလာတဲ့ Dialogue တွေထဲက အသံတိုးနေတာတွေ
ပျောက်သွားတဲ့ အသံတွေ မပေါ်တဲ့ အသံတွေ ကို အစားထိုးဖို့ပါ

ဒီအတွက် မြန်မာ အမျိုးသား ၃ ဦး နဲ့ အမျိုးသမီး ၂ ဦး ကိုရွေးခဲ့ပါတယ်
ကျွန်တော့်ကိုတော့ အတွေ့အကြုံရှိတဲ့ သူအနေနဲ့
အရေးကြီးတဲ့ မြန်မာ စစ်ဗိုလ် လူကြမ်းမင်းသားရဲ့ အသံတွေကို ပြန်သွင်းစေခဲ့ပါတယ်
Dialogue တွေမသွင်းခင်မှာတော့ အားလုံးဝိုင်းပြီး
နောက်ခံအသံတွေကိုအော်တာတွေ သွင်းရတာပေါ့ဗျာ တနေကုန်ပါဘဲ
ကျွန်တော်တို့ရှေ့မှာ ပိတ်ကားကြီးနဲ့ ရုပ်ရှင်ကိုပြထားတယ်
အဲဒါ ကိုကြည့်ပြီး ပါးစပ်ပေါက် ကိုက်အောင် အော်ရတာပေါ့နော်

အဲဒါတွေသွင်းနေတုန်းက ကျွန်တော်တို့ အားလုံး ၀ိုင်းကြီးပါတ်ပါတ်ပြေးရပါတယ်
ပိတ်ကားပေါ်မှာ ပေါ်လာတဲ့ အရုပ်တွေကိုကြည့်ရင်း
တစ်လုံးထဲ အလယ်မှာ တန်းလန်းချထားတဲ့ Mic ကြီးအောက်ရောက်လာတိုင်း
ကယ်ပါ ကယ်ပါ..
အားးးးးး
အမလေးးးးး…
မလုပ်ကြပါနဲ့…
တောင်းပန်ပါတယ်…
ဒါမျိုးတွေပေါ့ဗျာ ငယ်သံပါအောင် ကိုအော်ရတော့တာပါဘဲ
ဒါကို ရုပ်ရှင် လောက အသံပိုင်းဆိုင်ရာမှာ Donut လုပ်တယ် လို့ခေါ်ပါတယ်

နောက်ပြီး စစ်သားတွေက ရွာသားတွေကို နှိပ်စက်ရင်းနဲ့
မိုင်း ထောင်ထားတဲ့ လယ်ကွင်းထဲကိုပြေးခိုင်းတဲ့ အခါမျိုး
ရွာထဲ မီးဝင်ရှို့တော့ လူတွေ အသက်လုပြေးရတဲ့အခါမျိုးတွေ မှာ
အသံကုန်လောက်အောင် ကိုအော်ရတော့တာပါဘဲ

ပြီးတော့ လူတွေ အသတ်ခံရတဲ့ အခါ အော်တဲ့အသံ
သေနပ် မှန်တဲ့ အခါ ညည်းတွားတဲ့အသံ လဲကျတဲ့ အသံ
ဒါမျိုးတွေပေါ့ဗျာ မျက်နှာတွေပါ ရှုံ့တွနေအောင် ကိုအော်ရပါတယ်
တိုတိုပြောရရင်တော့ဗျာ လူလဲ အသံတွေပါဝင်ကုန်ပါရောဗျာ

သူတို့က ကျွန်တော်တို့ကို ဆဲဆိုတာတွေမလုပ်ဖို့ပြောထားပါတယ်
ဆဲခဲ့ရင် Censor က ဖြတ်ရင် ကျွန်တော်တို့ ကို ပိုက်ဆံပြန်ဖြတ်မယ်ဘာညာပေါ့နော်
အဲဒါတွေသွင်းနေရင်းနဲ့ ကျွန်တော် မြင်နေရတာတွေအပေါ် ခံစားလာရတယ်
အဲဒိ ရုပ်ရှင်ထဲမှာ မြန်မာစစ်သားတွေကို Rambo ကသတ်ပစ်လိုက်တာမြင်တိုင်း
ရင်ထဲမှာ ကျေနပ်ပြီး ပီတိ ဖြစ်တယ်ဗျာ
ပက်ပက် စက်စက် ကိုသတ်တာနော်
အဲလို ပက်ပက် စက်စက် သေကြတိုင်းလဲ ကြက်သီးတောင်ထတယ်
ကျွန်တော် ရုပ်ရှင် Camera တွေ Editing စက်တွေထဲကြီးလာတာပါ
တကယ်မဟုတ်ဘူး Make-Up နဲ့ CGI Effects တွေဆိုတာသိသားဘဲ
ဒါပေမယ့် ဒီတစ်ခါ ကတော့မတူဘူးဗျ

