Showing posts with label Myanmar Funeral News. Show all posts
Showing posts with label Myanmar Funeral News. Show all posts

Sunday, November 20, 2011

သာဓုခေါ်လိုက်ပါတော့ မရင်ငြိမ်းပွင့်









သတင်း နှင့် ဓါတ်ပုံ များအား ကိုကျော်သူ မှ မေတ္တာဖြင့် ပေးပို့သည်

စင်ကာပူနိုင်ငံ၊ Serangoon Central, Block 420 နေ မရင်ငြိမ်းပွင့်သည် ၁၇.၁၁.၂၀၁၁ နံနက်ပိုင်း တွင် သူမနေထိုင်ရာတိုက်ခန်းမှ ခုန်ချပြီး မိမိကိုယ်ကို အဆုံးစီရင်သွားခဲ့ကြောင်း သတင်းအား နာရေး ကူညီမှုအသင်း(ရန်ကုန်)မှ သိရှိလိုက်ရသောအချိန်တွင် နာရေးကူညီမှုအသင်း(ရန်ကုန်) အသင်းသူ/သား များသည် များစွာအံ့သြခဲ့ရသည်။ မရင်ငြိမ်းပွင့်သည် စင်ကာပူနိုင်ငံ နန်ယန်ပိုလီတက္ကနစ်မှ သူနာပြု ဒီပလိုမာဘွဲ့ရရှိခဲ့ပြီး Kandang Kerbau အမျိုးသမီးနှင့် ကလေးသူငယ်ဆေးရုံတွင် အလုပ်လုပ်ကိုင်ခဲ့ ကြောင်း သိရှိရသည်။
          (၃၁) ဘုံတွင်ရခဲလှသော လူ့ဘ၀တွင် အို၍သေခြင်း၊ နာ၍သေခြင်းစသည့် သေခြင်းတရားများ အတွက် နာရေးကူညီမှုအသင်း(ရန်ကုန်)မှ အတက်နိုင်ဆုံး ကူညီဖေးမ ပေးလျှက်ရှိရာ ယခုကဲ့သို့ လူ့ဘ၀ သက်တမ်း မကုန်ဆုံးခင် မိဘ၊ ဆွေမျိုး၊ မောင်နှမများအား လိမ္မာရေးခြားရှိစွာဖြင့် မိမိတတ်စွမ်းသော ပညာရပ်ဖြင့် အလုပ်အကျွေးပြုနေရှာသော နိုင်ငံ၏ သားကောင်း၊ သ္မီးကောင်းများ အချိန်မတန်ဘဲ လူ့ဘ၀မှ ထွက်ခွာသွားရခြင်းအတွက် ကျန်ရစ်သူမိသားစုနှင့် ထပ်တူထပ်မျှ ကြေကွဲဝမ်းနည်းမိပါသည်။
          မရင်ငြိမ်းပွင့်၏ ရုပ်အလောင်းအား စင်ကာပူနိုင်ငံမှ ရန်ကုန်မြို့သို့ ၁၈.၁၁.၂၀၁၁ ရက်နေ့ ညနေ ပိုင်းတွင် မိဘများမှ ပြန်လည်သယ်ဆောင်လာခဲ့သည်။ လေဆိပ်သို့ ရောက်ရှိလာသော မရင်ငြိမ်းပွင့်၏ ရုပ်အလောင်းအား နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ အကြောင်းကြားခဲ့၍ ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ အသင်းသားများ၊ ၀န်ထမ်းများမှ သယ်ဆောင်ပို့ဆောင်ပေးခဲ့ပါသည်။ ယနေ့ ၁၉.၁၁.၂၀၁၁ နေ့လည် (၁း၀၀) နာရီအချိန်တွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီး အအေးခန်းမှ ရေဝေးသုဿန်သို့ နာရေးကူညီမှုအသင်း (ရန်ကုန်)မှ ပို့ဆောင်မီးသင်္ဂြိုလ်ပေးခဲ့သည်။ မီးသင်္ဂြိုလ်ခြင်း အခမ်းအနားပြီးဆုံးချိန်တွင် ကျန်ရစ်သူမိသားစု နှင့် ဆွေမျိုးသားချင်းများမှ နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ လာရောက်၍ မရင်ငြိမ်းပွင့် အသက် (၂၂)နှစ်အတွက် ရည်စူး၍ အလှူငွေပေးအပ် လှူဒါန်းခဲ့ပါသည်။
ရောက်ရာဘုံဘ၀မှ မရင်ငြိမ်းပွင့်အား အမျှ … အမျှ … အမျှ ပေးဝေလိုက်ပါသည်။
          တို့သေရတဲ့တစ်နေ့ အနှစ်မပါ ဗလာပြန်သွားရမှာကိုသာကြောက်ပါ။ အနှစ်ပါပါ ပြန်ရရင်တော့ မြေအိုးနဲ့ ရွှေအိုးလဲရတော့မယ်လို့ ၀မ်းမြောက်လိုက်ပါတော့ . . . . ။ (၀ဋ်ကြွေးတော်ပြေဆရာတော်ကြီး)

