Tuesday, April 29, 2008

ကျွန်တော် နဲ့ ငှက်ကလေး တကောင်


ဒီနေ့မနက် အလုပ်ကနေ ကိစ္စတခုနဲ့ အိမ်ကိုခဏအမြန်ပြန်လာခဲ့ရတယ်
အိမ်ရောက်တော့ လုပ်စရာပြီးတာနဲ့ ကမန်းကတန်းပြန်ထွက် ကားပေါ်တက်မယ်လုပ်တုန်း တခုသတိထားမိလိုက်တယ်
ငှက်ကလေးတွေ ဆူညံနေအောင် အော်နေကြပါလားဆိုတာပေါ့…
ဒါနဲ့ တခုခုတော့ထူးနေပြီဆိုပြီး ကားပေါ်ကပြန်ဆင်းကြည့်လိုက်တော့ အိမ်ရှေ့ကသစ်ပင်အောက် မြေကြီးပေါ်မှာ
အတောင်ပေါက်ခါစ စာကလေးလို ငှက်ပေါက်စလေး တကောင်လဲနေတာ တွေ့လိုက်တယ်
ဒါနဲ့ အပေါ်မော့ကြည့်လိုက်တော့ မိခင်ဖြစ်ပုံရတဲ့ ငှက်လေးတကောင်လဲ အထိတ်တလန့် အော်ဟစ်ရင်း ဂဏှာမငြိမ် ပျံနေတယ် ကြည့်ရတာတော့ သူ့ကလေး တကောင် အသိုက် ထဲက ရုတ်တရက် ပြုတ်ကျသွားတာ နေမှာပေါ့

ဒါနဲ့ ကျွန်တော် ငှက်ကလေးကို လက်ကိုင်ပုဝါလေးနဲ့ ဖွဖွလေး လှမ်းကိုင် လိုက်တော့ လှုပ်လာတယ်
ပြီးတော့ ကျွန်တော့်ကို ကြောက်အားလန့်အားကြည့်နေရင်း ဖုတ်လှိုက်ဖုတ်လှိုက် ဖြစ်နေတာ
မျက်လုံးလေးလဲ ပေကလပ် ပေကလပ် နဲ့ တဖျပ်ဖျပ် ခတ်လို့ပေါ့ နောက်ပြီး ကြောက်ကြောက်နဲ့ ကျိ ကျိ နဲ့ စအော်တော့တာဘဲ အပေါ်က အကိုင်းတွေမှာ သူ့အမေ ကလဲ အထိတ်တလန့် နဲ့ အော်နေတုန်းပေါ့

သူ့ကိုကြည့်ရင်း ရုတ်တရက် ကျွန်တော့်စိတ်တွေ အတိတ်ကိုရောက်သွားတယ်

ကျွန်တော်ငယ်ငယ်လေးတုန်းက ၅ နှစ်သားလောက်ကပေါ့နော်...
ရွှေတိဂုံ ဘုရားကို အမေနဲ့ ဦးလေး အဒေါ်တွေနဲ့ သွားတုန်း တစ်ညမှာပေါ့…

လူကြီးတွေက ဘုရားထိုင်ရှိခိုးနေတုန်း ကလေးပီပီ ဟိုစပ်စု ဒီစပ်စု နဲ့ ရှောက်ကြည့်ရင်း ရှောက်သွားနေတာပေါ့ဗျာ
အဲဒါတဖြေးဖြေးနဲ့ ဇောင်းတန်းတွေနောက် ကိုရောက်မှန်းမသိရောက်သွားခဲ့တယ်
အရမ်းမှောင်နေတာကို သတိထားလိုက်မိတော့မှ ကြောက်လာတာနဲ့ အမေ့ဆီပြန်ပြေးတော့တာပေါ့
ခုနကနေရာလဲရောက်ရော အမေ့ကိုမတွေ့တော့ဘူး ဦးလေးနဲ့ ဒေါ်လေးတို့ကိုလဲ တယောက်မှမတွေ့တော့ဘူး…
အဲဒါနဲ့ ၅ မိနစ်လောက် ဟိုကြည့်ဒီကြည့်နဲ့ လိုက်ရှာနေတာလဲ ဘယ်သူ့ကိုမှ လုံးဝ ပြန်မတွေ့တော့ဘူး


အဲဒိမှာတင် ဒီတသက်ဘယ်တော့မှ မမေ့နှိုင်တော့တဲ့ ကြောက်လန့်တုန်လှုပ်မှုကြီး ကိုခံစားလိုက်ရတယ်
ရင်တွေလဲ အရမ်းတုန်သွားတယ် ရင်ဘတ်ထဲမှာ ဗြောင်းဆန်သွားတယ်
မေမေလို့ အသံတုန်တုန် နဲ့အော်တာလဲ အသံကမထွက်လာတော့ဘူး
မျက်ရေတွေလဲဝဲနေပြီပေါ့နော်

ခနနေတော့ နောက်က အမေတို့ အားလုံးက ဝါးဆိုပြီး ပုံးနေရာကထွက်လာတယ်
ကျွန်တော်လဲ အဲဒိတော့မှ ဗြဲကနဲ အော်ငိုတော့တာဘဲ
ပြီးတော့ လူကြီးတွေကပြန်ချော့ပေမယ့် ရင်တွေကတုန်ပြီး တစ်ညလုံးကြောက်နေခဲ့တယ်

အခုငှက်ကလေးလဲ အဲဒိလိုခံစားနေရမှာဘဲ သေချာတယ်
သူ့မျက်လုံးလေးတွေထဲက ကြောက်ရွံ့အားငယ်စိတ်ကိုမြင်နေရတယ်
ငှက်တွေသာငိုတတ်ရင် သူလဲ မျက်ရေတွေ ဝဲနေလောက်ပြီပေါ့


အဲဒိ အခိုက်အတန့်လေးမှာ ကျွန်တော်လဲ ၅ နှစ်သားလေးပြန်ဖြစ်သွားတယ်

ဒါနဲ့ ကျွန်တော်လဲ ငှက်ကလေး ကို အသာလေး ကိုင်ပြီး သစ်ပင်ပေါ်က ကိုယ်မှီသမျှ အမြင့်ဆုံး ခွကြားလေးတစ်ခုမှာ လှမ်းတင်ပေးလိုက်တယ်
သူက လူးလူးလွန့်လွန့်နဲ့ လှုပ်ရင်းကျန်ခဲ့တယ်
ပြီးတော့ စိတ်မကောင်းစွာနဲ့ လှည့်ထွက်မယ်အလုပ် နောက်ကဖုတ်ကနဲ ပြုတ်ကျတဲ့ အသံလေး ကြားလိုက်တယ်

စိတ်ထဲက ထိတ်ကနဲဖြစ်ပြီး လှည့်ကြည့်လိုက်တော့...

သူ အပင်အောက်က ရေဝပ်နေတဲ့ ချိုင့်လေးထဲက ရေတွေထဲမှာ မှောက်ရက်လေးကျနေတယ်ဗျာ…
ကျွန်တော် အရမ်းစိုးရိမ်သွားတယ် ဒါနဲ့ ကမန်းကတန်းကောက်လိုက်ပြီး လက်သုတ်စက္ကူ အပျော့စားလေးတွေ ပြေးယူပြီးဖွဖွလေးသုတ်ပေးလိုက်ပါတယ်


စိတ်ထဲမှာလဲ ငါတင်ပေးတာ အသုံးမကျလို့ဆိုပြီး စိတ်မကောင်းဘူး

ငှက်ကလေးလဲ ရေတွေမခြောက်တခြောက်နဲ့ ကျတဲ့ အရှိန်နဲ့ ပေါင်းပြီး မျက်လုံးတောင် မဖွင့်နှိုင်တော့ဘူး
အစာလဲမစားရတာ ကြာနေတဲ့ပုံဘဲ အားလဲမရှိတော့ဘူး ဘယ်အချိန်ထဲက ပြုတ်ကျနေမှန်းမှမသိတာ
သူ့ကိုကြည့်နေရင်း တခါကျွန်တော်ရေးဖူးတဲ့ Post တခုထဲက နယ်စပ် အမှိုက်ပုံကနေ ကောက်စားနေရတဲ့ မြန်မာကလေးတွေကိုလဲ သတိရလာတယ်

တရားမဝင်နေနေရတဲ့ သူတို့မိဘတွေ တစ်ပြိုင်ထဲ အဖမ်းခံရလို့ ပြန်မလာတော့တဲ့ ညတစ်ည ရောက်လာတဲ့အခါ
သူတို့လဲ ငှက်ကလေးလို ကြောက်နေကြမှာဘဲ
ဆာလောင်မွတ်သိပ်မှုနဲ့ ဝမ်းနည်း အားငယ် ကြောက်ရွံ့မှုတွေ အားလုံး ပေါင်းပြီး ဘဝရဲ့ နောက်ဆုံးအချိန် တွေကို အကျည်းတန်စွာ ဖြတ်သန်းနေရမှာဘဲပေါ့…


ဒါနဲ့ ကျွန်တော် ဒီတစ်ခါ သေချာ သတိထားပြီးတော့ ထပ်ပြုတ်ကျဖို့ မလွယ်တဲ့..
ပိုပြီး အကိုင်းများတဲ့ ခွဆုံ တခုပေါ်ပြောင်းတင်ပေးလိုက်တယ်
အောက်မှာလဲ ရေချိုင့်နဲ့ လွတ်တဲ့နေရာလေးပေါ့နော် ငှက်ကလေးလဲ မအော်နှိုင်ရှာတော့ဘူးလေ

သူ့ကိုထားခဲ့ပြီးတော့ စိတ်ထဲမှာ မကောင်းဘူးဗျာ
အလုပ်သာပြန်ရောက်လာခဲ့တယ် စိတ်ထဲမှာ ငှက်ကလေးတော့ သေသွားမယ်ထင်တယ် လို့ စိတ်တွေပူနေတယ်…

ဒါနဲ့ ထမင်းစားချိန်လဲရောက်ရော မနေနှိုင်တော့ဘူး အိမ်တန်းပြေးတော့တာဘဲ
အိမ်ရှေ့လဲရောက်ရော ကမန်းကတမ်း သူ့ကိုထားခဲ့တဲ့ သစ်ကိုင်း ခွဆုံ လေးကို လှမ်းစမ်းကြည့်တယ်

ဘုရား ဘုရား... ငှက်ကလေးမရှိတော့ဘူး.....

ကျွန်တော့ ခေါင်းတွေကြီးသွားတယ်

အဲဒါနဲ့ အောက်ကမြေကြီးပေါ်မှာ ဝေ့ဝဲရှာကြည့်လိုက်တော့ စိတ်မကောင်းစရာပါဘဲဗျာ…
ကျွန်တော့် ငှက်ကလေး ဇက်ကလေးခေါက်ပြီး ပက်လက်လေး ဖြစ်နေပြီလေ

ကျွန်တော် အသာလေးကိုင်ကြည့်လိုက်တော့ သေချာသွားပြီ သူအသက်မရှိတော့ဘူး
ရင်ဘတ်မှာလဲ တခုခုနဲ့ အထိုးခံထားရသလို အပေါက်လေးတွေ့တယ်
တခြားငှက်အကြီးစားတစ်မျိုးမျိုးက လာထိုးဆိတ်သွားတာလား အပြင်က ကြောင်တကောင်ကောင် ကိုက်သွားတာလား ဘာမှန်းတော့မသိပါဘူး

ကျွန်တော် အရမ်းဝမ်းနည်းသွားတယ် သူသေသွားရတာ ကျွန်တော်နဲ့ တနည်းနည်းပါတ်သက်နေသလိုဘဲ
ကျွန်တော်လဲ ဘဝမှာ ငှက်ကလေးတစ်ကောင်ကြောင့် တစ်ခါမှ ဒီလောက် ဒီလို မခံစားခဲ့ဖူးပါဘူး
အသက်မရှိတော့တဲ့ ငှက်ကလေး ကိုကြည့်နေရင်းနဲ့ ကျွန်တော့ မျက်စိတွေ ဝါးလာတယ်


အဲဒိမြန်မာပြည်နယ်စပ်က ပြန်မလာတော့မယ့် မိဘတွေကိုစောင့်ရင်း
ငတ်မွတ်သေဆုံးနေကြတဲ့ မြန်မာ ကလေးလေးတွေကိုလဲ မြင်ယောင်လာတယ်


ခနလေးဘဲသိလိုက်ရတဲ့ ငှက်ကလေး အတွက်လဲ ဝမ်းနည်းစွာနဲ့ ဆုတောင်းပေးလိုက်ပါတယ်

( ငှက်ကလေးရယ် ငါ မင်းကိုသနားလို့ စေတနာနဲ့ ကူညီလိုက်တာပါ..
မင်း ဒီလို ဖြစ်သွားမယ်မှန်း မသိခဲ့ပါဘူး...
မင်း အရင်ဘဝတွေက ဝဋ်ကြွေးတွေ ရှိခဲ့ရင်လဲ ဒီဘဝမှာဘဲ ကျေပါစေတော့ကွာ..
တကယ်လို့များ နောက်ဘဝမှာ လူပြန်ဖြစ်ခွင့် ရမယ်ဆိုရင်လဲလေ..
ခွေးတွေအုပ်ချုပ်တဲ့ မြန်မာပြည်မှာ ဘယ်တော့မှ လူလာမဖြစ်ပါစေနဲ့... ) လို့ပေါ့…..

မျိုးချစ်

2 comments:

Anonymous said...

tearful stroy
may be good expression, may be good writing,
any how that`s really sympathetic story.
keep up with good job!!!!!!!!!!!!!!!!

FreedomFighter88 said...

တကယ်ပဲမျက်ရည်ကျသွားတယ် မျိုးချစ်ရဲဘော်ကြီးေ၇
ကိုယ့်ဘ၀ရဲ့ အဖြစ်ပျက်တွေနဲ့ လဲတိုက်ဆိုင်နေတာ
ကြောင့်ပါ၊ ကိုယ်လဲငှက်ကလေးတွေခိုကလေးတွေကယ်ဘူးတယ်
အသတ်ခံရတော့မဲ့ငါးလေးတွေလဲကယ်ပြီးမြစ်ထဲလွတ်ဘူးတယ်၊ဒါပေမဲ့ကိုယ့်တိုင်းပြည်ကဒုက္ခရောက်နေတဲ့ကလေးတွေကျတော့မကယ်နိုင်ခဲ့ဘူး၊အဲဒီအတွက်ရင်ထဲမှာမျက်ရည်ကျနေခဲ့ရတာနှစ်ပေါင်းများစွာကြာခဲ့ပြီပဲ။
အခုလိုစိတ်ဓါတ်တူသူတွေနဲ့ တွေ့ ရတာအရမ်း
ဝမ်းသာမိပါတယ်၊၊ အားပေးနေပါတယ်။
မျိုးချစ်စိတ်ဓါတ်များစွာဖြင့်
freedomfighter88