Thursday, July 3, 2008

မာရုကိုပြန်လည်နှိုးထခြင်း နှင့် ကဗျာသမားရဲ့ ဆင်ခြေ


တစ်ရက်ကျွန်တော့မိတ်ဆွေကိုစိုးနိုင်နဲ့စကားပြောနေရင်းနဲ့ ကဗျာတွေဘက်လှည့်သွားပါတယ်
အဲဒိမှာ ကျွန်တော်လုံးဝမသိခဲ့တဲ့ ကဗျာသမားတစ်ယောက် အကြောင်းကိုစိုးနိုင်ကပြောပြခဲ့ပါတယ်
အဲဒိကဗျာဆရာကလောလောဆယ်အောင်မြင်လူသိများတဲ့ Brodcaster တစ်ဦးပါ
ကျွန်တော်နဲ့လဲတော်တော်ခင်ပါတယ်
ဒါပေမယ့် သူကဗျာတွေရေးဖူးမှန်းကျွန်တော်လုံးဝမသိခဲ့သလို ကဗျာရေးတဲ့လူလို့လဲလုံးဝမသိခဲ့ဘူး
ဒါနဲ့ ကိုစိုးနိုင်က သူ့မှာရှိထားတဲ့ အဲဒိလူထုတ်ဖူးခဲ့တဲ့ကဗျာစာအုပ်လေးကို လက်အညောင်းခံပြီးစာရိုက်ပို့ပေးလိုက်ပါတယ်

ပြီးတော့ကျွန်တော်ဖတ်ကြည့်တယ် ဖတ်နေရင်းလက်ကအမွှေးလေးတွေတခါတခါ ထောင်လာပါတယ်
နောက်ပြီး ဖတ်နေရင်း ကျွန်တော်အနှစ် ၂၀ လောက်ငယ်သွားသလိုဘဲခံစားရတယ်
ဒါနဲ့ ကျွန်တော်ကဗျာဆရာကိုခွင့်တောင်းပြီးမူရင်းအတိုင်းတင်ဆက်ပေးလိုက်ပါတယ်
သူ့နာမည်ရင်းကိုတော့ မပြောပါနဲ့ဆိုလို့မူလကလောင်နာမည်နဲ့ဘဲတင်ဆက်ပေးလိုက်ပါတယ်
နောက်ပိုင်းလဲ ကို မာရု ရဲ့ကဗျာလေးတွေကို မျိုးချစ်မြန်မာ မှာအလျင်းသင့်သလိုတင်ဆက်ပေးသွားမှာပါ

“ ကဗျာသမားရဲ့ ဆင်ခြေ ”


လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်က ရေးပြီး ထုတ်ဝေခဲ့တဲ့ကျွန်တော့်ရဲ့ ကဗျာစာအုပ်ကို မျိုးချစ် မြန်မာက သူ့ဘလော့ဂ်မှာ တင်ဆက်ချင်တယ်ဆိုတော့ အံ့သြသွားပါတယ်။ ကဗျာဆို တာက လူကြိုက်နည်းတဲ့ ပစ္စည်းပါ။ ကဗျာစာအုပ် ထုတ်ပြီဆို ရှုံးတာ များပါတယ်။ ၀တ္ထုဇတ်လမ်းကို ပြန်ပြောတာတွေ လုပ်တတ်ကြပေမယ့်။ ကဗျာကို ပြန်ရွတ်တာတွေက နည်းပါတယ်။ ကဗျာလုပ်ငန်းကို ဘ၀နဲ့ချီပြီး လုပ်တဲ့ ကဗျာဆရာဆိုတာက အနုပညာ သည်တွေထဲမှာ တော်တော်ရှားတာပါ။ ကျွန်တော့်လို အပျော်တန်း ကဗျာရေးသူတွေ တောင်သိပ်များတာ မဟုတ်ပါဘူး။ ကျွန်တော်တို့ ခေတ်ကပေါ့။ အင်တာနက် မထွန်းကား ခင်ကာလပါ။
ဒါပေမယ့် အခုတလော လူသုံးများနေတဲ့ ဘလော့ဂ်တွေ ပေါ်လာတော့ ဘလော့ဂ်တိုင်း လိုလိုမှာ ကဗျာတွေကို တွေ့လာရပါတယ်။ ဘလော့ဂါ ကဗျာသမားတွေပေါ့။ ၀မ်းသာစရာပါ။ မျိုးချစ်မြန်မာကလည်း အစုံလုပ်တဲ့သူပါ။ ကဗျာလည်းရေး၊ သီချင်းလည်းဆို၊ ကျန်တာတွေလည်း လုပ်ပါသေးတယ်။ လူခြင်းတော့မဆုံဖူးသေးပါ။ အခုလည်း ကျွန်တော့်ရဲ့  ရှားပါးလှတဲ့ ကဗျာတွေကို ဘယ်လို ရှာတွေ့သွားတယ်မသိ။ သူ့ဘလော့ဂ်မှာ တင်ချင်ပါသတဲ့။ ကျွန်တော့်ရဲ့ ကဗျာ ရှားပါးရတဲ့ အကြောင်းက ကဗျာစာအုပ် ထုတ်ပြီး ကဗျာကို တကယ်ချစ် တတ်တဲ့သူကိုပဲ လက်ဆောင်ပေးခဲ့လို့ လူနည်းစုဆီကိုပဲ ရောက်ခဲ့တာကြောင့် ရှားတယ်လို့ ပြောတာပါ။ ကုန်အောင်ပြောရရင် ကဗျာကို စိတ်မ၀င်စားပေမယ့် အားနာနာနဲ့ စိတ်အရှုပ်မခံချင်သူ တချို့ကိုလည်း ကျွန်တော် ဘီယာသောက်ချင်လို့ ပိုက်ဆံပြတ်တဲ့အခါ ခပ်မာမာနဲ့ ကဗျာစာအုပ် တချို့  (အပျော်သဘောနဲ့) ရောင်းစားခဲ့ဖူးပါတယ်။ ဒါတွေကလွဲလို့ ကျွန်တော့်ကဗျာတွေ လူမသိပါဘူး။ ကျွန်တော့မှာ ကိုယ်ပိုင် ဘလော့ဂ်ရှိတာတောင် ကိုယ့် ကဗျာတွေကိုယ် မကြိုက်တော့လို့ တင်မထားပါဘူး။ ဒါပေမယ့်လည်း မျိုးချစ်မြန်မာက ကြိုက်လို့တင်မယ်ဆိုပြီး ခွင့်တောင်းတော့ အံ့သြပြီး စဉ်းစားရပါတယ်။

