Showing posts with label Ficition. Show all posts
Showing posts with label Ficition. Show all posts

Sunday, July 31, 2011

“ အိမ်ရှင်မ ရဲ့ တစ္ဆေ”

“ အိမ်ရှင်မ ရဲ့ တစ္ဆေ”



Please click on photos to ENLARGE!



(၅၃) (C) ရွှေတောင်ကြားလမ်း
ဗဟန်းမြို့နယ် ၊ ရန်ကုန်


Dec 31st, 2010
3:05 AM

(၅၃) (C) ရွှေတောင်ကြားလမ်း
ဗဟန်းမြို့နယ် ၊ ရန်ကုန်


ဆောင်းည၏ အအေးဓါတ်နှင့်အပြိုင် အမှောင်ထုက အခန်းငယ်လေးအား တိတ်ဆိတ်စွာ ကြီးစိုးနေခဲ့သည်။

ထိုညက သူသေဆုံးသွားခဲ့လေသည်။ ။

Tuesday, April 29, 2008

ကျွန်တော် နဲ့ ငှက်ကလေး တကောင်


ဒီနေ့မနက် အလုပ်ကနေ ကိစ္စတခုနဲ့ အိမ်ကိုခဏအမြန်ပြန်လာခဲ့ရတယ်
အိမ်ရောက်တော့ လုပ်စရာပြီးတာနဲ့ ကမန်းကတန်းပြန်ထွက် ကားပေါ်တက်မယ်လုပ်တုန်း တခုသတိထားမိလိုက်တယ်
ငှက်ကလေးတွေ ဆူညံနေအောင် အော်နေကြပါလားဆိုတာပေါ့…
ဒါနဲ့ တခုခုတော့ထူးနေပြီဆိုပြီး ကားပေါ်ကပြန်ဆင်းကြည့်လိုက်တော့ အိမ်ရှေ့ကသစ်ပင်အောက် မြေကြီးပေါ်မှာ
အတောင်ပေါက်ခါစ စာကလေးလို ငှက်ပေါက်စလေး တကောင်လဲနေတာ တွေ့လိုက်တယ်
ဒါနဲ့ အပေါ်မော့ကြည့်လိုက်တော့ မိခင်ဖြစ်ပုံရတဲ့ ငှက်လေးတကောင်လဲ အထိတ်တလန့် အော်ဟစ်ရင်း ဂဏှာမငြိမ် ပျံနေတယ် ကြည့်ရတာတော့ သူ့ကလေး တကောင် အသိုက် ထဲက ရုတ်တရက် ပြုတ်ကျသွားတာ နေမှာပေါ့

ဒါနဲ့ ကျွန်တော် ငှက်ကလေးကို လက်ကိုင်ပုဝါလေးနဲ့ ဖွဖွလေး လှမ်းကိုင် လိုက်တော့ လှုပ်လာတယ်
ပြီးတော့ ကျွန်တော့်ကို ကြောက်အားလန့်အားကြည့်နေရင်း ဖုတ်လှိုက်ဖုတ်လှိုက် ဖြစ်နေတာ
မျက်လုံးလေးလဲ ပေကလပ် ပေကလပ် နဲ့ တဖျပ်ဖျပ် ခတ်လို့ပေါ့ နောက်ပြီး ကြောက်ကြောက်နဲ့ ကျိ ကျိ နဲ့ စအော်တော့တာဘဲ အပေါ်က အကိုင်းတွေမှာ သူ့အမေ ကလဲ အထိတ်တလန့် နဲ့ အော်နေတုန်းပေါ့

သူ့ကိုကြည့်ရင်း ရုတ်တရက် ကျွန်တော့်စိတ်တွေ အတိတ်ကိုရောက်သွားတယ်

ကျွန်တော်ငယ်ငယ်လေးတုန်းက ၅ နှစ်သားလောက်ကပေါ့နော်...
ရွှေတိဂုံ ဘုရားကို အမေနဲ့ ဦးလေး အဒေါ်တွေနဲ့ သွားတုန်း တစ်ညမှာပေါ့…