စစ်သားတယောက် တစ်ကိုယ်လုံး ပွင့်ထွက်သွားတိုင်း
စက်တင်ဘာတုန်းက ခေါင်းပါပွင့်ထွက်သွားတဲ့ အလောင်းတွေကိုပြန်မြင်လာတယ်
ရေထဲမှာ မှောက်ရက်ကြီးဖြစ်နေတဲ့ ဘုန်းကြီးအလောင်းပုံတွေကို ပြန်မြင်လာတယ်
လူတွေက လက်နက်မဲ့ဖြစ်နေတုန်း လိုက်ရိုက်နေတဲ့ ပုံတွေကိုပြန်မြင်လာတယ်

ဒီတော့ အော်နေရင်းနဲ့ ကျွန်တော် မျက်ရေတွေဝဲလာတယ်
ရင်ထဲမှာလဲ ဆို့ဆို့လာတယ် ပြီးတော့ကြက်သီးတွေ ထ ထ လာတယ်
Scene တခုပြီးပြီ ဆိုတဲ့ အချိန်မှာ ကျွန်တော် မျက်ရေတွေကျနေပြီဗျာ…
ဒီတော့ သူတို့ Break Time ပေးပြီဆိုတာနဲ့ ကျွန်တော် အိမ်သာထဲပြေးရတယ်
ပြီးတော့ မျက်နှာ ပြန်ပြန်သစ်ရတယ်

တစ်ခါ နှစ်ခါလဲ ကျော်လာရော ကျွန်တော် မခံနှိုင်တော့ဘူး
ဒီတော့ ကျွန်တော့် ခေါင်းထဲမှာတခုတွေးမိတယ်
ဒီပိုက်ဆံ ငါပြန်ရှာရင် အချိန်မရွေးရပါတယ်
ငါ့ရင်ထဲမှာပေါက်ကွဲနေတာ ကို ပြန်ကုဖို့ မလွယ်ဘူးလို့
ဒီတော့ ကျွန်တော်ဆုံးဖြတ်လိုက်တယ်
ဒီကောင်တွေကို ငါတကမ္ဘာလုံး ကြည့်မယ့် ပိတ်ကားထက်မှာဆဲပြစ်မယ်လို့

အဲဒိကစပြီးနောက်ပိုင်း သွင်းသမျှ ထဲမှာ ကျွန်တော် သောင်းကျန်းတော့တာဘဲ
အော်ကြရပြီ ဆိုတာနဲ့

မအေရိုးသန်းရွှေ
ငါရိုးမသားသန်းရွှေ
ခွေးမသား သန်းရွှေ
မအေရိုး လူသတ်သမားတွေ
အဲလိုကို အော်ပစ်တော့တာဘဲ

သူတို့ ဒီအသံတွေကို မြန်မာလိုနားလည်တဲ့သူတွေ နဲ့ ပြန်ကြည့်မယ်လို့ထင်ပါတယ်
ကြားရင်လဲ ဖြတ်မယ်မှန်းသိပါတယ် ပြီးရင် ကျွန်တော့်ကိုလဲ ပိုက်ဆံပေးတော့မှာမဟုတ်ဘူး
ဒါပေမယ့်ဗျာ…

ကျွန်တော့်ရင်ထဲက အသံတွေကို တစ်ကမ္ဘာလုံးက မြန်မာတွေ..
တစွန်းတစကြားသွားရမယ်ဆိုရင် ကျွန်တော်ကျေနပ်တယ်

ပိုက်ဆံမရလဲနေပါစေတော့…
ဆဲချင်နေတာဆဲလိုက်ရရင် အမြတ်ဘဲလို့တွေးမိတယ်ဗျာ
ကျွန်တော်ရိုင်းတယ်လို့ပြောချင်လဲပြောကြပါတော့ နားလည်ပါတယ်
ခုရုံတင်နေတဲ့ Version မှာတော့ သူတို့ ကို မြန်မာ တစ်ယောက်ကပြောပြလို့သိပြီး
ဖြတ်တောက်ကောင်းဖြတ်တောက် ပြီးသားဖြစ်ချင်လဲဖြစ်လိမ့်မယ်

ကျွန်တော် သေချာတွေးမိတာ တခုတော့ရှိတယ်…..

အဲဒိနေ့ကတော့ ကျွန်တော်လဲ Rambo ဖြစ်သွားတယ်

မျိုးချစ်

(မှတ်ချက်။ ။ ကျွန်တော့်ကို ပေးထားတဲ့ပိုက်ဆံ ခုထိတော့ ပြန်မဖြတ်သေးပါဘူးဗျာ)


Burma Today မှာလဲ ဒီမှာ ဖေါ်ပြထားပါတယ်

0 comments: