Showing posts with label Social Community Article. Show all posts
Showing posts with label Social Community Article. Show all posts

Tuesday, October 18, 2011

မေတ္တာ ၏ ရောင်ပြန်


Please click on photo to ENLARGE!

အပိုင်း ( ၁ )


" သန့်ရှင်းသော မေတ္တာ "


ဒီနေ့ Boss က ကျွန်တော် ပျော်အောင် ဆိုပြီး Deal တစ်ခု ပေးပါတယ်။

သူ့ သူငယ်ချင်းတစ်ယောက် ရဲ့ သားလေး ကားဝယ်တာ ကျွန်တော့်ကို ပေးရောင်းပါတယ်။
ကျွန်တော်တို့ ကားလောက မှာတော့ Manager's Spoon လို့ခေါ်တာပေါ့လေ။
၃ နာရီကျော်ကားမောင်းပြီး San Diego အနားထိ ကားကို သွားယူပေးရပါတယ်။
အစကတော့ သူ့သူငယ်ချင်းရဲ့သားဆိုတော့ ပိုက်ဆံ သိပ်ရမှာလဲ မဟုတ်ဘူး လို့ထင်ပေမယ့် Boss ရဲ့ စေတနာကို ကျေးဇူးတင်တဲ့အနေနဲ့ သွားယူပေးဖို့ သဘောတူလိုက်တာပါ။

ပြန်ရောက်ပြီး ကားကို Deliver လုပ်ပြီးတော့ မှ Comission က 480$ ဆိုတာသိလိုက်ရတော့ အများကြီး မဟုတ်ပေမယ့် ပင်ပန်းရတာ ကိုတောင် မေ့သွားတဲ့အထိ Boss ကို ကျေးဇူးတင်သွားပါတယ်။

သူ က ကျွန်တော် အရင်က ပိုက်ဆံအများကြီး ရ တဲ့ဆိုင်ကြီးတွေ မှာ လုပ်လာဖူးတာ ကို သိတော့ ကျွန်တော် ဒီ Local ဆိုင်လေးကအလုပ်မှာ ပျော်စေချင်လို့ တတိယ နေ့မှာ ကျွန်တော့်ကို မုန့်ဖိုးပေးတဲ့သဘော စီစဉ်ပေးတာပါ။

အရင်က Comission 2500$ 4000$ ရခဲ့ဖူးတဲ့ အခါတွေ Bonus 3000$ Hit ဖြစ်တဲ့အခါတွေ တုန်းကတောင် ဒီလောက် မပျော်ဖူးပါဘူး။
ပိုက်ဆံ ပမာဏ နည်းနည်းလေးပေမယ့် သဘောကောင်းတဲ့ Boss ရဲ့ သန့်ရှင်းတဲ့ စေတနာ ကို ကျေးဇူးတင်လို့ မျက်ရည်တောင် ဝဲသွားပါတယ်။


I ♥ U J.

I'll never forget this.





(Oct, 16th, 2011)


* _________________________ *

အပိုင်း ( ၂ )


" မေတ္တာ ၏ ရောင်ပြန်ဟတ်ခြင်း "


မနေ့ က ကျွန်တော့် ကို စိတ်ချမ်းသာအောင် လုပ်ပေးခဲ့တဲ့ ဘော့စ် ကို ကျွန်တော် အိမ် မပြန်ခင်နှုတ်ဆက်ရင်း ကျေးဇူးတင်တယ်ဆိုတာရယ် သူ ပေးတဲ့ ပိုက်ဆံ ကို ကျွန်တော် အမြန်ဆုံး သူ့အတွက် ပြန်ရှာပေးမယ်လို့ ရီရင်းမောရင်း ကတိပေးခဲ့ပါတယ်။

ဒီနေ့ ကျွန်တော် မနက် အလုပ်မသွားခင် ဘုရားရှိခိုး ဖို့ နောက်ကျနေတာနဲ့ စိတ်ထဲကတော့ ကျွန်တော့်အပေါ်မှာ ကောင်းခဲ့ဖူးတဲ့ သူတွေကို ပြန်ကောင်းကျိုးပြုခွင့်ရပါစေလို့ အရင်လိုဘဲ နေ့စဉ်အတိုင်း ဆုတောင်းမိခဲ့ပါတယ်။

အလုပ်ရောက်သွားပြီး သိပ်မကြာခင် ဘဲ အလုပ် ပထမ ဆုံးဆင်းတဲ့ Oct 14th, 2011 ( သောကြာနေ့ ) က ရောက်လာခဲ့တဲ့ Client ကောင်လေးတစ်ယောက် မမျှော်လင့်ထားဘဲ ပြန်ရောက်လာတာ နဲ့ သူ ကြည့်ထားတဲ့ကားလေး ကို ရောင်းဖြစ်သွားပါတယ်။

ဒီဆိုင် မှာ ကျွန်တော့်ရဲ့ စတုထ္ထ နေ့မှာ ရောင်းရတဲ့ ဒုတိယ ကား ဝယ်သူ ပြန်သွားပြီးတော့ ကျွန်တော် ရမယ့် ပိုက် ဆံ နဲ့ ဘော့စ် ရမယ့် ပိုက်ဆံ ကို စက်ထဲမှာ ကြည့်လိုက်တော့ ကျွန်တော်က ၅၆၀ ဘော့စ်က ၂၀၀ လောက် ရှိပါတယ် ။
(မန်နေဂျာ တွေက တစ်ဆိုင်လုံးက အမြတ်ကို ရတာ မို့ တစ်စီးချင်းမှာတော့ ကျွန်တော်တို့ တစ်ယောက်ချင်းဆီ ရတာထက် နည်းပါတယ်)

ဒါနဲ့ ကျွန်တော်က သူ့ကို ကားရောင်းအပြီး သူ ကျွန်တော့် ကို အလကား ဖန်တီးပေးထားတဲ့ Deal က နေရ ခဲ့တဲ့ ပိုက်ဆံ ၄၈၀ မပြည့်သေးတာ ပြည့်အောင် ပြန်ရှာပေးပါ့မယ်လို့ သွားပြီး နောက် ဖို့ ကြံနေတုန်းမှာဘဲ ဘော့စ်က ကျွန်တော့် ကို ဖုန်းနဲ့ သူ့ ဆီခဏ လာဖို့ လှမ်းခေါ်ပါတယ်။

ကျွန်တော့်ကိုတွေ့တော့ အားနာနေတဲ့ မျက်နှာ နဲ့ မနေ့က သူ့ အသိရဲ့သားလေး ကားဝယ်သွားတာ ဘဏ်ရဲ့ လိုအပ်မှု တစ်ခုကြောင့် တစ်ချို့ အမြတ်တွေ ဖြတ်လိုက်ရတာ ကျွန်တော် ရမယ့် ကော်မရှင်က ၂၀၀ လောက် ဘဲ ကျန်တော့မယ် ဆိုတာ သူ မရည်ရွယ်ဘဲ ဖြစ်လာတဲ့ အခြေအနေဆိုတာ ခေါ်ပြီးတောင်းပန်တာပါ။


စေတနာ နဲ့ ကံတရား ရဲ့ ထူးဆန်းမှု ဟာ ရှင်းပြလို့မရအောင် ကို ဆန်းကြယ်ပါတယ်
ကျွန်တော် သူ့ကို စေတနာ သန့်သန့် နဲ့ ပြန်ရှာပေးလို့ ရတဲ့ ပမာဏ ဟာ သူ တကယ် ကျွန်တော့် ကို ပေးနိုင်ခဲ့တဲ့ ပမာဏ နဲ့ ငွေ ၂၀၀ ခြင်း ကွက်တိ ထပ်တူ ဖြစ်နေပါတယ်။

ဒါကို ကျွန်တော် မယုံကြည်နိုင်လောက်အောင် အံအားသင့်နေတုန်းမှာဘဲ ပိုထူးဆန်းတဲ့ ကိစ္စ တစ်ခုဖြစ်လာပါတယ်။


ကျွန်တော် နဲ့ သူ နဲ့ စကားပြောနေရင်းဘဲ ဆိုင် ပိုင်ရှင် က အခန်းထဲ ပြုံးပြီးရောက်လာပါတယ်။

ကျွန်တော် အခုလေးတင် ရောင်းလိုက်တဲ့ ကား က Manufacturer က နေ ရောင်းတဲ့ REP နဲ့ Manager တွေ အတွက် တိုက်ရိုက် သပ်သပ် အပို အဖြစ် SPIN (or) Spiff လို့ခေါ်တဲ့ 500$ Bonus Cash ပါ ရ လိုက်ပါတယ် တဲ့။

Boss နဲ့ ကျွန်တော် 250$ ဆီ ပေါ့။

ဒီတော့ သူလဲ ကျွန်တော့် ကို မနေ့ က ကား မှာ အပြည့် မပေးနိုင်ခဲ့တဲ့ ပိုက်ဆံ ကို ၂၅၀ ပြန်ဖြည့် ပေးလိုက်သလိုဖြစ်ပြီး ကျွန်တော် လဲ အဲ့ဒိ ပိုက်ဆံကို ဒီနေ့ ကား နဲ့ သူ့ကို ပြန်ရှာပေးလိုက်သလို ကွက်တိဖြစ်သွားတာပေါ့နော်။

ကျွန်တော် အိမ်ပြန်ရောက်တာ နဲ့ ဘုရားရှင် ကို ကျေးဇူးတင် စွာ နဲ့ ရည်မှန်း ကန်တော့ရင်း မျက်ရည် ကျမိပါတယ်။

ကျွန်တော် ကားစရောင်းကာစ 2003 ခုနှစ်လောက် က လတစ်လရဲ့ လကုန် နောက်ဆုံးရက်မှာ ကားတစ်စီးထဲ ကြောင့် နဲ့ Top Units + Top Gross Profit + Top Sales + Weekend + Monthly Bonus တွေ အားလုံး ပေါင်းပြီး ငွေ 5000$ လောက်ရဖူးပါတယ်။

လုပ်သက်ကြာလာပြီး တော့ နောက် တစ်ခါမှာလဲ ကား အစီး ၂၀ ကျော်လောက် ရောင်းရတုန်းက Commission + Bonus အားလုံး 18000.00$ လောက် လဲ တစ်လ ထဲ ရဖူးပါတယ်။

ဒါပေမယ့် အဲ့ဒိအခါတွေ တုန်းက ကိုယ့် ကျွမ်းကျင်မှု ကို ဂုဏ်ယူတာ နဲ့ နည်းနည်း ဆောင့်ကြွားကြွားဖြစ်ချင်တာ က လွဲပြီး သိပ်ကြီးတော့ ဝမ်းမသာခဲ့ပါဘူး။

ခုတစ်ခါကတော့ ကိုယ့်ကို အကျိုးမကြည့်ဘဲ အလကား ကူညီခဲ့သူကို ကိုယ်လဲ ကိုယ်ကျိုး ကြောင့် မဟုတ်ဘဲ ပြန်ကျေးဇူးဆပ်ချင်တဲ့ ဆန္ဒ စစ်စစ် က ထူးဆန်းစွာ ချက်ချင်း ပြည့်သွားတဲ့အတွက် ဖေါ်မပြတတ်အောင် ကြည်နူးရပါတယ်။

အဲ့ဒိခံစားမှုကို ဒေါ်လာ တစ်သိန်းနဲ့ ဝယ်လို့လဲ ရမယ် မထင်ပါဘူး။


ကျွန်တော့် ဘဝ မှာ အဲ့လို ထူးထူးဆန်းဆန်း ကံကောင်းတာတွေ တိုက်ဆိုင်မှုတွေ ငယ်စဉ်ကထဲက မကြာခဏ တွေ့ကြုံဖူးပါတယ်။


ကျွန်တော် မေတ္တာတရား နဲ့ စေတနာ ရဲ့ တန်ခိုးကို ငယ်စဉ်ထဲက ယုံကြည်ခဲ့သလို မယုံကြည်လို့ မရလောက်အောင် ထူးဆန်းတဲ့ ယ္ခုလို တိုက်ဆိုင်မှု များစွာ ကို ကြုံတွေ့ခဲ့ဖူးတာနဲ့ အမျှ ယုံကြည်မှု က ပိုမိုကြီးမားခဲ့ရပါတယ်။

ကျွန်တော် ဟာ အပြစ်ကင်းတဲ့ သူတော်စင် သူတော်ကောင်းလဲ မဟုတ်သလို
မဟာ ကရုဏာ စေတနာရှင်ကြီးလဲ မဟုတ်ခဲ့ပါဘူး။

ဒါပေမယ့် မွေးစကထဲက ကျွန်တော် ဟာ ပါတ်ဝန်းကျင် မှာ သိတဲ့ မြင်တဲ့ အကူအညီ လိုအပ်နေတယ် လို့ သေချာသိသာတဲ့ လူတိုင်း ကို သူတို့ က လုံးဝ မတောင်းဆိုပေမယ့် ကျွန်တော် အမြဲ ပင်ပန်း ဆင်းရဲ ဒုက္ခ အရောက်ခံ အစော်ကားခံ လူအမုန်းခံ အထင်လွဲခံပြီး ကျွန်တော် အမြဲ ကူညီ ကာကွယ် ပေးခဲ့ဖူးပါတယ်။

New Year ပါတီသွားဖို့ အဝတ်အစား အကောင်းစားတွေ ဝတ်ထား ပေမယ့် လမ်းမှာ ကားပျက်နေတဲ့ အကူအညီလိုနေတဲ့ သူ ကို အင်္ကျီတွေ ညစ်ပါတ်ပြီး ချွေးတွေ ရွှဲနစ် သွားအောင် ဆင်းတွန်းပေးတာမျိုး တွေ မကြာခဏ လုပ်ခဲ့ဖူးပါတယ်။

ဒါ ကျွန်တော် ကိုယ်ရည်သွေးတာ မဟုတ်ပါဘူး။
အလွယ်တကူ နားလည် နိုင်တဲ့ ဖြစ်ရပ်မှန်တစ်ခု အနေနဲ့ ပြောပြတာပါ။

ဒီလို လုပ်ပေးရတိုင်းလဲ ကာယကံရှင်ကို ဘာမှ ပြန်တောင်းဆိုမှု မလုပ်ခဲ့ဖူးပေမယ့် တစ်ခုထဲ အမြဲ ဆုတောင်းခဲ့ ပါတယ်။

အဲ့ဒိ ဆု က

" ကျွန်တော် ဒုက္ခရောက်နေရင် အကူအညီ အရမ်း လိုအပ်နေရင်လဲ ခု ကျွန်တော့်လိုဘဲ ကူညီမယ့် သူ ဖြေရှင်းပေးမယ့် သူ တစ်ယောက် အလိုလို ရောက်လာပါစေ "  ဆိုတဲ့ ဆုပါဘဲ။

အဲ့ဒိ ဆု ဟာ မွေးကထဲက ယနေ့ထိ အမြဲလဲ ပြည့်ခဲ့တဲ့အတွက် ဒီနေ့ထိ ကျွန်တော်ဟာ ဒုက္ခအကြီးအကျယ်ရောက်တယ် ဆိုတာ တစ်ခါ မှ မကြုံဖူးတဲ့အပြင် ကျွန်တော့် ဘဝမှာ တစ်ကယ် လိုချင်လာပြီ ဆိုတဲ့ အရာတိုင်း ကို မရခဲ့တာ တစ်ခါမှ မရှိခဲ့ဖူးသလို ဒုက္ခ ဆင်းရဲမှု အသက်ဘေး စတဲ့ အရာ များစွာကနေလဲ အမြဲ ထူးဆန်းစွာ ဘေးမသီရန်မခ လွတ်မြောက် သွေဖယ်ခဲ့ဖူးပါတယ်။

လွန်ခဲ့တဲ့ ၁ နှစ် အတွင်းကလဲ ကျွန်တော့် ကားလေး က မျက်နှာချင်းဆိုင် က လာနေတဲ့ Truck ကြီး နဲ့ ခေါင်းချင်းဆိုင် တိုက်မိတာတောင် ကျွန်တော့် ကိုယ် မှာ ခြစ်ရာတစ်ခု မထင်ခဲ့သလို မျိုးပေါ့။

အဲ့ဒါတွေဟာ ကျွန်တော့် ရဲ့ သီလစင်ကြယ်မှု တို့ သမာဓိ ကောင်းလို့ တို့ လို့ လုံးဝ မထင်ပါဘူး။

ကျွန်တော် စစ်မှန်တဲ့ စေတနာ နဲ့ ရင်းနှီး မတည် ခဲ့ရတဲ့ ကုသိုလ် တွေ ကြောင့် ဘုရားရှင် သို့ မဟုတ် မေတ္တာ ကြောင့် ဖြစ်လာတဲ့ ကံတရား က နေ ကျွန်တော့်ကို အမြဲ ပြန်စောင့်ရှောက် ပေးနေတာ လို့ ကျွန်တော် ဗုဒ္ဓဘာသာဝင် တစ်ဦး အနေနဲ့ မုချ အကြွင်းမဲ့ ယုံကြည်ပါတယ်။

ဒါကြောင့် မိတ်ဆွေတို့ကိုလဲ စေတနာ နဲ့ တိုက်တွန်းချင်တာတစ်ခုက ...