လူကြီးတွေက ဘုရားထိုင်ရှိခိုးနေတုန်း ကလေးပီပီ ဟိုစပ်စု ဒီစပ်စု နဲ့ ရှောက်ကြည့်ရင်း ရှောက်သွားနေတာပေါ့ဗျာ
အဲဒါတဖြေးဖြေးနဲ့ ဇောင်းတန်းတွေနောက် ကိုရောက်မှန်းမသိရောက်သွားခဲ့တယ်
အရမ်းမှောင်နေတာကို သတိထားလိုက်မိတော့မှ ကြောက်လာတာနဲ့ အမေ့ဆီပြန်ပြေးတော့တာပေါ့
ခုနကနေရာလဲရောက်ရော အမေ့ကိုမတွေ့တော့ဘူး ဦးလေးနဲ့ ဒေါ်လေးတို့ကိုလဲ တယောက်မှမတွေ့တော့ဘူး…
အဲဒါနဲ့ ၅ မိနစ်လောက် ဟိုကြည့်ဒီကြည့်နဲ့ လိုက်ရှာနေတာလဲ ဘယ်သူ့ကိုမှ လုံးဝ ပြန်မတွေ့တော့ဘူး


အဲဒိမှာတင် ဒီတသက်ဘယ်တော့မှ မမေ့နှိုင်တော့တဲ့ ကြောက်လန့်တုန်လှုပ်မှုကြီး ကိုခံစားလိုက်ရတယ်
ရင်တွေလဲ အရမ်းတုန်သွားတယ် ရင်ဘတ်ထဲမှာ ဗြောင်းဆန်သွားတယ်
မေမေလို့ အသံတုန်တုန် နဲ့အော်တာလဲ အသံကမထွက်လာတော့ဘူး
မျက်ရေတွေလဲဝဲနေပြီပေါ့နော်

ခနနေတော့ နောက်က အမေတို့ အားလုံးက ဝါးဆိုပြီး ပုံးနေရာကထွက်လာတယ်
ကျွန်တော်လဲ အဲဒိတော့မှ ဗြဲကနဲ အော်ငိုတော့တာဘဲ
ပြီးတော့ လူကြီးတွေကပြန်ချော့ပေမယ့် ရင်တွေကတုန်ပြီး တစ်ညလုံးကြောက်နေခဲ့တယ်

အခုငှက်ကလေးလဲ အဲဒိလိုခံစားနေရမှာဘဲ သေချာတယ်
သူ့မျက်လုံးလေးတွေထဲက ကြောက်ရွံ့အားငယ်စိတ်ကိုမြင်နေရတယ်
ငှက်တွေသာငိုတတ်ရင် သူလဲ မျက်ရေတွေ ဝဲနေလောက်ပြီပေါ့


အဲဒိ အခိုက်အတန့်လေးမှာ ကျွန်တော်လဲ ၅ နှစ်သားလေးပြန်ဖြစ်သွားတယ်

ဒါနဲ့ ကျွန်တော်လဲ ငှက်ကလေး ကို အသာလေး ကိုင်ပြီး သစ်ပင်ပေါ်က ကိုယ်မှီသမျှ အမြင့်ဆုံး ခွကြားလေးတစ်ခုမှာ လှမ်းတင်ပေးလိုက်တယ်
သူက လူးလူးလွန့်လွန့်နဲ့ လှုပ်ရင်းကျန်ခဲ့တယ်
ပြီးတော့ စိတ်မကောင်းစွာနဲ့ လှည့်ထွက်မယ်အလုပ် နောက်ကဖုတ်ကနဲ ပြုတ်ကျတဲ့ အသံလေး ကြားလိုက်တယ်

စိတ်ထဲက ထိတ်ကနဲဖြစ်ပြီး လှည့်ကြည့်လိုက်တော့...

သူ အပင်အောက်က ရေဝပ်နေတဲ့ ချိုင့်လေးထဲက ရေတွေထဲမှာ မှောက်ရက်လေးကျနေတယ်ဗျာ…
ကျွန်တော် အရမ်းစိုးရိမ်သွားတယ် ဒါနဲ့ ကမန်းကတန်းကောက်လိုက်ပြီး လက်သုတ်စက္ကူ အပျော့စားလေးတွေ ပြေးယူပြီးဖွဖွလေးသုတ်ပေးလိုက်ပါတယ်


