ခုဒီနေ့ email တွေဝင်လာတော့ဖတ်ပြီး စိတ်ထဲမကောင်းဖြစ်သွားတယ်ဗျာ
Rambo ကားနဲ့ပါတ်သက်ပြီး ကိုအောင်သူငြိမ်း မအိမ့်ချမ်းမြေ့ နဲ့ ကိုမွှေးတို့ ရေးထားတာတွေ
ဒီကိစ္စနဲ့ပါတ်သက်ပြီး ကျွန်တော် ပြောချင်လာတယ်ဗျာ
ဒီတော့ ကျွန်တော် ဝင်မပါဘူးလို့ ကိုယ့်ကိုကိုယ် ပေးထားတဲ့ ကတိကိုဖျက်လိုက်မိတယ်
လွတ်လပ်စွာပြောဆိုပိုင်ခွင့်ကို မြန်မာပြည်ထဲကပြည်သူတွေကလွဲလို့
တကမ္ဘာလုံး ပိုင်ဆိုင်ပါတယ်ဗျာ
ဒီတော့ ကိုယ်ခံစားရသလို ပြောကြ ရေးကြတာ ကျွန်တော် နားလည်ပါတယ်
ရှင်းရှင်းပြောရရင် စာရေးတဲ့ သက်တမ်းမှာ ကျွန်တော်က ကလေး ပါဘဲ
ဒီတော့ အတွေ့အကြုံအရ အများကြီးနုပါသေးတယ်
ဒါကြောင့် ကျွန်တော် ဆရာကြီး ဝင်လုပ်တာမဟုတ်ဘူးဆိုတာ အရင်ဝန်ခံပါရစေ
ကျွန်တော် လူပြိန်းတစ်ယောက်အနေနဲ့ မြင်တာကိုပြောပါရစေဗျာ
မအိမ့်ချမ်းမြေ့ နဲ့ ကိုအောင်သူငြိမ်း ကိုတော့ ကျွန်တော် လူချင်းမဆက်သွယ်ဖူးပါဘူး
ကိုမွှေးကတော့ ကျွန်တော့် အကိုလို ခင်တဲ့ မိတ်ဆွေပါ
ဒီအကိုအမတွေ အပြင်မှာနေထိုင်တဲ့ ဘဝတွေ လုံးဝမတူပါဘူးဆိုတာတော့ သိပါတယ်
ဒါပေမယ့် ကျွန်တော် သေချာသိတာတခုတော့ရှိတယ်
အဲဒါကတော့ သူတို့ရော ကျွန်တော်ပါ မွန်းကျပ်နေတဲ့ နှလုံးသားတွေနဲ့ အသက်ရှင်နေရပါတယ်
၈၈ ထဲက ကျွန်တော်တို့ရင်ထဲမှာ ဒါဏ်ရာတွေရခဲ့ကြတယ်
မျက်ရေတွေနဲ့ လန့်နိုးခဲ့ရတဲ့ ညတွေကိုဖြတ်သန်းခဲ့ရတယ်
ခွပ်ဒေါင်း အလံကိုကြည့်ရင်း ကြက်သီး ထခဲ့ဖူးတယ်
September တုန်းက ညတိုင်း မိုးလင်းတဲ့အထိ ဒေါသတွေကို စားသုံးခဲ့ဖူးတယ်
ဒီဒုက္ခတွေထဲ အတူနေထိုင်ရှင်သန် ဖြတ်သန်းလာခဲ့ပြီး ခုကြမှဗျာ
ဘာမဟုတ်တဲ့ Hollywood က Creation တခုအတွက် သွေးကွဲကြတော့မှာလား
ဒီမှာ…
သေချာတာတစ်ခုက
Mr. Stallone ကလဲ အပြင်ဘဝမှာ Rambo မဟုတ်ပါဘူး
သူလဲရုပ်ရှင်အလုပ်ကို စီးပွားရေးအရ လုပ်စားနေရတာပါ
ဒါပေမယ့် ဒီကားကိုရိုက်တုန်းက မြန်မာပြည် တစ်ခုထဲကိုရွေးစရာရှိခဲ့တာ မဟုတ်ဘူး
Middle East မှာရိုက်စရာအကြောင်းတွေ အများကြီးရှိနေတယ်
Africa မှာလဲတူတူပါဘဲ
အဲဒီ နိုင်ငံတွေအကြောင်း ရိုက်ရင် လူတွေတောင်ပို ကြိုက်ကြဦးမှာပါ