ဘယ်တော့ မဆို စေတနာ သန့်သန့် နဲ့ မေတ္တာတရား တစ်ခုထဲကြောင့် ပြုမူ ဆောင်ရွက် ခဲ့ တာမှန်ရင် မေတ္တာတရားရဲ့ တန်ခိုးတော်ဟာ တူညီတဲ့အကျိုး ကို ထာဝရ ထပ်တူ ရောင်ပြန်ဟပ် လေ့ ရှိတယ် ဆိုတာ ကို အကြွင်းမဲ့ ယုံကြည်ဖို့ပါဘဲ။ ။


(Oct 17th, 2011)


ထာဝရမေတ္တာဖြင့်

မျိုးချစ်မြန်မာ

Friday, July 15, 2011

(သား) သုခရဲ့ အားဆေးတစ်ခွက်

Please click on photo to ENLARGE!


သတင်း နှင့် ဓါတ်ပုံ များအား ကိုကျော်သူ မှ မေတ္တာဖြင့် ပေးပို့သည်


၁၄.၇.၂၀၁၁ (ကြာသပတေး)နေ့တွင် နာရေးကူညီမှုအသင်း(ရန်ကုန်)ရုံးချုပ်ရှိရာ မြောက်ဒဂုံ မြို့နယ်သို့ ကျေးဇူးရှင် စာရေးဆရာ ဒါရိုက်တာ ဘဘဦးသုခ၏ သားဖြစ်သူ သုခ(သား) (ခ) ကိုရဲအောင် တို့မိသားစုအား ဘဘဦးသုခ၏ တပည့်ရင်းဖြစ်သူ ဒါရိုက်တာ ဦးနှင်းမိုးမှ လိုက်လံပို့ဆောင် ခဲ့သည်။
သုခ(သား) (ခ) ကိုရဲအောင်သည် နိုင်ငံရပ်ခြား၌ နေထိုင်နေသူတစ်ဦးဖြစ်ပြီး စာရေးဆရာ တစ်ဦးလည်းဖြစ်သည်။ ယခု မြန်မာပြည်သို့ရောက်ရှိခိုက် ဖခင်ဖြစ်သူ ဘဘဦးသုခ မျိုးစေ့ချပေးခဲ့သော နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ လာရောက်လေ့လာမှုပြုပြီးနောက် အလှူငွေ ၁၅၀၀၀၀/- ကျပ်အား သဒ္ဓါထက်သန်စွာဖြင့် လှူဒါန်းခဲ့သည်။ ထို့အပြင် သုခကုသိုလ်ဖြစ်ဆေးခန်း(ရန်ကုန်)သို့လည်း လူနာ များအား ဆေးဝါးကုသမှုတို့ကို လိုက်လံလေ့လာခဲ့သည်။ သုခ(သား) (ခ) ကိုရဲအောင်သည် မိဝေး ဖဝေး ရဟန်းသံဃာ ဆရာသမားများနှင့် ဝေးလံသော နိုင်ငံရပ်ခြားတွင် နေထိုင်နေသော်လည်း မြန်မာပြည်တွင်းရှိ လူငယ်တို့အတွက် ဘ၀ရပ်တည်ချက်စာပေများ၊ ငါးပါးသီလကို နေ့စဉ် ဆောက်တည်သောလူများ၊ ဆောက်တည်ရကောင်းမှန်း မသိသောသူများ၏ ကိုယ်ကျင့်တရား ခြားနားမှု ဆောင်းပါးများနှင့် လူမှုအကျိုးဆောင်၊ လူငယ်ပြုပြင်ရေးများကို ရေးသားနေသော ဘဘ ဦးသုခ၏ စာပေမျိုးစေ့ဖြစ်သော သုခ(သား) အမည်ဖြင့် ရေးသားနေသော စာရေးဆရာတစ်ဦး ဖြစ်သည်နှင့်အညီ နာရေးကူညီမှုအသင်း (ရန်ကုန်)၊ သုခကုသိုလ်ဖြစ်ဆေးခန်း(ရန်ကုန်)တို့တွင် လိုအပ်သော အထောက်အကူပစ္စည်းများ၊ အကူ အညီများကို ဆက်လက်ဆောင်ရွက်ပေးမည်ဟုလည်း ပြောကြားသွားသည်။
ဘဘဦးသုခ မျိုးစေ့ချထူထောင်ခဲ့သော နာရေးကူညီမှုအသင်း (ရန်ကုန်)၏ တိုးတက် မြင့်မားမှုများနှင့် အများပြည်သူတို့အပေါ် ထိရောက်သောကူညီမှုများ ပြုလုပ်ပေး ခြင်းတို့အပေါ် သုခ(သား) (ခ) ကိုရဲအောင်သည် များစွာကျေနပ် ၀မ်းသာပီတိဖြစ်ကာ သာဓု … သာဓု … သာဓုဟု ခေါ်ဆိုသွားပါသည်။
ထို့ကြောင့် ကျွန်တော်တို့အနေဖြင့် ဘဘဦးသုခ မျိုးစေ့ချထူထောင်ပေးခဲ့သော နာရေးကူညီမှု အသင်း(ရန်ကုန်)၏ ရှင်သန်တိုးတက်အောင် ပြုလုပ်နေကြဆဲအချိန်တွင် အတိုက်အခိုက် အနှောင့် အယှက် အဟန့်အတားများ ကြုံကြိုက်ခံစားနေရစဉ် ကွယ်လွန်သွားရှာပြီဖြစ်သော ဘဘဦးသုခအား ရည်မှန်းတောင်းတအောက်မေ့နေဆဲ ဘဘဦးသုခ၏ ရင်သွေးဖြစ်သူ သုခ(သား) (ခ) ကိုရဲအောင် ရောက်ရှိလာခြင်းသည် ကျွန်တော်တို့အတွက် မဟာအားဆေးတစ်ခွက် သောက်သုံးလိုက်ရခြင်းပင် ဖြစ်တော့သည်။
အဘလမ်းပြခဲ့တဲ့ . . . အမွေ
အဘလမ်းညွှန်ခဲ့တဲ့ . . . အမွေ
        အဘဦးဆောင်ခဲ့တဲ့ . . . အမွေ
        အဘမျိုးစေ့ချခဲ့တဲ့ . . . အမွေ
        အဘရဲ့အမွေ . . . အားလုံးနဲ့ဆိုင်တဲ့အမွေ . . . အားလုံးပိုင်တဲ့အမွေ
        ဒီအမွေကို . . .       အပွန်းအပဲ့မခံနိုင်
                        အနိုင်ကျင့်မခံနိုင်
                        အစော်ကားမခံနိုင်။
        တန်ဖိုးမဖြတ်နိုင်တဲ့ . . . အမွေ။
        အဘရဲ့အမွေကို တိုးပွားအောင် လုပ်ဆောင်ရမှာ တစ်မျိုးသားလုံးရဲ့အလုပ်။
        အဘရဲ့အမွေကို မြှင့်မားလာအောင် လုပ်ဆောင်ရမှာ တစ်မျိုးသားလုံးရဲ့တာဝန်။
        အဘရဲ့အမွေကို ဂုဏ်ရှိန်မြှင့်အောင် လုပ်ဆောင်ရမှာ တစ်မျိုးသားလုံးရဲ့ဝတ္တရား။
        အဘရဲ့အမွေကို သမိုင်းထူနိုင်အောင် လုပ်ဆောင်ရမှာ တစ်မျိုးသားလုံးရဲ့အဓိဋ္ဌာန်။
        ဒီအမွေကို . . . ထိပါးစော်ကား အနိုင်ကျင့်လာရင်တော့
        ဗြဟ္မစိုရ်တရား လက်ကိုင်မထားနိုင်တော့ . . . သွေး သွေးခြင်း၊
    အသက် အသက်ခြင်း၊
    သမိုင်း သမိုင်းခြင်းလဲရန်အသင့်။
        အဘယ့်ကြောင့်နည်း။ အဘရဲ့ အမွေသည် ဗုဒ္ဓရဲ့အမွေကြောင့်ပင် ဖြစ်တော့သည်။

ကျော်သူ

Thursday, July 14, 2011

လူမှုရေးဖြင့် သာသနာပြုခြ​င်း




သတင်း နှင့် ဓါတ်ပုံ များအား ကိုကျော်သူ မှ မေတ္တာဖြင့် ပေးပို့သည်

လှိုင်မဟာစည် ၀ိပဿနာကမ္မဋ္ဌာန်းကျောင်းတိုက်သည် ကျေးဇူးတော်ရှင် ဆဋ္ဌသံဂီတိပုစ္ဆက၊ အဂ္ဂမဟာပဏ္ဍိတ၊ အရိယမဂ္ဂလမ်းညွှန်၊ ကမ္ဘာ့ဗုဒ္ဓသာသနာပြု မဟာစည်ဆရာတော် ဘုရားကြီး၏ နည်းနာနိဿယအတိုင်းကျင့်သုံးကြတဲ့ ကျောင်းများအနက်မှ တစ်ကျောင်းဖြစ်ပြီး ရန်ကုန်မြို့၊ လှိုင်မြို့ နယ်၊ (၁၁) ရပ်ကွက်၊ ယောဂီကျောင်းလမ်း လှိုင်တက္ကသိုလ်အနီးတွင် တည်ရှိပါသည်။ ၄င်းအပြင် လှိုင် မဟာစည် ၀ိပဿနာကျောင်းတိုက် ဆရာတော် အရှင်စန္ဒ၀ရက အနေဖြင့် မြန်မာပြည်အနယ်နယ် အရပ်ရပ်သို့ မဟာသတိပဋ္ဌာန် ၀ိပဿနာတရားပြန့်ပွားစေရန်အတွက် ကမ္မဋ္ဌာနာစရိယများစေလွှတ်၍ တရားစခန်းများဖွင့်လှစ် သင်ကြားသာသနာပြုခဲ့ပါသည်။  

Saturday, June 11, 2011

ပီတိကိုရိုက်ချိုးခံရခြင်း

Please click on photo to ENLARGE!

သတင်း နှင့် ဓါတ်ပုံ များအား ကိုကျော်သူ မှ မေတ္တာဖြင့် ပေးပို့သည်

နာရေးကူညီမှုအသင်း (ရန်ကုန်) ရှိ သုခကုသိုလ်ဖြစ်ဆေးခန်း၏ နောင်တော် သုခကုသိုလ်ဖြစ် ဆေးခန်း(ပြည်) ကို ၈.၆.၂၀၁၁ မှစ၍ စမ်းသပ်ဖွင့်လှစ်ကာ ရဟန်းရှင်လူအပေါင်းတို့၏ ကျန်းမာရေး ကိစ္စအ၀၀ ကို အခမဲ့ ကုသပေးလျှက်ရှိရာ ၉.၆.၂၀၁၁ ရက်နေ့အထိ လူနာပေါင်း (၈၉) ဦးတို့ကို ကုသပေးပြီးဖြစ်သည်။
ဆရာဝန်ကြီး ဒေါက်တာထွန်းနိုင် နှင့်အတူ ဆရာဝန် (၄)ဦးတို့မှ ကုသိုလ်ဖြစ် ပရဟိတစိတ်ဓါတ်ပြည့်ဝစွာ လာရောက်ကုသပေးမှုကြောင့် ပြည်မြို့ ရေနံချောင်း၊ ပုတီးကုန်း၊ သဲကုန်း၊ ပေါက်ခေါင်း၊ နှောကုန်း အစရှိသည့် မြို့ရွာများရှိ ကျန်းမာရေးချို့တဲ့သော ရဟန်း သံဃာ အများပြည်သူတို့မှာ များစွာဝမ်းသာပီတဖြစ်ခဲ့ရသည်။

ထိုနည်းတူ ကုသပေးသော ဆရာဝန်ကြီး များ၏ပီတိ၊ ဦးဆောင်ဦးရွက်ပြုလုပ်ခဲ့သော ပြည်မြို့ မိုးမေတ္တာပရဟိတလူငယ် သွေးလှူအဖွဲ့တို့၏ ပီတိ၊ နာရေးကူညီမှုအသင်း(ရန်ကုန်) ၏ပီတိတို့ကား အတိုင်းအဆမရှိ ဖြစ်ခဲ့ရသည်။

သို့သော် ထိုပီတိတို့ကို ရိုက်ချိုးခြင်း ခံခဲ့ရပြီဖြစ်သည်။

မိုးမေတ္တာပရဟိတအဖွဲ့၏ စေတနာ မေတ္တာ၊ ဂရုဏာ၊ အကြင်နာတို့အပြင် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ဗြဟ္မစိုရ်တရား (၄) ပါးကိုပါ ပိတ်ဆို့ခြင်းခံခဲ့ရသလို ဖြစ်စေခဲ့သည်။

အကြောင်းမှာ ဇွန်လ (၁၀) ရက်နေ့ နေ့စွဲပါ ပြည်မြို့နယ် အုပ်ချုပ်ရေးမှူး အောင်ဇော်ထက်၏  စာကြောင့်ပင်ဖြစ်တော့သည်။ “အသင်းအဖွဲ့ ဖွဲ့စည်းခွင့် လျှောက်ထားမှုတင်ပြခြင်းကိစ္စ” ဟူသော အကြောင်းအရာပါ စာအရ … ရည်ညွှန်းချက် (၁) ပါ အချက်အလက်များသည် လုပ်ရိုးလုပ်စဉ်  အချက်များဖြစ်သည်။

သို့သော် ကျွန်တော်တို့သည် စီးပွားရေးလုပ်ငန်းလုပ်ခွင့် လျှောက်ထားခြင်း မဟုတ်။ နိုင်ငံတော်မှငွေချေးခြင်းကိစ္စ မဟုတ်။ အများပြည်သူအကျိုးကို (အခမဲ့) ထမ်းဆောင်ပေးမည့်  နိုင်ငံတော်အား တဖက်တလမ်း အကျိုးပြုမည့်အဖွဲ့ဖြစ်သည်။

ရည်ညွှန်းချက် (၁/ခ) အရ - နိုင်ငံရေး ကင်းရှင်းကြောင်း ထောက်ခံချက်မှာ ယခုလက်ရှိ  ဒီမိုကရေစီနိုင်ငံတော်သစ်ဆီ လျှောက်လှမ်းရာတွင် မလိုအပ်တော့ဟု၎င်း၊ လက်ရှိစီးပွားရေးကုမ္ပဏီကြီးများ လက်ရှိကြံခိုင်ဖွံ့ဖြိုးရေးအသင်းများသည်၎င်း၊ နိုင်ငံရေး/ပါတီနိုင်ငံရေး ကင်းရှင်းပါ၏လားဟု စဉ်းစားမိသည်။
ထို့အပြင် ရည်ညွန်းချက် (၂)အရ ပြည်ထဲရေးဝန်ကြီးဋ္ဌာန အသင်းအဖွဲ့ဖွဲ့စည်းခွင့်ပြုရေးနှင့် ကြည့်ကြပ်ရေးဗဟိုအဖွဲ့၏ ခွင့်ပြုချက်မရရှိမှီကာလအတွင်း ယင်းအသင်းအဖွဲ့၏ လုပ်ငန်းများ လှုပ်ရှား ဆောင်ရွက်ခြင်း မပြုကြောင်းဟု ရေးသားထားပြန်သည်။

ယ္ခုမြန်မာပြည်တွင်းရှိ လူမှုရေးအသင်း အဖွဲ့များ၊ NGO အဖွဲ့များ၊ ဖောင်ဒေးရှင်းများတို့သည် တရားဝင်မှတ်ပုံတင် ချပေးခြင်းမရှိသေးပဲ ဆောင်ရွက်နေခြင်းဖြစ်သည့်အပြင် အချို့သော အသင်းအဖွဲ့များ၏ ဆောင်ရွက်မှုများ၊ အလှူခံကိစ္စများ ကို တရားဝင် နိုင်ငံတော်သတင်းစာများ၊ စာစောင်/ဂျာနယ်များအတွင်း ဖော်ပြနေခြင်းကိုတော့ မသိ ကျိုးနွှံပြုနေသလားဟု တွေးတောမိသည်။

ကျွန်တော်တို့ နာရေးကူညီမှုအသင်း(ရန်ကုန်)သည် လူမှုရေးသက်သက်သာ လုပ်ဆောင်နေ သော ပရဟိတလူငယ်စစ်စစ်များနှင့် ဖွဲ့စည်းထူထောင်ထားသော မှတ်ပုံတင်အမှတ် (၁၈၉၇)နှင့် လုပ်ဆောင်ပေးနေသော လူမှုရေးအဖွဲ့ဖြစ်သည်။

နိုင်ငံရေးပါတီဖွဲ့စည်းထားသော အဖွဲ့မဟုတ်။

ဆင်းရဲ ချမ်းသာ လူမျိုးဘာသာမရွေးတို့၏ နာရေး၊ ကျန်းမာရေး၊ ပညာရေးကိစ္စများကို မိမိတို့ နိုင်သလောက် အင်အားနှင့် ကူညီဖေးမပေးနေသော နိုင်ငံတော်အား တဖက်တလမ်းအကျိုးပြုပေးနေသော အဖွဲ့ဖြစ်သည်။
ထိုနည်းတူစွာ ပြည်မြို့ မိုးမေတ္တာပရဟိတလူငယ် သွေးလှူအဖွဲ့သည်လည်း လူသားချင်း စာနာစိတ်ဖြင့် “သွေးဖြင့် အသက်ကယ်” လုပ်ငန်းကို လုပ်ဆောင်ပေးဆပ်ခဲ့ရာ သွေးပုလင်းပေါင်း  တစ်ထောင်ကျော်ခဲ့ပြီဖြစ်သည်။

တနည်းအားဖြင့် လူပေါင်းတစ်ထောင်ကျော်၏ အသက်ကို ကယ်ဆယ် နိုင်ခဲ့သော မြတ်ဗုဒ္ဓ၏ ဆိုဆုံးမကို  လိုက်နာကျင့်သုံးသော ပရဟိလူငယ်များပင်ဖြစ်သည်။

မိုးမေတ္တာပရဟိတလူငယ် သွေးလှူရှင်များအသင်းသည် လူငယ်ပြုပြင်ရေးအတွက် စာပေဟောပြောပွဲ များ  ကျင်းပခဲ့ရာ လိမ္မာယဉ်ကျေးသော လူငယ်/ရွယ်များ၊ ဗြဟ္မစိုရ်တရား (၄)ပါးကို လက်ခံကျင့်သုံး သော ပရဟိတလူငယ်များ ပေါ်ပေါက်လာခဲ့သည်။
ထို့အပြင် ဘာသာတရားကိုင်းရှိုင်းရန်၊ လူယဉ်ကျေး များပေါ်ပေါက်ရန်၊ ပရဟိတစိတ်ဓါတ်များ  မွေးဖွားလာရန်၊ အယူသည်းမှုကို တိုက်ဖျက်နိုင်ရန် ရည်ရွယ် ၍လည်း ဆရာတော်ဘုရားကြီးများအား ပင့်ဖိတ်၍ တရားပွဲများ ကျင်းပပေးခဲ့သော လူငယ်အဖွဲ့ ဖြစ်သည်။

သုခကုသိုလ်ဖြစ်ဆေးခန်း(ပြည်) ဟူ၍ ဖွင့်လှစ်ရာ၌ ဆေးခန်းတည်နေရာသည် သာသနာပိုင်  နယ်မြေဖြစ်သည့်အတွက် သက်ဆိုင်ရာ သာသနာရေးဦးစီးအဖွဲ့ အဖွဲ့ဝင်ဆရာတော်ကြီးများ နှင့်  ဆေးခန်းတည်ရှိရာ မာန်အောင်ကျောင်း ဆရာတော်ကြီး မှလည်း ၀မ်းမြောက်ဝမ်းသာ ခွင့်ပြုကြိုဆို ခဲ့သည်။
“ဆေးခန်း” ဟူရာ၌ သက်ဆိုင်ရာ ကျန်းမာရေးဦးစီးအဖွဲ့ မှလည်း ဆေးဝါး (အခမဲ့) ကုသိုလ်ဖြစ်  ကုသပေးမည့် ဆရာဝန်ကြီးများနှင့်လည်း တွေ့ဆုံခဲ့ပြီးဖြစ်သည်။

ယ္ခုမူ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့မှ တားမြစ်မှုသည် အဘယ်ကြောင့် တားမြစ်ရပါသနည်း ဟု  အဖြေရှာမရတော့ချေ။

အများပြည်သူတို့ လိုအပ်နေသော ကျန်းမာရေးကို လှစ်လျူရှုချင်ပါ၍လားဟု စဉ်းစားမိသည်။
ရဟန်းရှင်လူ အများပြည် သူတို့၏ မျက်နှာများ၊ အလှူရှင်တို့၏ မျက်နှာများကို တစ်ချက်လေးတော့  ငဲ့ကြည့်သင့်သည်။


ပရဟိတ၏ ဆန့်ကျင်ဘက် - အတ္တဟိတ
သုခ၏ ဆန့်ကျင်ဘက် - ဒုက္ခများ ဖြစ်စေချင်ပြီလားဟူ၍ တွေးမိပြန်သည်။


အချုပ်ဆိုရသော် . . .
ကျွန်တော်တို့သည် ပါတီနိုင်ငံရေး လှုပ်ရှားသူများမဟုတ်။
ကျွန်တော်တို့သည် နိုင်ငံတော်အာဏာ လုမည့်သူများမဟုတ်။
ကျွန်တော်တို့သည် ပြည်သူလူထုအကျိုးကို တတ်စွမ်းသလောက် ထမ်းဆောင် ပေးဆပ်နေသူများဖြစ်သည်။
ကျွန်တော်တို့သည် ပရဟိတသမားစစ်စစ်များဖြစ်သည်။
ကျွန်တော်တို့သည် မြတ်ဗုဒ္ဓ၏စကားကို လိုက်နာကြသည့်သူများဖြစ်သည်။
ကျွန်တော်တို့သည် မြန်မာ(ဗမာ)ပြည်သားစစ်စစ်များဖြစ်၏။
မြန်မာ(ဗမာ့)သွေးသည် ရဲ၏။


ထို့ကြောင့် စစ်ကိုင်းရွှေဟင်္သာဆရာတော်ဘုရားကြီး၏ ဆုံးမစကားဖြစ်သော

“အများအကျိုး၊ ရွက်သယ်ပိုးက … အနိုးခနဲ့၊ ဆိုကဲ့ရဲ့လည်း … မရွဲ့မစောင်း၊ ကိုယ့်လမ်းကြောင်းကို … စိတ်ကောင်းနှင့်ယှဉ်၊ ရှေးရှုနှင်လော့”  ဟူသော သြ၀ါဒအတိုင်း ကျင့်သုံးရန်သာရှိတော့သည်။

" ကိုယ်ပြုသောကံ ပဲ့တင်သံ … ကိုယ့်ထံပြန်လာမည် "

ကျော်သူ

Tuesday, May 6, 2008

မပဋာ ဆာရှာလွန်းလို့


အကြင်နာကင်းမဲ့မှုများအနိုင်ကျင့်ရက်စက်မှုများနှင့်ယဉ်ပါးသည်းခံခဲ့ရသောရိုးသားအေးချမ်းသည့် လူမျိုးစုများ ဆင်းရဲနွမ်းပါးစွာ စုပေါင်းနေထိုင်သော ကမ္ဘာမြေကြီးမျက်နှာပြင်ပေါ်မှ နိုင်ငံငယ်လေးတစ်ခုအား မြန်မာနိုင်ငံဟု ကမ္ဘာကသိရှိကြပါသည်။

မြန်မာပြည်သူလူထုသည် အင်္ဂလိပ်လက်အောက်မှ လွတ်လပ်ရေး ရရှိခဲ့ပြီး နှစ်အနည်းငယ်သာ ဒီမိုကရေစီစနစ်အောက်တွင် ရှင်သန်ခဲ့ရပြီး စစ်အာဏာရှင် ဦးနေ၀င်း ခေတ် မှသည် ယခုလက်ရှိ စစ်အာဏာရှင် ဦးသန်းရွှေ လက်အောက်ထိ ဆထက်တန်ပိုး ဆိုးရွား နုံချာ မွဲတေ
ညှိုးငယ်ပျက်စီးရသော ဘ၀များဖြင့် ထမင်းတလုတ်နပ်မှန်ရေးကိုသာ မျက်ပြူးဆံပြာ ရှာဖွေစားသောက်ရင်း အရာရာကိုကြောက်ရွံ့ ညှိုးငယ်စွာ လူဖြစ်ရှုံးနေခဲ့ရသည်မှာ ဆိုဖွယ်မရှိတော့။

ယခုတဖန်လည်း နူရာဝဲစွဲ လဲရာသူခိုးထောင်း ၊ ဝေသာလီပြည် ဘီလူး ၀င်သကဲ့သို့ ကြမ်းတမ်းခက်ထန်သော ရာသီဆိုးသည် အပြစ်မဲ့နွမ်းပါးသူတို့၏ နုံချာသော ဘ၀လေးများအား စိတ်တိုင်းကျ စိမ်ပြေနပြေ ဖြိုခွဲရက်စက်သွားခဲ့ပြန်သည်။


သားပျောက်မိခင်၊ လင်ပျောက်မယား၊ မယားဆုံးခင်ပွန်း၊ မိဘမဲ့ရင်သွေး၊ ငတ်နေရသည့်ကြားထဲ သောက်စရာရေအေးလေးတခွက်ပင် ချို့တဲ့သွားရသော အမိအို အဖအိုတို့၏ မျက်မှောက် အခြေအနေ၊ မနက်ဖြန်အနေအထား … အရာရာတို့သည် ဝေဝါးမှေးမှိန်စွာ…။

လူသားတိုင်းသည် လူပီပီ အတ္တရှိကြသည်။ မာနရှိကြသည်။ အမုန်းတရားရှိကြသည်။ အကြင်နာတရားရှိကြသည်။ ဂရုဏာတရားရှိကြသည်။ မေတ္တာတရားရှိကြသည်။ အကြောက်တရားရှိကြသည်.. စသဖြင့်…။

များပြားလှသော စိတ်ခံစားမှု မနောဖြစ်စဉ်များ အားလုံးလိုလို ဆုံးပါး မတတ်ဖြစ်ကာ ညှိုးငယ်ခြင်း အကြောက်တရားဖြင့် ရွံရှာခြင်းအမုန်းတရားများကိုသာ နှလုံးအိမ် အပြည့် အဘယ်ကြောင့်ခံစားရှင်သန်အသက်နေရပါသနည်း။

ရိုးစင်းသော အဖြေကတော့ ဘ၀ကို ခုံမင်ခြင်း ဖြစ်တည်ခွင့်ကလေးကို မက်မောခြင်းသာဖြစ်ပေတော့၏။

ရိုးသား နွမ်းပါးညှိုးငယ်ရသော အဖြစ်များဖြင့် ရန်သူမျိုးငါးပါး ဘေးကို စက္ကန့် မလပ် ကျရောက် နေကြရသည့် ပြည်သူလူထု သည် ယခုအခါ စားရမဲ့ ၊ သောက်ရမဲ့၊ နေစရာမဲ့ ၊ တွယ်ရာမဲ့ဘ၀များဖြင့် ဖြစ်နေချိန်တွင် တာဝန်မဲ့ အဆင်ခြင်မဲ့သူတို့ ၏ အကျိုးလိုညောင်ရေလောင်း ဟန်ပြ တီဗီဖန်သားပြင် လမ်းလျှောက် အားပေးပြုံးပြ ကူညီမှုဟူသည် သားသတ်ရုံပိုင်ရှင်၏ တွက်ချက်မှု ဟန်ပန် အထင်းသားဖြင့်။

မုန်တိုင်းဆိုးဒဏ်မှ ပြန်လည်ထူထောင်ရေးကဏ္ဍ မဆိုထားနှင့် ကယ်ဆယ်ရှင်းလင်းရေးကိုပင် အလျဉ်မှီအောင် မပြုလုပ်နိုင်သေးသည့်ရက်ပိုင်းအတွင်း တစ်ပြည်လုံး အား စစ်ကျွန်ဘ၀ ထာဝရ ရောက်ရှိရေးကိုသာ သေနတ်ထောက် ကြိုးပမ်းသည့် သွေးစွန်းသော အခြေခံဥပဒေ ဆန္ဒခံယူပွဲ မဲပေးရေးကိစ္စအား ပြည်သူလူထု၏ ဆိုးရွားလှသော ကံကြမ္မာနှင့် ဘ၀အပေါ်အခွင့်ကောင်းယူကာ ဒဏ်ရာပြင်းထန်စွာ ရရှိထားသော နာတာရှည်ရောဂါသည် အဘွားအိုအား လည်မြိုညှစ်ကာ ပွဲသိမ်းအပြီးသတ် အမြတ်ထုတ်လုပ်လိုသည့် လူတစ်စုအတွက် မုန်တိုင်းဆိုးသည် မိတ်ဆွေကောင်းပင်ဖြစ်နေသေးတော့၏။

ယင်တလောင်းလောင်း ၊ ဗိုက်ဟောင်းလောင်း ၊ မျက်လုံးဟောက်ပက်ဖြင့် ဆာလောင်နေရှာသော အပြစ်မဲ့၊ မိဘမဲ့၊ အနာဂတ်မဲ့ ကလေးငယ်တို့၏ မနက်ဖြန်သည်ကား တွေးဝံ့ဖွယ်မရှိ…။

မုန်တိုင်းကတော့ ယုတ်ရိုင်း မောက်မာစွာ သူမဟုတ်သလို နင်းခြေ ထွက်ခွာသွားခဲ့ပြီ….။

အပျက်အစီးပုံတွေကြားက မပဋာကတော့…. သူ့ မျက်ရည်သူသောက်လို့ ငြိမ်သက်စ…. ။
အမှောင်ကာလပေါင်းများစွာအားမြင်နိုင်ပါဦး…ငိုနိုင်ပါဦးတော့မည် လားဆိုသည်ကိုတော့………
လရောင်ကင်းသော ကောင်းကင်မဲမဲပုတ်ပုတ်ကြီးအား မော့ကြည့် အပြစ်တင်နေမည့်…
အမြင်မဲ့ မျက်ဝန်းများထဲတွင်သာ အဖြေရှိပေတော့မည်…။

ကိုမွှေး

(မုန်တိုင်း ဒဏ် ခံရသော ပြည်သူများ ကယ်ဆယ်ရေး အလှူငွေ အတွက်ရေးသားပါသည်။)

Wednesday, November 28, 2007

ကျွန်တော် နှင့် C-Box မှ သံယောဇဉ်များ

လောကကြီးမှာ ရှင်းပြလို့မရတာတွေ အများကြီးရှိပါတယ်
အများသိပြီးဖြစ်တဲ့အတိုင်း ဒီထဲမှာ အချစ် သို့မဟုတ် သံယောဇဉ်ဆိုတာလည်းပါပါတယ်
ဒီတစ်ခေါက် ကျွန်တော်ပြောချင်တာ အဲဒိသံယောဇဉ်တွေရဲ့အကြောင်းပါဘဲဗျာ…

ဒီအရေးအခင်းတွေစဖြစ်ခါနီးမှ ကျွန်တော် ဘလော့စရေးဖြစ်တယ်
စရေးတုန်းကတော့ ကိုယ့်ရင်ထဲက စကားလေးတွေကို ထွက်ပေါက်ပေးတဲ့သဘောပါ
ဘာမှလဲ မမျှော်လင့်ခဲ့ပါဘူး

ကျွန်တော့် ဘလော့လေး စဖွင့်ဖွင့်ခြင်းတုန်းက ဘယ်သူမှလဲမသိပါဘူး
နောက်ပြီး ကျွန်တော်က ဗမာလိုလဲ မရိုက်တတ်ဘူး ရိုက်ရင်လဲနှေးလွန်းလို့ စိတ်မရှည်ဘူး
ဒီတော့ တော်တော်လေးဒုက္ခရောက်တာပေါ့
အဲလိုပေါ့ဗျာ ပြောရရင်တော့ အရှည်ကြီးပေါ့နော်

လိုရင်းကိုပြောရရင်တော့ ကျွန်တော့် ဘလော့ လေးကို လူတွေစသိလာတယ်
ဒါကလဲ Cbox ထဲမှာ လူတွေများလာတယ်ဆိုတာကနေ သိခဲ့ရတာပေါ့ဗျာ
ကျွန်တော်က တခြား ဘလော့ဂါတွေလိုလဲ အထာကြီးနဲ့ မနေတတ်ဘူးဗျ
ကိုယ်တိုင်လဲ ဘာကောင်မှမဟုတ်ဘူးလို့ ခံယူထားတယ်လေ
ဒီတော့ ကျွန်တော်ကအားလုံး ဘယ်သူမဆို ကိုယ့်ကိုအားပေးလာရင် ၀မ်းသာတယ်
ချက်ခြင်းလဲ ပြန်တုံ့ပြန်တယ် ပြန်ပြော ပြန်ဖြေ ပေးတယ်

ဒီမှာတင် ကျွန်တော့် ခေါင်းထဲမှာ စိတ်ကူးတခုရလာတယ်
ကျွန်တော်လူတွေရဲ့ အကြောင်းကိုပြန်လေ့လာလိုက်တော့
လူဆိုတာ တုံ့ပြန်မှု အပေါ် မူတည်ပြီး အသက်ရှင်နေရတာဗျ
ဥပမာ မိတ်ဆွေက ဘားလမ်း ထဲ မျိုးကြီး VCD တချပ်သွားဝယ်တယ်
အဲဒိမှာ မျိုးကြီးက ဆိုင်ထဲကလူကိုယ်တိုင်ထွက်လာပြီး မိတ်ဆွေကို နှုတ်ဆက်မယ်…
ပြီးတော့သူက မိတ်ဆွေကို အရေးတစိုက် ဘာညာတွေမေးတယ်ပေါ့ဗျာ
ဒါဆိုမိတ်ဆွေ တော်တော် ကျေနပ်သွားမှာပါ ဟုတ်တယ် ဟုတ်…

ဘာလို့ဆိုတော့ မိတ်ဆွေကလူဘဲလေ ဒါမျိုး လူတိုင်းဖြစ်ဘူးပါတယ်
ဂျူး ၀ထ္တု ဖတ်ပြီးရင် ဂျူး နဲ့စကားပြောချင်စိတ်ဝင်လာတာဘဲ
ဒီတော့ ကျွန်တော်တွေးမိတာက …
( ငါရေးထားတာလေးတွေဖတ်ကြည့်ပြီးရင် ငါ့ကိုသူတို့ တခုခု ပြောချင်မှာဘဲ
ပြောချင်တာလေးတော့ ပြောလိုက်ရရင် လူတိုင်းစိတ်ထဲပေါ့သွားမယ်လေ )

ဒီလို တွေးမိတယ်ပေါ့နော် ဒါကြောင့်လဲ Cbox လေးမှာအမြဲနေပေးခဲ့ပါတယ်
ဒီမှာတင်ဇာတ်လမ်းကစတော့တာဘဲ
အစကတော့ ကျွန်တော်လဲ အတ္တရှိတဲ့လူတယောက်အနေနဲ့ ကျေနပ်တာပေါ့နော်
အော်ငါရေးတဲ့စာလေးတွေ ဖတ်တဲ့လူတွေတယ်များပါလားဆိုပြီး…