စိတ်ထဲမှာလဲ ငါတင်ပေးတာ အသုံးမကျလို့ဆိုပြီး စိတ်မကောင်းဘူး

ငှက်ကလေးလဲ ရေတွေမခြောက်တခြောက်နဲ့ ကျတဲ့ အရှိန်နဲ့ ပေါင်းပြီး မျက်လုံးတောင် မဖွင့်နှိုင်တော့ဘူး
အစာလဲမစားရတာ ကြာနေတဲ့ပုံဘဲ အားလဲမရှိတော့ဘူး ဘယ်အချိန်ထဲက ပြုတ်ကျနေမှန်းမှမသိတာ
သူ့ကိုကြည့်နေရင်း တခါကျွန်တော်ရေးဖူးတဲ့ Post တခုထဲက နယ်စပ် အမှိုက်ပုံကနေ ကောက်စားနေရတဲ့ မြန်မာကလေးတွေကိုလဲ သတိရလာတယ်

တရားမဝင်နေနေရတဲ့ သူတို့မိဘတွေ တစ်ပြိုင်ထဲ အဖမ်းခံရလို့ ပြန်မလာတော့တဲ့ ညတစ်ည ရောက်လာတဲ့အခါ
သူတို့လဲ ငှက်ကလေးလို ကြောက်နေကြမှာဘဲ
ဆာလောင်မွတ်သိပ်မှုနဲ့ ဝမ်းနည်း အားငယ် ကြောက်ရွံ့မှုတွေ အားလုံး ပေါင်းပြီး ဘဝရဲ့ နောက်ဆုံးအချိန် တွေကို အကျည်းတန်စွာ ဖြတ်သန်းနေရမှာဘဲပေါ့…


ဒါနဲ့ ကျွန်တော် ဒီတစ်ခါ သေချာ သတိထားပြီးတော့ ထပ်ပြုတ်ကျဖို့ မလွယ်တဲ့..
ပိုပြီး အကိုင်းများတဲ့ ခွဆုံ တခုပေါ်ပြောင်းတင်ပေးလိုက်တယ်
အောက်မှာလဲ ရေချိုင့်နဲ့ လွတ်တဲ့နေရာလေးပေါ့နော် ငှက်ကလေးလဲ မအော်နှိုင်ရှာတော့ဘူးလေ

သူ့ကိုထားခဲ့ပြီးတော့ စိတ်ထဲမှာ မကောင်းဘူးဗျာ
အလုပ်သာပြန်ရောက်လာခဲ့တယ် စိတ်ထဲမှာ ငှက်ကလေးတော့ သေသွားမယ်ထင်တယ် လို့ စိတ်တွေပူနေတယ်…

ဒါနဲ့ ထမင်းစားချိန်လဲရောက်ရော မနေနှိုင်တော့ဘူး အိမ်တန်းပြေးတော့တာဘဲ
အိမ်ရှေ့လဲရောက်ရော ကမန်းကတမ်း သူ့ကိုထားခဲ့တဲ့ သစ်ကိုင်း ခွဆုံ လေးကို လှမ်းစမ်းကြည့်တယ်

ဘုရား ဘုရား... ငှက်ကလေးမရှိတော့ဘူး.....

ကျွန်တော့ ခေါင်းတွေကြီးသွားတယ်

အဲဒါနဲ့ အောက်ကမြေကြီးပေါ်မှာ ဝေ့ဝဲရှာကြည့်လိုက်တော့ စိတ်မကောင်းစရာပါဘဲဗျာ…
ကျွန်တော့် ငှက်ကလေး ဇက်ကလေးခေါက်ပြီး ပက်လက်လေး ဖြစ်နေပြီလေ

ကျွန်တော် အသာလေးကိုင်ကြည့်လိုက်တော့ သေချာသွားပြီ သူအသက်မရှိတော့ဘူး
ရင်ဘတ်မှာလဲ တခုခုနဲ့ အထိုးခံထားရသလို အပေါက်လေးတွေ့တယ်
တခြားငှက်အကြီးစားတစ်မျိုးမျိုးက လာထိုးဆိတ်သွားတာလား အပြင်က ကြောင်တကောင်ကောင် ကိုက်သွားတာလား ဘာမှန်းတော့မသိပါဘူး

ကျွန်တော် အရမ်းဝမ်းနည်းသွားတယ် သူသေသွားရတာ ကျွန်တော်နဲ့ တနည်းနည်းပါတ်သက်နေသလိုဘဲ
ကျွန်တော်လဲ ဘဝမှာ ငှက်ကလေးတစ်ကောင်ကြောင့် တစ်ခါမှ ဒီလောက် ဒီလို မခံစားခဲ့ဖူးပါဘူး
အသက်မရှိတော့တဲ့ ငှက်ကလေး ကိုကြည့်နေရင်းနဲ့ ကျွန်တော့ မျက်စိတွေ ဝါးလာတယ်


အဲဒိမြန်မာပြည်နယ်စပ်က ပြန်မလာတော့မယ့် မိဘတွေကိုစောင့်ရင်း
ငတ်မွတ်သေဆုံးနေကြတဲ့ မြန်မာ ကလေးလေးတွေကိုလဲ မြင်ယောင်လာတယ်


ခနလေးဘဲသိလိုက်ရတဲ့ ငှက်ကလေး အတွက်လဲ ဝမ်းနည်းစွာနဲ့ ဆုတောင်းပေးလိုက်ပါတယ်

( ငှက်ကလေးရယ် ငါ မင်းကိုသနားလို့ စေတနာနဲ့ ကူညီလိုက်တာပါ..
မင်း ဒီလို ဖြစ်သွားမယ်မှန်း မသိခဲ့ပါဘူး...
မင်း အရင်ဘဝတွေက ဝဋ်ကြွေးတွေ ရှိခဲ့ရင်လဲ ဒီဘဝမှာဘဲ ကျေပါစေတော့ကွာ..
တကယ်လို့များ နောက်ဘဝမှာ လူပြန်ဖြစ်ခွင့် ရမယ်ဆိုရင်လဲလေ..
ခွေးတွေအုပ်ချုပ်တဲ့ မြန်မာပြည်မှာ ဘယ်တော့မှ လူလာမဖြစ်ပါစေနဲ့... ) လို့ပေါ့…..

မျိုးချစ်

Wednesday, December 19, 2007

ငွေကြာယံရဲ့ အိပ်မက်ဆိုး

စက်တင်ဘာ ၂၆ ရက် ၂၀၀၇ ခုနှစ်
တောင်ဥက္ကလာပ မြို့နယ်
ငွေကြာယံကျောင်းတိုက်

ည ၁၀နာရီ…..

(ဦးသုဒ္ဒရ)

ပြီးခဲ့တဲ့ ၂ ရက်လုံးလုံး ကောင်းကောင်းမကျိန်းစက်ရသေးတာရယ် ဆွမ်းလှုနေကျတကာကြီးတွေထဲက ကိုသူရက အဖမ်းခံရ ကိုကျော်သူလဲ ရှောင်တိမ်းနေရတာကြောင့် တစ်နေ့လုံး ဆွမ်းမဘုန်းပေးလိုက်ရတာရယ် တောက်လျှောက်မိုးမိထားတဲ့ဒါဏ်တွေရယ်ပေါင်းပြီး
ကျုပ်နဲ့တခြားကိုယ်တော်တွေတော်တော်များများတော့အဖျားတက်နေကြပြီလေ

ဒါကြောင့်မနက်ကဆရာတော်ကြီးကတော့ ဖျားနာနေတဲ့ကိုယ်တော်တွေမလိုက်ကြဖို့ပြောသား
ကျုပ်ကလဲမကျေနပ်လွန်းလို့ နယ်ကနေဒီထိ ရောက်အောင်လာခဲ့ပြီးမှ ဖျားတာလေးကြောင့်နဲ့တော့ နားရမှာက ကျုပ်တို့ကိုလက်ခံထားတဲ့ ဆရာတော်ကိုအားနာပါ့ဗျာ
ဒီနေ့တော့ကျုပ်တို့ ပင်ပန်းဆင်းရဲခံရကျိုးနပ်တယ်လို့ပြောရမှာဘဲ လူထုကြီးလဲ တစတစနဲ့ပါလာတယ်လေ ကျုပ်တို့ကိုလဲမျက်ရေလည်ရွဲနဲ့ ထိုင်ထိုင်ပြီးရှိခိုးကြတာဆိုတာ
ငယ်ဖြူဘုန်းကြီးကျုပ်တောင်မျက်ရေမထိန်းနှိုင်တဲ့အထိ
ကျောင်းသားတကာလေးတွေကလဲ ကျုပ်တို့ကိုလက်ချင်းဆက်လို့ စောင့်ရှောက်ပေးကြရှာပါရဲ့
ဘုန်းကြီးကတိပေးပါတယ်တကာ တကာမတို့ရယ်
ဒီ မသမာတဲ့အစိုးရ သံဃာကိုနှိပ်စက်ရဲတဲ့အစိုးရကို ဘုန်းကြီးတို့တစ်သက်ခွင့်မလွှတ်ဘူး
ဆွမ်းရှင်တွေရဲ့စားဝတ်နေရေး ပြဿနာတွေကိုလဲ ဘုန်းကြီးတို့ကြည့်မနေရက်ဘူး
ဒီတော့ဒီလူယုတ်မာတွေကသတ်မယ်ဆိုလဲ ဘုန်းကြီးတို့ဘဲအရင်အသက်ပေးသွားမယ်
အရိုးတွေတောင်လိုပုံမှ ဒီအရေးတော်ပုံ အောင်မယ်ဆိုရင်
ဘုန်းကြီးတို့အရိုးတွေဟာ အောက်ဆုံးမှာဘဲရှိနေစေရမယ်