ကျော်သူ

Sunday, August 14, 2011

စာရေးဆရာကြီး နန္ဒာသိန်းဇံ ကွယ်လွန်

နန္ဒာသိန်းဇံ (၁၉၄၇-၂၀၁၁)

နိုင်ငံကျော် စာရေးဆရာကြီး ဦးနန္ဒာသိန်းဇံ ဟာ ၂၀၁၁ သြဂုတ်လ ၁၄ ရက် မြန်မာစံတော်ချိန် ည ၇း ၂၀ က ကွယ်လွန်သွားခဲ့ပါတယ်

လွန်ခဲ့တဲ့ ၇ နှစ် တုန်းကလဲ နိုင်ငံကျော် အဆိုတော် ထူးအိမ်သင် ဟာ ဒီတစ်ရက်ထဲမှာဘဲ ကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ်။
ဆရာကြီး ရဲ့ ကျန်ရစ်သူ မိသားစု နဲ့ ဆရာကြီးရဲ့ ပရိသတ် များအားလုံးအတွက် မျိုးချစ်မြန်မာ နှင့် မိတ်ဆွေများ မှ ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲမိပါကြောင်း ..  

Tuesday, July 12, 2011

နောက်ဆုံးဂါရဝ





သတင်း နှင့် ဓါတ်ပုံ များအား ကိုကျော်သူ မှ မေတ္တာဖြင့် ပေးပို့သည်


နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်ဆရာတော်၊ ရန်ကုန်မြို့၊ မိုးကုတ်ဝိပဿနာတရားစဉ်နှင့် လုပ်ငန်းစဉ်ပြန့်ပွားရေးအဖွဲ့ချုပ်၊ နာယကချုပ်ဆရာတော်၊ ဇိနမာရ်အောင်စေတီတော်ဂေါပကအဖွဲ့ သြ၀ါဒါစရိယ၊ (၁၀၈)တောင်စေတီတော်ဂေါပကအဖွဲ့ သြ၀ါဒါစရိယ၊ အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ၊ မဟာ ကမ္မဋ္ဌာနာစရိယ သက်တော်ရှည် အောင်စကြာမိုးကုတ်ဝိပဿနာ ဓမ္မရိပ်သာကြီး၏ ဦးစီးပဓာန မဟာနာယက ဆရာတော်ကြီး ဘဒ္ဒန္တ၀ိမလဗုဒ္ဓိ သက်တော် (၈၅) နှစ်၊ ၀ါတော် (၆၅)၀ါသည် ၅.၇.၂၀၁၁ ရက်နေ့တွင် ဘ၀နတ်ထံပျံလွန်တော်မူသွားခဲ့ပြီး ယနေ့ ၁၁.၇.၂၀၁၁ ရက်နေ့ နေ့လည် ၁း၀၀ နာရီအချိန်တွင် နာရေးကူညီမှုအသင်း(ရန်ကုန်) အသင်းသားများသည် သာကေတမြို့နယ်၊ အောင်စကြာမိုးကုတ်ဝိပဿနာဓမ္မရိပ်သာကျောင်းမှ ရေဝေးသုဿန် ခန်းမဆောင်သို့ပင့်ဆောင်၍ နေ့လည် (၃း၀၀) နာရီအချိန်တွင် အန္တိမအဂ္ဂိ ဈာပနအခမ်းအနားအား ကျင်းပပြုလုပ်ခဲ့သည်။  