နောက်ပိုင်းမှာ ကျွန်တော့် Cbox ကို သာမန်စာဖတ်သူတွေထက် ပိုလေးနက်တဲ့
တကယ့် နိုင်ငံရေးသမားတွေ တစ်ခြားနာမည်ကြီးဘလော့ဂါတွေ ရောက်လာတယ်

နောက်ပြီးတောထဲက တောခိုနေဆဲ ကျောင်းသားတွေရယ်… သူတို့နဲ့ အတူရှိနေတဲ့
နအဖ ရဲ့ သူပုန် အမည်ခံ လက်နက်ကိုင် တိုင်းရင်းသားတွေ လဲ လာဖတ်ကြတယ်
ဒီတော့ကျွန်တော် လဲ ၀မ်းသာမိသလို ပိုလဲတာဝန်ကြီးလာပြီဆိုတာ နားလည်လိုက်တယ်

နောက်တဖြေးဖြေးနဲ့ မမေငြိမ်းတို့ မခင်မင်းဇော်တို့ ကိုနစ်တို့ လို ၈၈ မျိုးဆက် ဘလော့ဂါတွေ
s0wha1 လင်းလက် ကလိုစေးထူး တို့လို လူငယ် ဘလော့ဂါတွေ နဲ့လဲခင်မင်ခွင့်ရခဲ့တယ်

ကျွန်တော့်ဘလော့လေး စဖြစ်ဖြစ်ခြင်းက စာလုံးပေါင်းတွေမှားရင် မမေငြိမ်းက စစ်ပေးရတယ်
ပြီးတော့ (အထူးသဖြင့်ပေါ့နော်) မသဒ္ဒါကြီးဆို ကျွန်တော် ဆိုးတာ ဂျီကျတာအခံရဆုံးပါဘဲ
ဒီဘလော့ ဒီဇိုင်းတွေအားလုံး မသဒ္ဒါ ဘဲ ပြန်လုပ်ပေးထားတာပါ ( ညည်းညူရင်းပေါ့နော် )
စလုပ်လုပ်ခြင်းတုန်းက ကူညီပေးခဲ့တာကတော့ s0wha1 ရဲ့သူငယ်ချင်းလေးတယောက်ပါ
သူ့နာမည် ထည့်ရေးဖို့ခွင့်မတောင်းထားမိလို့ မရေးတော့ပါဘူး

ကဲဗျာပြောရရင် မိတ်ဆွေသစ်တွေ အများကြီးရလာတယ်ပေါ့ဗျာ
ကိုတောသားကြီး, ကိုကို, ကိုဘိုဘို, ကိုကြီး Generation1988, ရွှေဥဒေါင်း, ကို DID, FREE BURMA
တို့လို အမြဲလာသူတွေ
နောက်ပြီး နအဖ ရဲ့ ခတ်ကြောင်ကြောင် ကောင်တွေ လဲပါတာပေါ့နော်
အဲဒိကစပြီး ကျွန်တော့် ရဲ့ နေ့စဉ်ဘ၀မှာ တာဝန်တခုပိုလာခဲ့တယ်
မိုးလင်းတာနဲ့ ကျွန်တော် Cbox ထဲက မိတ်ဆွေတွေ အားလုံးကို နှုတ်ဆက်ချင်တယ်
နောက်ပြီးတော့ ညက Cbox ထဲကျွန်တော်အိပ်ပျော်သွားတုန်း ဘာတွေပြောကြသလဲ
ဘယ်သူတွေ ၀င်ပြီးဆဲဆိုသွားကြသလဲ ဒါဆိုဒီလူတွေကို ဘန်း စာတွေကိုဖျက် ပေါ့နော်
ပြီးတော့ဘာတွေဆက်ပြောနေကြလဲ ဟိုခွေးတွေများဝင်ဆဲနေပြီလား
အလုပ်ရောက်ရင်လဲ ပြောခံရမှာစိုးလို့ ခိုးခိုးပြီးတက်ကြည့်ရတယ်
လစ်ရင်လစ်သလို ၀င်ဝင်ရေးရတာပေါ့နော်

ဒါနဲ့ဘဲ မိုက်ဇာတ်ခင်းပြီး Cbox ကိုတောင် Upgrade လုပ်လိုက်ပါသေးတယ်

ပြီးတော့ညနေ အလုပ်ပြန်လာရင်လဲ ဘယ်သူတွေရှိနေသလဲ အရင်ကြည့်
အားလုံးကို နှုတ်ဆက် ပြီးမှ ရေချိုးဘာညာ လုပ်စရာရှိတာလုပ်နှိုင်တယ်
ပြီးတာနဲ့ Cbox ရှေ့မှာငုတ်တုတ်ထိုင်ပြီး ကလေးထိန်းကြီးလုပ်တော့တာဘဲ

ဒီလိုနဲ့ ကျွန်တော် သတိမထားလိုက်မိခင် အချိန်မှာဘဲ
ကျွန်တော်ဟာ Cbox ထဲမှာ ကျွန်တော် မသိတဲ့နောက်ထပ် ဘ၀တခုကို
စတင်တည်ဆောက်ထားပြီးခဲ့ပြီလေ

ဒီကစပြီး ကျွန်တော့်ဘ၀တစ်ခုလုံး ပြောင်းလဲသွားတယ်
ကျွန်တော် အလုပ်လဲ ကောင်းကောင်းမလုပ်နှိုင်တော့ဘူး
တခြားကိစ္စတွေလဲ စိတ်မ၀င်စားတော့ဘူး
မိတ်ဆွေတို့ Cbox ထဲမှာရှိနေချိန်တိုင်း ကျွန်တော် ထိုင်စောင့်ပေးတယ်
သတင်းမှားတွေပေးလာမှာ ကျွန်တော်ကာကွယ်ပေးချင်တယ်
Cbox လေးထဲကလူတွေကို ကျွန်တော့်မိတ်ဆွေရင်းတွေလို့ သတ်မှတ်တယ်

ခင်ဗျားတို့ ပျော်ရင် ကျွန်တော်လဲ ပျော်တယ်
ခင်ဗျားတို့ ညစ်နေပြီဆို ကျွန်တော်လဲ ညစ်နေတယ်
ခင်ဗျားတို့တင်းပြီဆို ကျွန်တော်လဲ ရေလည်တင်းတယ်


မှတ်မိမလားတော့မသိဘူး စက်တင်ဘာလ ရဲ့ တစ်ညလေ
မန္တလေးက လေတပ် လေယာဉ်ပျံ တွေ ရန်ကုန် ကိုလာချပြီဆိုပြီး
နအဖ ခွေးတွေ သတင်းမှား လွှင့်လိုက်တဲ့အချိန်
ကျွန်တော်ကိုယ်တိုင် အငိုက်မိပြီး စိတ်တွေအရမ်း လှုပ်ရှားသွားတယ်
မဖြစ်နှိုင်ဘူးဆိုတာကိုသိရဲ့ နဲ့ ဟုတ်မှာပါဆိုပြီး ဇွတ်ယုံလိုက်မိတယ်
ကျွန်တော် ၀မ်းသာလွန်းလို့ မျက်ရည်တွေကျလာတယ်
အဲဒိအချိန်မှာ ကျွန်တော့်မိတ်ဆွေတွေ လဲ
ဒီလိုဘဲခံစားနေရတယ်ဆိုတာ ရင်ထဲက သိနေတယ်

ကျွန်တော်ဒီမှာ ပိုစိတ်မကောင်းဖြစ်သွားတာက
အော် သူတို့ခင်ဗျာ ကယ်မဲ့သူမရှိလို့ ဘာမှမတတ်နှိုင်တော့တဲ့ အချိန်လည်းကြရော
ခုနလေးတင်ဘဲ မုန်းလှပါချည်ရဲ့ ဆိုတဲ့ စစ်တပ် ကို ချက်ချင်းကိုဘဲ ကျေးဇူးတွေတင်ပြီးတော့
ပြည်သူ့စစ်သား ငါတို့စစ်သားဆိုပြီး ငါ အော်သလို လိုက်အော်ပေးကြရှာတယ် လို့

ဒီသတင်းကမဟုတ်ဘူးလို့ သိလိုက်ရတဲ့အခါ ကျွန်တော် ရင်ထဲမှာနင့်ကနဲ ဖြစ်သွားတယ်ဗျာ
ခင်ဗျားတို့ ကိုသနားလို့ ….. ကျွန်တော်ကြိတ်ပြီး ထပ်မျက်ရည်ကျရတယ်

အဲဒိနေ့က စပြီး မိတ်ဆွေတို့ အပေါ်မှာထားတဲ့ ကျွန်တော့်ရဲ့ သံယောဇဉ်က ပိုကြီးလာခဲ့တယ်

ဒီလိုနဲ့ ကျွန်တော် အလုပ်မှာလဲ ဘာမှဂရုမစိုက်နှိုင်တော့လို့ အလုပ်က ပြုတ်သွားတယ်
ကျွန်တော့်ကို ဖြုတ်တယ်လို့ မပြောဘဲ ထွက်မှာသေချာအောင် လုပ်လိုက်တယ်ပေါ့ဗျာ
ဒါလဲကျွန်တော်မမှုခဲ့ပါဘူးဗျာ