လွန်ခဲ့တဲ့ဆယ်နှစ်ကျော်က ကိုယ့်ရဲ့ လက်ရာကို အခု မကြိုက်သလောက်ဖြစ်နေပါပြီ။ ဒီနေ့ခေတ်မှာ ဆယ်နှစ်ဆိုတာက တော်တော်ကြာသွားတဲ့အချိန်ပါ။ ဦးနေ၀င်း မသေခင် ဆယ်နှစ်က ဗိုလ်သန်းရွှေ ဆယ်နှစ်ထက် အချိန်ပိုရှည်တယ်လို့ ထင်ပါတယ်။ အခုတော့ အင်တာနက်ကြောင့် အချိန်တွေတိုကုန်ပါပြီ။ ကျွန်တော့် ကဗျာတွေက ဦးနေ၀င်းမသေ ခင်မှာရေးတဲ့ ကဗျာတွေဆိုတော့ တော်တော်ဟောင်းနေပါပြီ။
ဒါပေမယ့်လည်း ကြိုက်ချင်တဲ့သူကြိုက်၊ မကြိုက်ချင်တဲ့သူနေ။ ဒီနေ့ကဗျာသမား တွေလည်း သံဝေဂယူပြီး ဆင်ခြင်နိုင်အောင်ဆိုပြီး ကျွန်တော့ကဗျာများ ပြသလိုက် ပါတယ်။ ရှာရှာဖွေဖွေ တင်ဆက်ပေးတဲ့ မျိုးချစ်မြန်မာကို ကျေးဇူးတင်ကြောင်း ပြောရမှာပါပဲ။

ဒီကဗျာတွေရေးတုန်းက မိုးသီးဇွန်က တောထဲမှာ။ ဗိုလ်စောမောင်နဲ့ဦးနေ၀င်းတို့က မသေကြသေး။ ဒေါ်စုက မြန်မာပြည်ကပေးစာများ ရေးနေချိန်။ ဂျော့ခ်ျ ဒဗလျှဘုခ်ျ သမ္မတမဖြစ်သေး။ အဆိုတော် ဘိုနိုက လူမှုရေးလုပ်ငန်းတွေစလုပ်ချိန်။ ဆုန်သင်းပါ(ရ်) နဲ့ချောစုခင်တို့ အဆိုတော်မဖြစ်ကြသေး။ ဘင်လာဒင်လည်း ကမ္ဘာမကျော်သေး။ မြန်မာပြည်မှာ နှစ်လုံးထီစပြီး ခေတ်စားချိန်။ မင်းကိုနိုင်နဲ့ ကိုကိုကြီးတို့ ကတော့ အခုလိုပဲ ထောင်ထဲမှာ။ နုပျိုတဲ့ဘ၀တွေကို လုံထဲထည့်၊ မီးပြင်းတိုက်ပြီး ဖိုထိုးနေကြ တယ်။ သံသေရင် တပြည်ဝအောင်လို့ပေါ့။

မာရု၂၀၀၈။

ဇူလိုင်။ ၂ရက်


If you can't see anything, click on Zoom In ( + )


1 comments:

gate said...

ကိုမျိုးချစ်ရေ။မာရုကအဲဒီကဗျာစာအုပ်ထုတ်ဖို့Bank ကတောင်Loan ယူပြီးထုတ်ခဲ့တာဗျ။ဟားဟား။လွမ်းစရာ။သတိရစရာတွေပေါ့ဗျာ။