Wednesday, June 15, 2011

အကယ်ဒမီ ဒေါ်နွဲ့နွဲ့မူ ခရစ်တော်၌ အိပ်ပျော်ခြင်း

Please click on photo to ENLARGE!

သတင်း နှင့် ဓါတ်ပုံ များအား ကိုကျော်သူ မှ မေတ္တာဖြင့် ပေးပို့သည်

ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီဒေါ်နွဲ့နွဲ့မူသည် ၂၀၁၁ ခုနှစ်၊ မေလမှစ၍ ကျန်းမာရေးချို့ယွင်း လာပြီး ရန်ကုန်အထွေထွေရောဂါကု ဆေးရုံသစ်ကြီး (ဂျပန်ဆေးရုံကြီး)၌ တတ်ရောက်ဆေးကုသမှု ခံယူနေစဉ် ၂၀၁၁ ခုနှစ်၊ ဇွန်လ (၁၃) ရက်နေ့ နံနက် (၅း၅၀) နာရီတွင် ခေါ်တော်မူခြင်းခံခဲ့ရသည်။

ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီဒေါ်နွဲ့နွဲ့မူသည် ရုပ်ရှင်ဇာတ်ကားပေါင်း (၁၀၀) ကျော်နှင့် ဗီဒီယို ဇာတ်ကားပေါင်းများစွာတို့ကို ထူးချွန်ထက်မြက်သော အနုပညာစွမ်းအား၊ အနုပညာပါဝါတို့ဖြင့် ရိုက်ကူးသရုပ်ဆောင်ခဲ့သော အစားထိုး၍ မရနိုင်သော အနုပညာရှင်စစ်စစ် တစ်ဦးဖြစ်သည်။

မြန်မာ့ရုပ်ရှင်လောကမှ အနားယူသွားပြီဖြစ်သော နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူကိုယ်တိုင်သွားရောက်၍ ဈာပနပို့ဆောင်ခြင်းကို ပြုလုပ်ခဲ့ရာ စမ်းချောင်းမြို့နယ်ရှိ ချင်းနှစ်ခြင်းခရစ်ယာန်အသင်းတော်တွင် မဆုံတွေ့ရသည်မှာ ကြာပြီဖြစ်သော ရုပ်ရှင်ပညာရှင်ကြီးများ ဖြစ်သော ဒေါ်မြင့်မြင့်ခင်၊ ဒေါ်ချိုပြုံး၊ ဦးထွန်းထွန်းဝင်း၊ ဦးအောင်လွင်၊ ကိုမြညွှန့်၊ ကိုလူချောအဖွဲ့သား များ၊ ခရစ်ယာန်ဘာသာဝင် ဘုန်းတော်ကြီးများနှင့် ခရစ်ယာန်ဘာသာဝင် ပြည်သူလူထုတို့မှလည်း ၀မ်းသာအားရ ကျေးဇူးတင်စွာဖြင့် နှုတ်ခွန်းဆက်ခဲ့ကြသည်။