ဒီလိုနဲ့ ညဥ့်နက်လာတာနဲ့အမျှ အဖျားကလဲပိုပြင်းလာတာနဲ့ အစောပိုင်းက မကွေးကကိုယ်တော်တစ်ပါးလာပေးသွားတဲ့ ကော်ဖီနဲ့ငန်းဆေးကိုအမြန်သောက်ပြီး လဲစရာအပိုလဲမရှိတော့လို့ မခြောက်တခြောက်သင်္ဃန်းနဲ့ဘဲ ကြိုးစားပြီးကျိန်းလိုက်ရတယ်။

ည ၂ နာရီခန့် အချိန်…..

တစ်မှေးလေးရရုံရှိသေး ၀ုန်းကနဲ အပြင်ကကြားလိုက်ရတဲ့အသံကြောင့်
ရုတ်တရက်လန့်နိုးသွားတယ် ကမန်းကတန်းမီးထဖွင့်တော့လဲ မီးကမလာတော့ဘူးလေ
ဘေးကကိုယ်တော်တွေလဲ ဘာဖြစ်နေမှန်းမသိတော့ အမှောင်ကြီးထဲ အထိတ်တလန့်နဲ့ပေါ့ဗျာ
ပထမဆုံးတော့ မှန်ကွဲသံတွေတခွမ်းခွမ်း စကြားရတယ် နောက်တော့ကျုပ်တို့ဘက်က ပြူတင်းမှန်တွေကိုပါခဲတွေလာထိတယ် တုတ်တွေနဲ့လိုက်ရိုက်ခွဲနေတဲ့ အသံတွေလဲကြားနေရတယ် ဒီမှာတင် ဘေးကကျောင်းဆောင်က ကိုယ်တော်တွေရဲ့ ကြောက်လန့်တကြားအော်ဟစ်သံတွေကို ကြားရတော့တာဘဲ

“ ကယ်ကြပါဦးကိုယ်တော်တို့ ဒီမှာဘုန်းကြီးတွေကိုဝိုင်းရိုက်နေကြပါတယ် “
“ အား အောင်မယ်လေး မလုပ်ကြပါနဲ့ မလုပ်ကြပါနဲ့ “
“ ရပ်ကွက်ထဲကတကာတွေကို ပြောပေးကြပါဦး “
“ မင်းတို့ မမိုက်ရိုင်းကြနဲ့နော် “

အဲဒိလိုအသံတွေချက်ချင်းပွက်လောရိုက်သွားတဲ့အချိန်မှာဘဲ ကျုပ်တို့အဆောင်ထဲမှာလဲ နောက်ဘေးပေါက်ပြေးတဲ့ကိုယ်တော်ကပြေး ခုတင်အောက်ဝင်ပုန်းတဲ့ကိုယ်တော်ကပုန်းနဲ့ပေါ့
ဒီအချိန်မှာဘဲ အရှေ့တံခါးမကြီး လဲဝုန်းကနဲပွင့်သွားပြီးတော့
“ နောက်ဘက်ကိုလိုက်ကြ နောက်ကပြေးနေကြတယ် အပြင်မထွက်စေနဲ့ တကောင်မှမလွတ်စေနဲ့ “ လို့အော်ပြီး လူတအုပ်ကြီးဝင်ရောက်လာတယ်