နောက်ပြီးသူ ဒီဇာတ်လမ်းကို စရေးတုန်းက မြန်မာပြည်မှာအားလုံး ငြိမ်သက်နေပါသေးတယ်
September အရေးအခင်းကြောင့် ထလုပ်တာမဟုတ်ပါဘူးဗျာ
ဒီတော့ ဒါကိုစီးပွားရေး အမြတ်ထုတ်တယ်လို့ စွတ်စွဲလို့မရပါဘူး
နောက်ပြီးတော့ ရုပ်ရှင်သမားက ရုပ်ရှင်လိုဘဲရိုက်မှာပေါ့ဗျာ
ဒါကို အပြစ်ပြောလို့မရပါဘူး
ရက်ရက်စက်စက်သတ်တယ်ဖြတ်တယ်ဆိုတာက ဘယ်သူ့အကြည့်နဲ့လဲ
တကယ်တောထဲမှာ တိုက်ပွဲဝင်နေတဲ့ ကျောင်းသားတွေ
တိုင်းရင်းသားညီအစ်ကိုတွေ ရှိနေပါသေးတယ်ဗျာ
သူတို့ကိုမေးကြည့်ရင် စစ်တပ်က ဒီထက်ရက်စက်ပါတယ်ဆိုတာ သိမှာပါ
အဓိက ကျွန်တော်ပြောချင်တာကတော့
ကျွန်တော်တို့မောင်နှစ်မတွေ ရုပ်ရှင်တစ်ကားကြောင့် သွေးမကွဲစေချင်ဘူး
နောက်ပြီး ကျွန်တော် ကိုယ်တိုင် ရုပ်ရှင်လောကထဲကလာခဲ့တာပါ
ရုပ်ရှင်ကို ရုပ်ရှင်လို ဘဲကြည့်ကြပါဗျာ
Superman ကားပြတုန်းကကြတော့ ဘာလို့မဝေဖန်ခဲ့ကြသလဲ
လူက ပျံ လို့မှမရတာလို့ ယုတ္ထိဗေဒ ကျကျ ဘာလို့ မတွေးကြတာလဲ
ရှင်းပါတယ်ဗျာ ရုပ်ရှင်မို့လို့ပေါ့ ဒီလိုပါဘဲဗျာ
ကျွန်တော်တို့ အခု အပြစ်တွေ ဝိုင်းတင်နေတဲ့ Stallone ကြီး ခင်ဗျာမလဲ ခံစားတတ်ခဲ့ပါတယ်
သူခံစားခဲ့ရလို့လဲ ဒီ ဇာတ်ကားကနေတဆင့် မြန်မာ စစ်တပ်ရဲ့ ဆိုးသွမ်းမိုက်ရိုင်းမှုတွေကို
တစ်ကမ္ဘာလုံးက သတိထားမိသွားတာပါ အဲဒါလေးရော တွေးမိကြပါရဲ့လားဗျာ
ဒီတော့ ကျွန်တော်တို့ သူ့ကို အပြစ်တင်မယ်ဆိုရင်မှားတယ်ဗျ
တကယ်ဆို ကိုယ့်နိုင်ငံရဲ့ ဒုက္ခကို ဝေမျှ ခံစားပေးတဲ့အတွက် ကျေးဇူးတင်သင့်ပါတယ်
နောက်ပြီး စည်းလုံးညီညွတ်ကြရမယ့် အချိန်မှာ အချင်းချင်းတိုက်ခိုက်နေကြတာ
နအဖ ကို အားဆေးကျွေးနေသလိုဖြစ်ပါတယ်
ဒီတော့ ကိုအောင်သူငြိမ်း မအိမ့်ချမ်းမြေ့ နဲ့ ကိုမွှေး တို့ရေ
သူ့ဘာသူတတ်နှိုင်တဲ့နည်းနဲ့ မြန်မာပြည်သားတွေကို ကမ္ဘာကြီးက စာနာတတ်လာအောင်
သရုပ်ပြ တင်ဆက်ထားတဲ့
Mr. Stallone သို့မဟုတ် John Rambo ကြီးကို
မျိုးချစ် စိတ်အပြည့်နဲ့ ပန့်ပိုးရင်း ဝိုင်းဝန်း ကာကွယ်ကြရအောင်ဗျာ
မျိုးချစ်


2:20 PM
Posted in: 