လူမျိုးဘာသာ ဆင်းရဲချမ်းသာမရွေးတို့၏ နာရေးကိစ္စများကို ဖေးမကုသိုလ်ဖြစ် သင်္ဂြိုလ်ပေး နေသော နာရေးကူညီမှုအသင်း(ရန်ကုန်) အသင်းသားများသည် ၁၅.၆.၂၀၁၁ နံနက် (၁၀း၀၀) နာရီ အချိန်တွင် ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီဒေါ်နွဲ့နွဲ့မူ (ခ) ဒေါ်မြသန်းနွဲ့ အသက် (၆၁) နှစ်၏ ရုပ် အလောင်းအား ဂျပန်ဆေးရုံကြီးမှ သယ်ဆောင်ကာ စမ်းချောင်းမြို့နယ်ရှိ ချင်းနှစ်ခြင်းခရစ်ယာန် အသင်းတော်သို့ ပို့ဆောင်၍ ခရစ်ယာန်ဘာသာ ထုံးထမ်းအစဉ်အလာအရ ဈာပန၀တ်ပြု ကိုးကွယ်ခြင်း အစီအစဉ်ကို (၁၁း၀၀) နာရီအချိန်တွင် ကျင်းပခဲ့ပြီးနောက် ရေဝေးခရစ်ယာန် ဂိုဏ်းပေါင်းစုံသုဿန်သို့ ပို့ဆောင် ဂူသွင်းသင်္ဂြိုလ်ပေးခဲ့သည်။

ကျော်သူ

Monday, June 13, 2011

ငါသည်အရင်သွားနှင့်ပြီ

Please click on photo to ENLARGE!

သတင်း နှင့် ဓါတ်ပုံ များအား ကိုကျော်သူ မှ မေတ္တာဖြင့် ပေးပို့သည်



ကျိုက္ကစံစေတီတော်၊ ရန်မျိုးအောင်စေတီတော် ဂေါပကအဖွဲ့များ၏ သြ၀ါဒစရိယ ရွှေကျင် နိကာယရတ္တညူမဟာနာယက၊ သာသနဓဇ သိရီပ၀ရ ဓမ္မာစရိယ အဂ္ဂမဟာပဏ္ဍိတ၊ အဘိဓဇ အဂ္ဂမဟာ သဒ္ဓမ္မဇောတိက မဟာသိပ္ပံပရိယတ္တိစာသင်တိုက် ဦးစီးပဓာန နာယကဆရာတော် ဘဒ္ဒန္တ သိရိဓမ္မ (နိုင်ငံတော်သြ၀ါဒစရိယ) သက်တော် (၈၈) နှစ်၊ ၀ါတော် (၆၈) ၀ါ သည် ၇.၆.၂၀၁၁ ရက်နေ့ နံနက် (၁၁း၄၅) နာရီအချိန်တွင် ဘ၀နတ်ထံပျံလွန်တော်မူသွားပါ၍ မဟာသိပ္ပံပရိယတ္တိစာသင်တိုက်၌ နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ ရွှေစတီး ကရ၀ိတ်ဖောင်တော်ဖြင့် အပူဇော်ခံထားရှိပြီး ၁၃.၆. ၂၀၁၁ (တနင်္လာနေ့) နေ့လည် (၂း၀၀) နာရီအချိန်တွင် မဟာသိပ္ပံပရိယတ္တိစာသင်တိုက်မှ ရေဝေးသုဿန်သို့ နာရေးကူညီမှု အသင်း(ရန်ကုန်)၏ ဆရာတော်ကြီး၏ ပုံတော်တင်ဆောင်ရန် ရှေ့ပြေးမော်တော်ယာဉ်၊ ဆရာတော်ကြီး၏ ကျန်ရစ်သောရုပ်ကလပ်တော်အား အထူးနိဗ္ဗာန်ယာဉ်ဖြင့် ပင့်ဆောင်ကာ စည်ကား သိုက်မြိုက်စွာဖြင့် အန္တိမဈာပနအခမ်းအနားအား ကျင်းပပြုလုပ်ပေးခဲ့သည်။
 