ပြီးတော့ဗျာ ဘာပြောကောင်းမလဲ လက်နှိပ်ဓါတ်မီးတွေထိုးပြီး မြင်မြင်ရာကို ရိုက်တော့တာဘဲ
ကိုရင်ငယ်လေးတွေ ၀ါတော် ရင့်နေတဲ့ သက်ကြီးရွယ်အိုဘုန်းကြီးတွေလဲ မရှောင်ဘူးဗျာ
သူတို့ကိုင်ထားတာတွေက သစ်ကိုင်းတုတ်တွေရော ၀ါးရင်းတုတ်တွေ သံတုတ်တွေရော စုံလို့
ဘုန်းကြီးတွေမလဲ အမှောင်ကြီးထဲ ရုတ်တရက်ဆိုတော့ အလဲလဲအပြိုပြိုပေါ့
သွေးပျက်မတတ်အော်သံတွေကြားထဲ တခွပ်ခွပ်နဲ့ ရိုက်သံတွေကလဲ နားနဲ့တောင်မဆန့်အောင်ဘဲဗျာ တချို့ကိုရင်ငယ်လေးတွေကလဲ
“ မလုပ်ပါနဲ့ဗျာ ကြောက်ပါပြီဗျာ “ လို့ငိုယိုအော်ဟစ်ရင်း အသံတွေရပ်ရပ်သွားတာကြားရတယ်
တခွပ်ခွပ်ရိုက်သံတွေကတော့မရပ်သွားတဲ့အပြင်ပိုတောင်များလာသေးတယ်

ကျုပ်လဲနောက်ဖေးကနေရအောင်ပြေးမယ်ဆိုပြီး ခြုံထားတဲ့စောင်တစ်ထည်ကိုဆွဲ ခေါင်းကိုလုံအောင်ကာ ကိုယ်ပေါ်ကို တဘုန်းဘုန်းနဲ့ကျလာတဲ့ ဒုတ်ချက်တွေအောင့်ခံပြီး အတင်းကိုရုန်းပြေးပါသေးတယ် ဒါပေမယ့်ဆွမ်းမ၀တာနဲ့ ဖျားနေတာနဲ့ ဘယ်ပြေးနှိုင်မလဲဗျာ
ကျောင်းဘေးအကွေ့ ရောက်တယ်ဆိုရင်ဘဲ ကျုပ်မျက်နှာမှာဖျောင်းကနဲဖြစ်ပြီး ပစ်လဲသွားတယ် လဲရာကမော့အကြည့်မှာတော့ ကျုပ်ရဲ့ဘယ်ဘက်မျက်လုံးတည့်တည့်ကို တုတ်တစ်ချောင်းလိုအရာတစ်ခုခု အရှိန်ပြင်းပြင်းနဲ့ ၀င်လာတာကိုနောက်ဆုံးတွေ့လိုက်ရပြီး အားလုံးမှောင်အတိကျသွားတော့တာဘဲ။

(နာရီအနည်းငယ်ခန့်အကြာ…..)

ကျုပ်လန့်နိုးလာတယ် အာခေါင်တွေလဲခြောက်ကပ်နေတယ် တံတွေးတောင်မျိုချလို့မရဘူး ခေါင်းထဲမှာလဲ တစစ်စစ်နဲ့ ထုံကျင်ကိုက်ခဲနေတယ် မျက်လုံးလဲဖွင့်လို့မရဘူး
အဆိုးဆုံးက ဘယ်ဘက်မျက်နှာတစ်ခြမ်းလုံး ထူပိန်းနေအောင်နာကျင်နေတယ်
တကိုယ်လုံးကအကြောတွေလဲသေနေသလိုဘဲ ဘာမှလှုပ်လို့မရတော့ဘူး ဒါနဲ့ အတင်းကြိုးစားပြီးမျက်လုံးဖွင့်ကြည့်တော့မှ တစ်ခုသတိထားမိတယ်
ကျုပ်ရဲ့ဘယ်ဘက်မျက်လုံး ပေါက်ထွက်သွားပြီ မျက်တောင်ခတ်ရင်မျက်လုံးရဲ့ ပိန်ရှုံ့ကျန်နေတဲ့ မျက်အိမ်ကိုသွားထိမိတယ် ရက်စက်လိုက်ကြတာဗျာ

ကျုပ်ကိုယ်ပေါ်မှာလဲ လူတွေအများကြီးပိနေတယ် ဒီအထဲကတိုးတိုးညည်းညူသံတွေလဲကြားနေရတယ်
နောက်ပြီးလူတွေကိုဆွဲဆွဲချသွားတာကိုသိနေတယ် တဖြည်းဖြည်းပေါ့လာတယ်လေ
ဘေးကအသံတွေလဲနားထဲစကြားလာရတယ်