နေ့တိုင်းစိတ်ဘယ်လောက်ညစ်ညစ် ညနေ Cbox မှာ ခင်ဗျားတို့နဲ့တွေ့ ရင် ပျော်သွားတာဘဲ
ခင်ဗျားတို့က မင်္ဂလာပါ ကိုမျိုးချစ် လို့ နှုတ်ဆက်သံတွေဟာ အားဆေးတခုလိုဘဲ


ကျွန်တော် စိတ်အညစ်ခံ အလုပ်ပြုတ်ခံ ရကျိုးနပ်သွားသလိုဘဲ

ဒီလိုနဲ့ စက်တင်ဘာ အရေးတော်ပုံလဲပြီး အောက်တိုဘာလ လဲ အိပဲ့အိပဲ့နဲ့ ကျော်လာပါရော
ကျွန်တော်ကတော့ အလုပ်ကအဆင်မပြေ ၀င်ငွေကလဲမရှိတော့ဘူးပေါ့ဗျာ
ဒီတော့ ညစ်ညစ် နဲ့ ထိုင်နေရင်း တနေ့မှာ ကျွန်တော်တခုသွားတွေ့တယ်

ကျွန်တော့်ဆီလာနေကျ လူတွေထဲက (အကုန်လုံးထည့်ပြောရင်တော့မဆန့်ဘူးပေါ့ဗျာ)
ဥပမာ ဘိုဘို အကိုကြီး 88 ရွှေဥဒေါင်း အစရှိတဲ့ လူတွေ လုံးဝ ပျောက်သွားတယ်
သူတို့မအားကြတော့ဘူးလား ဘာဖြစ်သွားကြတာလဲ တွေးကြည့်မိတာပေါ့နော်
ကျွန်တော် တော်တော်လေး စိတ်မကောင်းဖြစ်သွားတယ်ပေါ့ဗျာ
သူတို့က ဒီတော်လှန်ရေး မအောင်မြင်လိုက်တာနဲ့ စိတ်မ၀င်စားတော့တာလား
ဒါဆို ကျွန်တော် အဆုံးရှုံးခံခဲ့ရတာတွေ လုံးဝမအိပ်လိုက်ရတဲ့ ညတွေကျတော့ရော
ကျွန်တော်တို့ အတူတူ ကြွေးကျော်ခဲ့ကြတဲ့နေ့တွေ ကျခဲ့တဲ့မျက်ရေတွေ ကို
ခေတ်မစားတော့တဲ့ သီချင်းတွေလိုဘဲ မေ့လျော့သွားကြပြီလား
ကျွန်တော် အဲဒိကစပြီး စာဆက်ရေးလို့ မရတော့ဘူး ဒါကြောင့် စာရေးပါးသွားခဲ့တာပါ…

ဒီနောက်ပိုင်းမှာ မိတ်ဆွေသစ်လေးတွေ စရလာတယ်
ကိုကို Taxi မောင်ရှင်း ကိုသံဒိုင် ကိုမာရီကိုးပါး AD MN မောင်ရင်အော ရာဇာ လူဆိုး Peacock စတဲ့ ယောက်ျားလေးတွေ
မမေဟန် လင်းလက် မေကြယ်ပွင့် စတဲ့ မိန်းကလေးတွေပေါ့နော်

အထူးသဖြင့် ကိုကိုဆိုရင် ဘာအကျိုးမှလဲမရှိဘဲ ကျွန်တော့်ကို ခင်တာသက်သက်နဲ့
သတင်းတွေကို ပေးနေခဲ့တာ တောက်လျှောက်ပါဘဲ

ဒါကြောင့်လဲ သူ့ စေတနာကို လေးစားလွန်းလို့ သတင်းသီးသန့်ကို တင်ပေးဖို့
ကျွန်တော် တောင်းဆိုခဲ့တာပါ ဒီအတွက် နေ့တိုင်းလဲ ကျေးဇူးတင်ပါတယ်

တနေ့ကတော့ဗျာ ကျွန်တော် Cbox ကိုဖွင့်ကြည့်လိုက်တယ်
User က ၁ ဦးတဲ့
ဟားဟား အဲဒါ ကျွန်တော်ဘဲပေါ့ဗျာ
အခုတဖြေးဖြေးနဲ့ နိုင်ငံရေး စိတ်ဝင်စားမှုနည်းလာကြပြီဆိုတာ ကျွန်တော်သိပါတယ်
လူဆိုတာ ဆူလွယ်အေးလွယ် တွေချည်းပါဘဲ
ဒါပေမယ့်ဗျာ ဘုန်းဘုန်းတွေ နဲ့ ပြည်သူတွေ ပေးခဲ့ရတဲ့ အသက်သွေးတွေ
ကျွန်တော်တို့ ဖြတ်သန်းခဲ့ရတဲ့ အိပ်ပျက်ညတွေ
နောက်ဆုံးရလာဒ် က ဒါဘဲလား
အချိန်တန်တော့ နွားပိန်ကန် သလိုဖြစ်သွားတာလား
အမေစု ၁၉ နှစ်လုံး အိမ်တွင်းပုန်းနေရတာ ၂၀၀၇ စက်တင်ဘာ အိပ်မက်လေးနဲ့ ပြီးသွားပြီလား
ကိုသူရ(ကိုဇာဂနာ) နှစ်ပေါင်းများစွာ ထောင်ထဲမှာ နေရင်းစောင့်ခဲ့ရတာ ဒီ တလ ဖျော်ဖြေရေး အတွက်လား
ကိုမင်းကိုနိုင်တို့ ကိုဂျင်မီ နဲ့ မနီလာသိန်း တို့ စွန့်လွှတ်ခဲ့တာတွေ ကို
သတင်းထူးမဟုတ်တာနဲ့ မေ့လိုက်ကြတော့မှာလား

စိတ်တော့မကောင်းဘူးပေါ့ဗျာ ဘာမှလဲမပြောချင်တော့ပါဘူး
တခုတော့သိထားပြီး သတိလေးရထားပေးကြမယ်ဆိုရင်ဘဲ ကျေနပ်ပါတယ်လေ

ခင်ဗျားတို့ နောက်ထပ် အသက် ၂၀ လောက်ထပ်ကြီးသွားပြီဆိုရင်
သားတွေသမီးကပေါက်ဖွားလာတဲ့ မြေးလေးတွေကို ပုံပြောတဲ့အခါ

" ဟိုးရှေးရှေးတုန်းက…
ဖိုးဖိုးတို့ လူမျိုးတွေဟာ…
မြန်မာလို့ ခေါ်တယ်ကွဲ့
အခုလို တရုပ်တု လို့ မခေါ်ဘူး…

နောက်ပြီး အဲဒိ မြန်မာပြည်ဆိုတာကြီးထဲမှာ
ဖိုးဖိုးတို့ ငယ်ငယ်တုန်းက
သင်္ဃန်းလို့ခေါ်တဲ့ ၀တ်ရုံနီနီကြီးတွေကိုခြုံထားတဲ့
ဘုန်းကြီးတွေဆိုတာလဲ ရှိခဲ့ဖူးတယ် ငါ့မြေးရဲ့ "


လို့ပြောနေရတော့မှာပါ... ဒီလိုပြောနေရင်းနဲ့

" အဲဒိတုန်းက အခုလိုစိတ်ထဲကတွေးတာနဲ့ ရေးပေးတဲ့စက်တွေမပေါ်ခင်တုန်းက
လက်နဲ့ နှိပ်နေရသေးတဲ့ခေတ်မှာ ဖိုးဖိုးတို့ ဖတ်စေချင်လွန်းလို့ မကျွမ်းကျင်တဲ့ကြားက
စာရေးရင်း အလုပ်တောင် အပြုတ်ခံခဲ့တဲ့ ကောင်လေးတယောက်လဲ ရှိခဲ့ဘူးတယ်
သူ့နာမည်က ဘာလဲတော့မမှတ်မိတော့ပါဘူး "

ဒီလောက်လေးများ အရေးတယူပြောဖြစ်မယ်ဆိုရင်တော့

ကျွန်တော်တစ်ဖက်သတ် ထားခဲ့ရတဲ့
CBox ထဲကသံယောဇဉ် လေးတွေဟာ အလကားတော့မဟုတ်ခဲ့ဘူးပေါ့ဗျာ

( စေတနာ စစ်ရင် ဝေဒနာ မဖြစ်ပါရစေနဲ့ )

မျိုးချစ်

မှတ်ချက်၊ ဖေါ်ပြဖို့ မေ့ကျန်ခဲ့တဲ့မိတ်ဆွေတွေကိုလဲ တောင်းပန်ပါတယ်ဗျာ

Twitter Delicious Facebook Digg Stumbleupon Favorites More