မင်းကွန်း တိပိဋကဓရ ဆရာတော်ဘုရားကြီး၏ သတိရ - တမ်းတ - သံဝေဂလင်္ကာ
ကံစေရာနောက်၊ ကောက်ကောက်ပါအောင်၊
ပုန်းရှောင်မရ၊ ငါလိုက်ရပြီ၊ ငါကအမှန် မလိုက်ချင်သေးပါ။
ငါ့မြေ ငါ့အိမ်၊ စည်းစိမ်ဥစ္စာ၊ ရတနာကို
ငါကခုံမင်၊ မစွန့်ချင်လည်း၊ ငါပင်စွန့်ရ၊ ပစ်ခဲ့ရပြီ၊
ငါကအမှန်၊ မစွန့်ချင်သေးပါ။
(အော်) မလိုက်မနေ၊ နေချင်မရ၊ မစွန့်ချင်လည်း စွန့်ပစ်ခဲ့ရ
ကံကစီမံ၊ ငါ့ကံအတိုင်း၊ အချိန်ပိုင်းလာ ခိုနားရာမှ
ပြန်လည်ကာလှမ်း၊ ဘ၀ကြမ်းပြင်၊ ခရီးနှင်ပြီ။
ငါသည်အရင်သွားနှင့်ပြီ . . . ။

ကျော်သူ

Tuesday, March 11, 2008

အဆိုတော် ဦးစိုင်းထီးဆိုင် ကွယ်လွန်သွားခြင်း

မြန်မာပြည် ဂီတလောကမှာ ၁၉၇၀ ခုနှစ်ဝန်းကျင်က စပြီးကျော်ကြားအောင်မြင်ခဲ့သူ အသက် ၅၈ နှစ် ရှိပြီဖြစ်တဲ့ တေးသံရှင် အဆိုကျော် ဦးစိုင်းထီးဆိုင်ဟာ ဒီနေ့ March, 10th, 2008 မနက် ၅ နာရီခန့်က ကျောက်မြောင်းက နေအိမ်မှာ အဆုတ်ကင်ဆာရောဂါ နဲ့ ကွယ်လွန်သွားခဲ့ပါတယ်

ဒီအတွက် မျိုးချစ်မြန်မာ မှလဲ ကျန်ရစ်သူမိသားစု နဲ့ထပ်တူဝမ်းနည်းကြေကွဲ ရပါတယ်လို့ ဦးစွာ ပြောကြားပါရစေ

ဗိုလ်ထီးလို့ အများကခေါ်ကြတဲ့ ဦးစိုင်းထီးဆိုင် နဲ့ အတူ ကျွန်တော် ၁၉၉၇ ညတစ်ညမှာ သီချင်းတွေ အတူအော်ဆိုခဲ့ဖူးပါတယ်
အဲဒိတုန်းက ကျွန်တော့် သီချင်းတွေသွင်းနေတုန်း အချိန် သူလဲ ဒီကိုလာလည်တဲ့အချိန်မှာပေါ့နော်

အဲဒါ ပထမဆုံးနဲ့ နောက်ဆုံး သူ့ကိုတွေ့ခဲ့ရခြင်းလဲဖြစ်ပါတယ်

ကြားရတာ စိတ်မကောင်းဖြစ်ရသလို တိုင်းရင်းသား ဂီတပညာရှင်တစ်ဦး ဖြစ်တဲ့ သူ့ကို ပိုနှမြောမိပါတယ်

ကျန်ရစ်သူ မိသားစု အတွက်လဲ အရမ်းစိတ်မကောင်းဖြစ်ရပါတယ်

ဦးထီးဆိုင် ကောင်းရာသုဂတိ လားပါစေ...

သတင်းမေး အားပေးချင်သူတွေ ဦးစိုင်းထိးဆိုင်ရဲ့ နေအိမ် ဖုံး 541949 ကိုခေါ်နှိုင်ပါတယ်
နေရပ်လိပ်စာ ကတော့ ၃၃ ဓမ္မဝိဟာရ လမ်း ကျောက်မြောင်း ရန်ကုန်ဖြစ်ပါတယ်

မျိုးချစ်

Twitter Delicious Facebook Digg Stumbleupon Favorites More