“ ဗိုလ်ကြီး ဒီဘက်မှာအရှင်တွေ များတယ် “
“ ရှင်နေသေးရင်လဲ ရှင်းပစ်လိုက်ကွာ “
“ ဘာမှမကျန်စေနဲ့ “

ဘုရားဘုရား ဒါတကယ်မဟုတ်ပါစေနဲ့ အိပ်မက်ဆိုးဘဲဖြစ်ပါစေလို့ ဆုတောင်းနေမိတယ်
ဆုတောင်းမပြည့်ပါဘူး ဘာလို့လဲဆိုတော့ ကျုပ်ရဲ့ကိုယ်ပေါ်တည့်တည့်ကနေ

“ မလုပ်ပါနဲ့ အကိုတို့ရယ် ကျွန်မအသက်ကိုချမ်းသာပေးကြပါ “
“ ကျွန်မမှာ ကိုယ်ဝန်ကြီးနဲ့ပါ မရက်စက်ကြပါနဲ့ ရှင် “ လို့ကြားလိုက်တယ် တဆက်ထဲဘဲ

“ ဒီကောင်မကိုအရင်ရှင်းပစ်ဟေ့ “ ဆိုတဲ့အသံရဲ့နောက်မှာ

“ အား အား “ ဆိုပြီး နာနာကျင်ကျင် ညည်းညူသံနဲ့အတူ ကျုပ်ကိုယ်ပေါ်မှာလဲ လှုပ်ခတ်သွားတာကိုခံစားလိုက်ရပါတယ် နောက်ထပ်လဲဘာအသံမှမကြားရတော့ဘူး
ပြီးတော့ စူးရှပြင်းထန်တဲ့ ညှော်နံ့တွေကိုလဲသတိထားမိလာတယ်
ဟာ ဒါဆိုရင်…..
မဖြစ်နှိုင်ပါဘူး ….. လုံးဝမဖြစ်နှိုင်ဘူး….. ဒီလောက်တော့လုပ်ရက်ကြမယ်မထင်ပါဘူး…..
မြန်မာတွေဘဲဗျာ….. ဗုဒ္ဓဘာသာတွေဘဲလေ…..

တွေးလို့တောင်မဆုံးသေးဘူး ကျုပ်အလှည့်ရောက်လာပါရောဗျာ

“ ဒီကတုံးကလဲ မသေနှိုင်သေးပါလား “ လို့တစ်ယောက်ကပြောသံကြားတယ်

“ ဆွဲသာထည့်လိုက်ကွာ “ လို့လဲပြောတယ်

ပြီးတော့ကျုပ်ကို ခြေနှစ်ဘက် လက်နှစ်ဘက်ဆီ ကနေဆောင့်ဆွဲလိုက်ကြတယ်
တကိုယ်လုံးစူးကနဲဖြစ်အောင် နာကျင်သွားတယ်ဗျာ
ပြီးတော့ဘုန်းကနဲပစ်တင်လိုက်တဲ့အခါ မီးဖိုပေါ်က ဒယ်အိုးပေါ်ကို ရောက်သွားသလိုဘဲ
လက်တွေခြေတွေကအသားတွေ ရှဲကနဲမြည်သွားတယ်
ကျုပ်လဲနာကျင်လွန်းလို့ အားကနဲ တချက်အသံထွက်လာတယ် ရယ်သံတစ်ချို့သဲ့သဲ့ကြားတယ်

ကျုပ်ကိုတွန်းထဲ့လိုက်ပြီးဂျိန်းကနဲ တံခါးမပိတ်လိုက်ခင်မှာ နောက်ဆုံးတစ်ခုတော့သေချာမြင်လိုက်တာရှိတယ်
ကျုပ်ယုံကြည်ကိုးကွယ်တဲ့ ဗုဒ္ဓဘုရားရှင်ရဲ့ မျက်နှာတော်ကို
မီးတောက်ကြီးတွေကြားထဲမှာ သေချာကိုတွေ့လိုက်ရပါတယ်

( ဖြစ်ရပ်မှန်များအပေါ် အခြေခံ၍ စိတ်ကူးပုံဖေါ်ထားပါသည်
အကြောင်းအချက်မကိုက်ညီပါက ခွှင့်လွှတ်ပေးကြပါရန် တောင်းပန်ပါသည်)

မျိုးချစ်

Twitter Delicious Facebook Digg Stumbleupon Favorites More